သို့သော် အီဗီတာ ကွယ်လွန်သွားသည်က အိုက်ခ်မန်း မိသားစုအတွက်တော့ အရေးမကြီးလှ။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီး ခုနစ်နှစ်တာမျှ ကာလ ရှည်လျားစွာ စောင့်ဆိုင်းခဲ့ရပြီးနောက်ဆုံးတွင်တော့ အဒေါ့ဖ် အိုက်ခ်မန်း၊ ၎င်း ၏ ဇနီးနှင့် သားသုံးယောက်တို့သည် ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပြီဖြစ်သည်။ "အဲဒီပြန်လည်ဆုံစည်းမှုဟာ စာဖွဲ့လို့တောင် မရနိုင်လောက်အောင်ပါပဲ" ဟု သူက နောက်ပိုင်းတွင် ပြန်ပြောင်းပြောပြခဲ့သည်။
နာဇီများကို လိုက်လံဖမ်းဆီးနေသူများအား ၎င်းသည် ဥရောပမှာပင် ဘေးကင်းရန်ကင်း ရှိနေဆဲဖြစ်သည်ဟု ဆက်လက်ယုံကြည်နေစေရန် အိုက်ခ်မန်းသည် ၎င်း မည်သူမည်ဝါ ဖြစ်သည်ကို ဖုံးကွယ်ထားဖို့ အထူးဂရုစိုက်ရဦးမည် ဖြစ်သည်။ သင်္ဘောဆိပ်မှာ ရပ်နေသည့် အချိန်မှာပင် ပတ်ဝန်းကျင်က လူများထဲတွင် သံသယဖြစ်ဖွယ် အပြုအမူများ ရှိ၊ မရှိ အသေးစိတ် စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း အချိန် ကြာလာသည် နှင့် အမျှ အဒေါ့ဖ် အိုက်ခ်မန်းသည် သူ၏ သတိဝီရိယများ ကို လျှော့ချလာမိသည်။ လက်ရှိတွင် ဝင်ငွေ နည်းပါးလွန်းနေသည်ကို စိတ် အနှောက်အယှက် ဖြစ်နေရသော်လည်း ၎င်း၏ အတိတ်ဆိုးများသည် ဝေးကွာလို့ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
အိုက်ခ်မန်းသည် ဗျူနိုအေးရိစ် မြို့တွင် အောင်မြင်ကြီးပွားနေပြီး အခမဲ့ဆေးကုသမှုဆိုင်ရာ အကြံဉာဏ်တွေ အမြဲပေးတတ်တဲ့ ဂျိုးဆက် မင်ဂလိ အပါအဝင် အာဂျင်တီးနားရောက် နာဇီအသိုင်းအဝိုင်းနှင့် မိတ်ဆွေဖွဲ့လာခဲ့သည်။ သို့သော် မင်ဂလိ၏ ကျန်းမာရေး နှင့် ပတ်သက်၍ အကြံပေးသည်များကို အိုက်ခ်မန်းက ထုံးစံအတိုင်း လျစ်လျူရှုမြဲ ဖြစ်သည်။
အိုက်ခမန်း သည် နာဇီလိုလားသော 'Der Weg' လစဉ်မဂ္ဂဇင်းကို ဖတ်ရှုသည်၊ ABC ဘီယာဥယျာဉ်တွင် ဘီယာသောက်သည်၊ အပတ်စဉ် အလုပ် ပိတ်ရက်များတွင် အမဲလိုက်ခြင်းနှင့် မိန်းမလိုက်စားခြင်းတို့ဖြင့် ပျော်ပါးနေတတ်သည်။ ဤနေရာသည် သူ၏မိခင်နိုင်ငံ တော့မဟုတ်၊ သို့သော် အာဂျင်တီးနားရှိ ဂျာမန်အသိုက်အဝန်းမှာ ကြီးမားပြီး နွေးထွေးလှသည်။ အိုက်ခမန်းမိသားစုသည် နောက်ဆုံးတွင် ပုံမှန်လူနေမှုဘဝတစ်ခုကို ပြန်လည်စတင်နိုင်ခဲ့ပြီဖြစ်သည်။
အာဂျင်တီးနားသည် သူ့အတွက် 'မျှော်လင့်ချက်များ ပြည့်ဝရာ နယ်မြေ' အစစ်အမှန်ပင် ဖြစ်လာခဲ့သည်။
သို့သော် အဒေါ့ဖ်အိုက်ခမန်း သည် မိမိကိုယ်ကိုမိမိ လှည့်စားနေခြင်းသာ ဖြစ်ပေသည်။
နှလုံးသားမဲ့ လှသည့် လူသတ်သမားသည် နှစ်ပေါင်းများစွာ ဂျူးလူမျိုးများကို သေမင်းတမန် စခန်း များသို့ ပို့ဆောင်နှင်ထုတ်ခဲ့စဉ်က၊ ၎င်းတို့ထဲမှ မည်မျှအထိ စစ်ပွဲအတွင်း အသက်ရှင်ကျန်ရစ်မည်ကို ဘယ်သောအခါမှ ထည့်သွင်းမစဉ်းစားခဲ့ဖူးချေ။ ယခုအခါ ထိုအမျိုးသားနှင့် အမျိုးသမီးများသည် ဘဝသစ်များကို ပြန်လည်တည်ဆောက်နေကြပြီဖြစ်ပြီး ၎င်းတို့အနက် အများစုမှာ နိုင်ငံသစ် ဖြစ်သောအစ္စရေး တွင် အခြေချနေထိုင်နေကြပြီဖြစ်သည်။
အစ္စရေးနိုင်ငံသစ်သည် ဥရောပရောက် ဂျူးလူမျိုးတို့အတွက် အမှန်တကယ် မျှော်လင့်ချက်များ ပြည့်နှက်နေရာ မြေ အဖြစ်ယခုအခါ ဖိတ်ခေါ်လျက်ရှိ နေသည်။ ထိုနိုင်ငံ၏ နိုင်ငံသားတို့သည် မျိုးဖြုတ် သတ်ဖြတ်ခံထားရသည့် ဟိုလိုကော့စ် မှ သင်ခန်းစာများကို ကောင်းစွာ ရရှိခဲ့ကြပြီးဖြစ်သည်။ နောက်ထပ် အတိုက်ခိုက်ခံရသည့်အခါ ဂျုး တို့သည် နောက်ထပ် ပါးတစ်ဖက်ကို အထိုးခံရန် အသာတကြည် လှည့်ပေးတော့မည်မဟုတ်ပေ။
ယင်းအစား အစ္စရေးတို့သည် 'လက်စားချေခြင်းဆိုင်ရာ နိယာမ' Law of Retaliation ကိုသာ ယုံကြည်ကြတော့သည်။ ၎င်းတို့၏ တိုရာ Torah ကျမ်းစာထဲတွင်လည်း - 'သနားညှာတာမှု မထားလေနှင့် - အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေထောက်အတွက် ခြေထောက်' ဟူ၍ ဖေါ်ပြထားပြီး ဖြစ်သည်။
ထို့အတွက် အဒေါ့ဖ် အိုင်ခမန်း သည် 'သွေးအေးအေးဖြင့် လက်စားချေခြင်း' ဆိုသည်ကို မကြာမီ သိရှိနားလည်သွားတော့မည် ဖြစ်သည်။
******************
အခန်း (၆)
SEPTEMBER 19, 1957
FRANKFURT, GERMANY
8:00 P.M.
ဖရစ်ဇ် ဘောင်ဝါ သည် လိုရင်းကို တည့်တည့်ပဲ ပြောလာသည် - "အိုင်းခမန်းကို ခြေရာခံမိပြီ။" အသက် ၅၄ နှစ်အရွယ် ဂျာမန်ရှေ့နေကြီးသည် ဂျာမနီနိုင်ငံဆိုင်ရာ အစ္စရေး၏ ထိပ်တန်းသံတမန် ဒေါက်တာ ဖိလစ် ရှင်နာ နှင့် လျှို့ဝှက်တွေ့ဆုံနေခြင်း ဖြစ်သည်။
မူလက ထိုလူနှစ်ဦးသည် ဖရန့်ဖတ်မြို့ ၏ အချက်အချာကျသော တနေရာတွင် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း၊ ဘောင်ဝါသည် နာဇီစစ်ရာဇဝတ်ကောင် အားလုံးကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်လိုသည့် သူ၏ ပြတ်သားသော ဆန္ဒကြောင့် လူသိများထင်ရှားသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့အား အမှတ်တမဲ့ မှတ်မိခံရမည်ကို စိုးရိမ်ခြင်းကြောင့်၎င်း၊ သူ ဖွင့်ဟ ပြောမည့် အကြောင်းအရာ၏ ပေါက်ကွဲအား ပြင်းထန်မှုကို သိရှိခြင်းကြောင့်၎င်း၊ ဘောင်ဝါက လုံးဝ လုံခြုံ စိတ်ချရစေရန်အတွက် မြို့ပြင်ရှိ ပျော်ပွဲစားရုံ တခုတွင် တွေ့ဆုံရန် အတင်းအကျပ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
"အဒေါ့ဖ် အိုင်းခ်မန်း ဟုတ်လား" ဟု ရှင်နာ က မယုံသင်္ကာဖြင့် မေးလိုက်သည်။ ၁၉၄၆ ခုနှစ်တွင် အမေရိကန် စစ်သုံ့ပန်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားပြီးကတည်းက အိုင်းခ်မန်းကို တွေ့ရသည်ဟူသော သတင်းများမှာ မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ အတည်မပြုနိုင်ခဲ့ပေ။
"ဟုတ်တယ်" ဟု ဘောင်ဝါ က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ ဘောင်ဝါ၏ ခေါင်းပေါ်တွင် ဖြူဖွေးသော ဆံပင်စလေးများ ဖွာထွက်နေပြီး သူ၏ ဝတ်စုံမှ တစ်နေ့ကုန် သောက်နေကျ ဆေးပြင်း လိပ်အသေးစား ၏ အနံ့က ခပ်သင်းသင်း ထွက်နေသည်။ "အဒေါ့ဖ် အိုင်းခ်မန်းလေ... သူ အာဂျင်တီးနားမှာ ရှိနေတာ။"
စစ်ကြီးပြီးဆုံးခဲ့သည်မှာ ဆယ်စုနှစ် တစုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နာဇီအမဲလိုက်သမား များသည် အိုင်ခမန်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်သော်လည်း နှစ်များကုန်လွန်လာသည်နှင့်အမျှ သူ့ကို ပြန်လည်တွေ့ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်တော့သယောင် ရှိနေသည်။
ထိုကာလအတွင်းမှာပင် အစ္စရေး ဟူသော နိုင်ငံသစ် ပေါ်ထွန်းလာခဲ့သည်။ စစ်အတွင်းက ကြီးမားသော ဆင်းရဲဒုက္ခများကို ကြုံတွေ့ခံစားခဲ့ရပြီးနောက် ဂျူးလူမျိုးများသည် သူတို့၏ ကိုယ်ပိုင် မိခင်နိုင်ငံကို တည်ထောင်ခဲ့ကြသည်။ ထိုနေရာသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က မောရှေ သည် ဂျူးလူမျိုးများကို အီဂျစ်ပြည်ရှိ ကျွန်ဘဝမှ ဦးဆောင်ခေါ်ထုတ်လာခဲ့သည့် နေရာပင်ဖြစ်သည်။ ဂျူးလူမျိုးများက ထို ဘေးကင်းရာ နယ်မြေကို သူတို့အတွက် ဘုရားသခင်က ကတိပြုထားသောမြေ "The Promised Land" ဟု ယုံကြည်ကြသည်။ မောရှေ ခေတ်ကတည်းက ဂျူးလူမျိုးများသည် အရှေ့အလယ်ပိုင်းရှိ အခြားသော အင်အားကြီးနိုင်ငံများ၏ မောင်းထုတ်ခြင်းကို ခံရပြီး ဤ "ခိုလှုံရာနယ်မြေ" မှ အကြိမ်ကြိမ် ထွက်ခွာခဲ့ကြရဖူးသည်။
သူတို့သည် တစ်ကြိမ်မက အကြိမ်ကြိမ် ပြန်လည်ရောက်ရှိလာကြသည်။ ပြန်လာတိုင်းလည်း ထိုရန်သူဟောင်းများသည်ပင် သူတို့ ကို ဝိုင်းရံထားဆဲဖြစ်ပြီး၊ အထူးသဖြင့် ဆိုဗီယက်ယူနီယံနှင့် ပူးပေါင်းကာ အစ္စရေးကို အမှုန့်ခြေပစ်ရန် ရည်ရွယ်ထားသည့် အာရပ်အင်အားစုများပင် ဖြစ်သည်။
သို့သော် နာဇီဂျာမနီ၏ ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခများကို ခံစားခဲ့ရပြီးနောက်တွင်မူ ဂျူးလူမျိုးတို့သည် လွတ်လပ်မှုအတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမဆို ထမ်းရွက်မည်ဖြစ်ပြီး၊ မည်သည့်စစ်ပွဲကိုမဆို ဆင်နွှဲတိုက်ခိုက်ကြမည် ဖြစ်သည်။ ဂျူးလူမျိုးတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကအင်ဂျင်မှာ အစ္စရေး၏ ထောက်လှမ်းရေးအေဂျင်စီဖြစ်သော မိုဆတ် ပင် ဖြစ်သည်။
အံ့သြစရာကောင်းသည်မှာ ယခုအချိန်အထိ သူတို့သည် အဒေါ့ဖ် အိုက်ခ်မန်း သို့မဟုတ် အခြားမည်သည့် နာဇီတရားခံကိုမဆို ဖမ်းဆီးရန် စိတ်ဝင်စားမှု သိတ်မရှိကြခြင်း ပင် ဖြစ်သည်။ အရှေ့ဥရောပမှ ရွှေ့ပြောင်းအခြေချသူ လူသစ်များ အစ္စရေးနိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာချိန်တွင် မိုဆတ်၏ အဓိကစိုးရိမ်ပူပန်မှုမှာ ထိုလူသစ်များသည် ဆိုဗီယက်ယူနီယံအတွက် သူလျှိုလုပ်ပေးမည့်သူများ မဟုတ်ကြောင်း သေချာစေရန် စုံစမ်းစစ်ဆေးဖို့သာ ဖြစ် နေသည်။ သို့သော် ယခုအခါတွင်မူ ဖရစ်ဇ် ဘောင်ဝါ က ထို သဘောထားကို ပြောင်းလဲပစ်ရန် မျှော်လင့်နေပြီဖြစ်သည်။