သီဟ နာဒ စစ်ဆင်ရေး စပြီ

by Hla Soewai - Mar 02 2026

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေး ကို စနေနေ့ နံနက် တွင်စတင်လိုက်ပြီ ဖြစ်သည်။ အစ္စရေးက ယင်းသည် "အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်" အတွက် "ကြိုတင်ကာကွယ်သော တိုက်ခိုက်မှု" ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

 

ကြာသပတေး၊ သောကြာ အလုပ်ပိတ်ရက် အပြီး ပထမဆုံး အလုပ် ပြန်စသည့် စနေနေ့ အီရန် စံတော်ချိန် နံနက် ၁၁ နာရီ ခွဲခန့် (မြန်မာ စံတော်ချိန် နေ့လည် ၂ နာရီတွင် အီရန်မြို့တော် တီဟီရန်ရှိ စစ်ဌာနချုပ်နှင့် ဘာသာရေးခေါင်းဆောင်ကြီး၏ ရုံးခန်းများအပါအဝင် နေရာအတော်များများကို ဒုံးကျည်များ ကျရောက် ထိမှန်ခဲ့သည်။ သို့သော် အီရန်မီဒီယာများက အယာတိုလာ အလီခါမေနီမှာ လုံခြုံစိတ်ချရသော လျို့ဝှက် နေရာတစ်ခုတွင် ရှိနေကြောင်း ဖော်ပြခဲ့သည်။ အီရန်၏ တုံ့ပြန်မှုကို ကြိုတင်ပြင်ဆင်သောအားဖြင့် အစ္စရေးက "အထူးနှင့် အမြဲတမ်း အရေးပေါ်အခြေအနေ" ကြေညာထားပြီး အီရန်အရာရှိတစ်ဦးကလည်း "ပြင်းထန်သော" တုံ့ပြန်မှုများ ရှိလာမည်ဟု ပြောကြားခဲ့သည်။

 

သမ္မတ ဒေါ်နယ်ထရန့်က ၁၉၇၉ ခုနှစ် တီဟီရန်ရှိ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့မှုမှသည် ဟားမတ်စ်အဖွဲ့အား ထောက်ပံ့မှုနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးအပေါ် တိုက်ခိုက်မှုများအထိ အီရန်၏ မှားယွင်းသော လုပ်ရပ်များကို အစဉ်လိုက် ထောက်ပြကာ အီရန်အပေါ် "အဓိက စစ်ဆင်ရေးကြီးများ" ဆင်နွှဲရန် အကျယ်တဝင့် အကြောင်းပြလာခဲ့သည်။ 

 

၎င်းက အီရန်၏ အထူးတော်လှန်ရေးအစောင့်တပ်ဖွဲ့၊ အောက်‌ ခြေ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်ချပါက "အပြည့်အဝ လွတ်ငြိမ်းခွင့်" ပေးမည်ဖြစ်ကြောင်း၊ မဟုတ်ပါက "သေချာပေါက် အသက်ဆုံးရှုံးရလိမ့်မည်" ဟု ပြောကြားခဲ့သည်။ ထို့ပြင် အီရန်ပြည်သူများကိုလည်း "မိမိတို့ လုပ်ဆောင်စရာ ရှိသည်များ ပြီးသွားသည့်အခါ ခင်ဗျားတို့အလှည့်ပဲ၊ အနာဂတ် မျိုးဆက် တွေ အတွက်တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာနိုင်ပါတယ်" ဟု အီရန် ပြည်သူ များအား ပြောကြားခဲ့ပြီး အမေရိကန်များအနေဖြင့်လည်း "အသေအပျောက်များ ရှိနိုင်သည်" ဟု သတိပေးခဲ့သည်။

 

အီရန်နိုင်ငံသားအချို့က ထိုတိုက်တွန်းနှိုးဆော်မှုကို လှောင်ပြောင်ရယ်မောခဲ့ကြသည်။ ရှေ့နေတစ်ဦးဖြစ်ပြီး ကလေးနှစ်ယောက်မိခင်ဖြစ်သူ လာလေး က ဖုန်းဖြင့်ဖြေကြားရာတွင် “အခုလောလောဆယ် ကျွန်မတို့စိတ်ထဲမှာရှိတာက ဘေးကင်းရာကို ရောက်ဖို့ပါပဲ။ အခုအချိန်မှာ ဘယ်သူမှ ဆန္ဒပြဖို့ မစဉ်းစားအားကြဘူး” ဟု ပြောခဲ့ကြောင်း နယူးယောက် တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

 

အီရန်က တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသို့ ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့သော်လည်း အများစုမှာ အစ္စရေး၏ ခုခံရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားနိုင်ခဲ့ပုံရသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးပြည်သူများအနေဖြင့် လာမည့်ရက်များတွင် "သည်းခံနိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု" ရှိရန် သတိပေးခဲ့ပြီး အီရန်ပြည်သူများကိုလည်း ၎င်းတို့၏ အစိုးရကို ဖြုတ်ချရန် တိုက်တွန်းခဲ့သည်။ 

 

သီဟ နာဒ (ခြင်္သေ့ဟိန်းသံ) စစ်ဆင်ရေးသည် အီရန်ပြည်သူများအား "၎င်းတို့၏ ကံကြမ္မာကို ၎င်းတို့ကိုယ်တိုင် ဖန်တီးခွင့်" ပေးလိမ့်မည်ဟု လည်း ပြောကြားခဲ့သည်။

 

အမေရိကန် က "သမိုင်းတွင်မည့် ‌ဒေါသ ဂုဏ်မန်" စစ်ဆင်ရေး ဟု အမည်ပေးထားသည်။

 

 အစ္စရေးလုံခြုံရေးအရာရှိ သုံးဦး၏ ပြောကြားချက်အရ အီရန်အပေါ် ပူးတွဲတိုက်ခိုက်ခဲ့သည့် ပထမအသုတ် တိုက်ခိုက်မှုလှိုင်း၏ အဓိကရည်မှန်းချက်မှာ အီရန်ခေါင်းဆောင် အများအပြားကို တိုက်ခိုက်ချေမှုန်းရန်ဖြစ်သည်ဟု သိရသည်။ ပထမအသုတ် တိုက်ခိုက်မှုတွင်ပင် ၎င်းတို့ကို ထိမှန်အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ထိုသို့ ဖြစ်မလာက နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်းကို အကာအကွယ်ပေးရန်အတွက် ပိုမိုတင်းကျပ်သော ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်လာကြမည့် အလားအလာကို တွက်ချက်ထားကြသည်။

 

ကာတာအစိုးရက ၎င်းတို့၏ ပိုင်နက်နယ်မြေပေါ်သို့ ပျံသန်းလာသော အီရန်ဒုံးကျည်များကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ဘာရိန်းအစိုးရကမူ အမေရိကန်ရေတပ်၏ ပဉ္စမမြောက်ရေတပ် အုပ်စု ဌာနချုပ်အဖြစ် အသုံးပြုခဲ့သော အခြေစိုက်စခန်းတစ်ခုကို အီရန်ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်သည် ၎င်း၏ ရေယာဉ်များကို ထိုနေရာမှ ရွှေ့ပြောင်းထားခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ထို့ပြင် အာရပ်စော်ဘွားများပြည်ထောင်စု၏ မြို့တော် အဘူဒါဘီ၊ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့နှင့် ကူဝိတ်နိုင်ငံတို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

 

လက်ရှိတွင် အစ္စရေး နှင့် အီရန် လေကြောင်းပိုင်နက်များ အသီးသီး ပိတ်လိုက်ကြပြီ ဖြစ်၍ ပင်လယ်ကွေ့ အပေါ် ဖြတ်သန်းမည့် လေယာဉ်များ လမ်းကြောင်း လွဲ ပျံသန်းနေသည်ဟု သိရသည်။

 

အီရန်နိုင်ငံ၏ နောက်ဆုံး ရှာဘုရင် ၏ သားဖြစ်သူ ရီဇာ ပါလဗီကလည်း အီရန်ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြကြရန် သတင်းစကားပါးခဲ့သည်။ ၎င်းက ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဘာသာရေး နှင့် အုပ်ချုပ် နေသူများထံမှ ခွဲထွက်ရန် တိုက်တွန်းခဲ့သည်။ အမေရိကန်တွင် နေထိုင်သော ပါလဗီသည် လက်ရှိအစိုးရ၏ အစားထိုးခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်လွင်လာရန် ကြိုးပမ်း နေခဲ့သော်လည်း အီရန်အတိုက်အခံ လှုပ်ရှားမှုများက ၎င်းအပေါ် သတိထားနေဆဲဖြစ်သည်။

 

အကယ်၍ ဟစ်ဇ်ဘိုလာ အဖွဲ့သည် အစ္စရေးကိုတိုက်ခိုက်လာပါက ၂၀၂၄ ခုနှစ် စစ်ပွဲအတွင်းက ရှောင်ရှားခဲ့သော ဘေရွတ်လေဆိပ် အပါအဝင် လက်ဘနွန်၏ အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဖြစ်ကြောင်း အစ္စရေးထံမှ သွယ်ဝိုက်သောနည်းဖြင့် သတိပေးချက် ရရှိထားသည်ဟု လက်ဘနွန်အရာရှိများက ပြောကြားခဲ့သည်။

 

အီရန်အစိုးရ ခေါင်းဆောင်ပိုင်းသည် ကျယ်ပြန့်သော စစ်ရေးစွမ်းရည်များနှင့် ဒေသတွင်း၌ လက်ဝေခံ အင်အားစုကွန်ရက် များကို ထိန်းချုပ်ထားနိုင်သောကြောင့် အီရန်အပေါ် တိုက်ခိုက်မှုသည် အမေရိကန်ပြည်ထောင်စုအား ရေရှည်ကြန့်ကြာမည့် ပဋိပက္ခတစ်ခုအတွင်းသို့ ဆွဲသွင်းသွားနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားကြသည်။

 

အီရန်၏ အလတ်စားပစ် ပဲ့ထိန်းဒုံးကျည်များသည် မိုင်ပေါင်း ၁,၂၀၀ ကျော်အထိ ပျံသန်းရောက်ရှိနိုင်စွမ်းရှိ နေသဖြင့် အမေရိကန်စစ်အခြေစိုက်စခန်း အတော်များများသည် အီရန်ဒုံးကျည် များ၏ လက်လှမ်းမီသော အကွာအဝေးအတွင်း ရောက်ရှိနေသည်။

 

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအတွက် အကြောင်းပြချက် ခိုင်လုံမှုရှိမရှိ ဆိုသည်မှာ လာမည့် နာရီပိုင်းနှင့် ရက်ပိုင်းများအတွင်း အငြင်းပွားဖွယ် ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာ ပေလိမ့်မည်။