မြန်မာ၊ ထိုင်း နှင့် ပါကစ္စတန် တွင် စစ်ရေး အရ ခြေကုပ်ယူရန် တရုတ် မျက်စိကျလျှက် ရှိဟု အမေရိကန်ပြော

by Hla Soewai - Sep 03 2020

အိန္ဒိယ သမုဒ္ဒရာ၏ နေရာ အတော်များများ ကို လက်လှမ်းမှီ နိုင်မည့် ထောက်ပို့ ကွန်ယက်များ ဖန်တီးနိုင်ရန် တရုတ်မှ ကြိုးစားလျှက်ရှိသည်ဟု အမေရိကန် ကွန်ဂရက် သို့ နှစ်စဉ် တင်သွင်းနေကျ ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာ တွင် ဖေါ်ပြထားခဲ့သည်။

 

ထို့အတွက် တရုတ်သည် မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ အပါအဝင် အာဖရိက ရှိ ကင်ညာ၊ ဆေးရှဲလ်၊ တန်ဇန်နီယား၊ အင်ဂိုလာ၊ အရှေ့အလယ်ပိုင်းရှိ ယူအေအီးနှင့် အာရှ အလယ်ပိုင်း တာဂျစ်ကစ်စတန် များကိုပါ “ထည့်သွင်း စဉ်းစားနေဖွယ်” ရှိသည်ဟု ၂၀၂၀ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပတ်သက်လျှက် ရှိသော စစ်ရေး နှင့် လုံခြုံရေး ဖန်တီးလာမှုများ ခေါင်းစဉ်တပ်ထားသည့် စာမျက်နှာ ၂၀၀ ပါ အစီရင်ခံစာ က ဆိုသည်။

 

ထိုကဲ့သို့ လေ့လာ တွေ့ရှိချက် သည် အစီရင်ခံစာတွင် ပထမဆုံးအကြိမ် ပါရှိလာခြင်း ဖြစ်သည်ဟု ဝါရှင်တန် အခြေစိုက် တွေးခေါ်မျှော်မြှင်ရေး အဖွဲ့ American Enterprise Institute မှ ဇက်ခ် ကူးပါး က ပြောသည်။

 

တရုတ်သည် နမီဘီယား၊ ဗင်နောတူ နှင့် ဆော်လမွန် ကျွန်းနိုင်ငံများအား ကမ်းလှမ်းထားခဲ့ပြီး ဖြစ်သည်ဟု အစီရင်ခံစာ တွင် ပါရှိခဲ့သည်။

 

လက်ရှိ အစီရင်ခံစာ အရ “တရုတ်၏ တကမ္ဘာလုံး အတိုင်းအတာ ဖြင့် လုပ်ဆောင်ရန် ဆန္ဒ ရှိနေမှု” ကို ထင်ဟပ်စေသည်ဟုလည်း ကူးပါးက သုံးသပ်ခဲ့သည်။

 

တရုတ်သည် ၂၀၁၇ ခုနှစ်အတွင်း အာဖရိက ဦးချို ဒေသရှိ ဂျီဘူတီ နိုင်ငံတွင် အမြဲတမ်း စခန်း တခု ဖွင့်လှစ်ပြီးချိန်ကစ၍ အိန္ဒိယ သမုဒ္ဒရာတွင် အင်အား ဖြန့်ကျက်ထားရန် ရည်မှန်းချက် ထားလာနေသည်ဟု ဝါရှင်တန်က ယုံကြည်လျှက် ရှိနေသည်။

 

ဂျီဘူတီ စခန်းသည် လက်ရှိတွင် ပထမဆုံးသော တရုတ်၏ စစ်စခန်း ဖြစ်နေသည်။ တရုတ်သည် အဆိုပါ စခန်းအား လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးရန် နှင့် သင်္ဘောများကို အစောင့်အရှောက် ဖြစ် လိုက်ပါပေးရန် အတွက် အသုံးပြုရန် ဖြစ်သည်ဟု ရည်ညွှန်း ဖွင့်ဆိုထားသည်။

 

ပင်တဂွန် ကမူ ဒေသတွင်းရှိ တရုတ်၏ ရင်းနှီးမြုပ်နှံမှုများ၊ အခြေခံ အဆောက်အအုံများ အပါအဝင် အာဖရိက ရှိ တရုတ် နိုင်ငံသား ၁ သန်း၊ အရှေ့အလယ်ပိုင်းရှိ နိုင်ငံသား ငါးသိန်း ကို ထိခိုက်လာမည်ဆိုလျှင် အရေးပေါ် တုန့်ပြန်နိုင်ရန် အတွက် ဖြစ်သည်ဟု ပင်တဂွန် အစီရင်ခံစာထဲတွင် ပါရှိသည်။

 

ကမ္ဘောဒီယားသည် ယင်း၏ ရေတပ် စခန်း တခုကို တရုတ် လက်နက်ကိုင် တပ်များအား အသုံးပြုခွင့် ပေးရန် လျို့ဝှက် သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်ဟု အမေရိကန်က ယုံကြည်ထားသည်။ သို့သော် တရုတ် နှင့် ကမ္ဘောဒီယား နှစ်နိုင်ငံစလုံးက မူ လူသိရှင်ကြား ငြင်းဆိုထားခဲ့ပြီး ဖြစ်သည်။

 

“မိမိတို့၏ သမိုင်းအစဉ်အလာအရ ငြိမ်းချမ်းစွာ နေထိုင်လာမှု” ကို ရည်ညွှန်းပြီး ဗိုလ်ကျစိုးမိုးရေး နှင့် နယ်မြေ ချဲ့ထွင်ရေး ဝါဒကို မည်သည့်အခါမျှ ကျင့်သုံးလိမ့်မည် မဟုတ်ဟု ထပ်တလဲလဲ ပြောကြားနေခဲ့သည်။

 

အိန္ဒိယ သမုဒ္ဒရာ တကြော အဓိက နေရာများ တွင် ရှိနေသည့် တရုတ်၏ ရင်းနှီးမြုပ်နှံထားမှုများ ရှိနေသည့် အရပ်ဖက် ဆိပ်ကမ်းများကို တချိန်ချိန် တွင် တရုတ် ရေတပ်မှ ခြေကုပ်စခန်း အဖြစ် အသုံးပြုရန် ရည်ရွယ်သည့် “ပုလဲသွယ်” ဟု အမည် ပေးထားသော မဟာဗျူဟာ ဖြစ်သည်။ တရုတ်သည် အဆိုပါ မဟာဗျူဟာမျိုး ရှိနေသည်ဟု တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်းမျိုး မရှိသော်လည်း လေ့လာသုံးသပ်သူများကမူ ပြိုင်ဖက် ဖြစ်သော အိန္ဒိယ အား ပင်လယ်ရေကြောင်း မှ ဝိုင်းပတ်နိုင်ရေး တွင် အသုံးပြုလာဖွယ် ရှိသည်ဟု ရှုမြင်ထားကြသည်။

 

ပင်တဂွန် အစီရင်ခံစာကမူ ပြည်ပနိုင်ငံများတွင် စစ်ခြေကုပ်စခန်း များ ထားရှိရန် ပို၍ ဗြောင်ကျကျ ကြိုးပမ်းလာမှုများ ကို ထောက်ပြထားခဲ့သည်။ သို့မှသာ အမေရိကန် ၏ စစ်ဆင်ရေးများကို ဝင်ရောက် စွက်ဖက်နိုင်ရုံမျှမက မိမိတို့ကိုပင် ထိုးစစ်ကြီး ဆင်နွှဲလာနိုင်သည်ဟု ဆိုသည်။ ယခုပင်လျှင် တရုတ်တို့သည် ဂျီဘူတီ စစ်စခန်းမှနေ၍ အမေရိကန် ပိုင်းလော့များကို လေဆာ နှင့် ထိုးခြင်း၊ ဒရုန်းများ လွှတ်တင်ခြင်းများ ပြုလုပ်နေသည်ဟု လည်း ပါရှိသည်။ ၎င်းတို့ စစ်စခန်းပေါ်ရှိ ဂျီဘူတီ လေကြောင်းပိုင်နက်ကိုပါ ထိန်းချုပ်နိုင်ရန် ကြံစည်နေပြီ ဖြစ်သည်။

 

အဆိုပါ စစ်စခန်းများ ရရှိလာသည့် အခါ တရုတ် သည် ၎င်း၏ တပ်များကို ရှေ့တန်းစခန်း သဖွယ် ဖြန့်ကျက်ချထားနိုင်မည် ဖြစ်သည့်အပြင် အိမ်ရှင်နိုင်ငံအား သံတမန်ရေး တွင် အချက်ပြခြင်း၊ နိုင်ငံရေး အပြောင်းအလဲများ ကို ထိန်းချုပ်ခြင်း၊ နှစ်နိုင်ငံ ချင်းသာမက ၎င်းတို့ဖွဲ့စည်းထားသော အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် လေ့ကျင့်ပေးခြင်းတို့ ပါ ပြုလုပ်လာနိုင်မည် ဖြစ်သည်ဟု သတိပေးထားခဲ့ပြန်သည်။

 

တရုတ်သည် အရပ်ဖက် လုပ်ငန်းများရှိ ထောက်ပံ့ရေး လမ်းကြောင်းများကို အားပြုထားသည့် စစ်ရေး ရည်မှန်းချက် များကို အရပ်ဖက်-စစ်ဖက် ရောယှက်ထားသည် ရပ်ဝန်း နှင့် လမ်းစ စီမံကိန်းကဲ့သို့ မဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေသည့်အကြောင်းများကို ပင်တဂွန် အစီရင်ခံစာထဲတွင် အသေးစိတ် ဆွေးနွေးထားသည်ကို တွေ့ရှိရသည်။

 

လက်ရှိ တရုတ်တွင် နျူကလီးယား ထိပ်ဖူး ၂၀၀ ကျော်ခန့် ရှိနေသော်လည်း နောက်ဆယ်စု နှစ် အကုန်တွင် နှစ်ဆတိုး၍ သိုလှောင်ထားမည် ဖြစ်သည်ဟု ခန့်မှန်းထားပြန်သည်။

 

(ရည်ညွှန်း - Nikkei Asia Review / The Times of India)