အီရန်-အမေရိကန် ပဋိပက္ခ မှ မြန်မာ အပေါ် ရိုက်ခတ်လာနိုင်မှု

by Hla Soewai - Mar 09 2026

အမေရိကန် နှင့် အစ္စရေး တို့၏ ပူးတွဲ စစ်ဆင်ရေး ဖြင့် တီဟီရန် အပေါ် ဗုံးမိုး ရွာခဲ့မှု အောက်တွင် အီရန် ဘာသာရေး ခေါင်းဆောင်ကြီး ခါမေနီ သည် မပြန်လမ်းသို့ မြန်သွားရှာခဲ့ရပြီဟု အီရန် အစိုးရ သတင်းဌာနများက အတည်ပြုခဲ့မှု နှင့် အတူ အရှေ့အလယ်ပိုင်း အခြေအနေများသည် ဘယ်သောင်ဘယ်ကမ်း ဆိုက်မည် ဆိုသည်ကို မသိနိုင်သော သင်္ဘောပျက်တစီးလို မျောခြင်ရာ မျောနေသည့် အခြေအနေ ဆိုက်ရောက်လာနေပြီ ဖြစ်သည်။

 

မြန်မာ နှင့် ပတ်သက်၍ သက်ရောက်လာနိုင်မှုများကို အဓိက ထား ဆွေးနွေးသွားပါ မည်။

 

အီရန်၏ အဓိက မဟာမိတ် များ ဖြစ်သော ရုရှား နှင့် တရုတ် တို့ ဘာမျှ မတတ်နိုင်၊ လက်ပိုက် ကြည့်နေရသည့် အဖြစ်ကို ကြည့်၍ ၎င်းတို့နှင့် ပေါင်းပြီး တစင်ထောင်ရန် ကြံစည်နေသော နိုင်ငံများ အဖို့ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ကို ပြန်လည် သုံးသပ်ရပေတော့မည်။

 

ထိုအထဲတွင် မြန်မာပြည်ရှိ စစ်အုပ်စုသည် ထိပ်ဆုံး က ပါလာနေပြီ ဖြစ်သည်။

 

ထရမ့်သည် အီရန် တွင် ဖြစ်ပျက်လာမှု များ အတွက် ဘာမှ အစီအစဉ် မရှိ၊ လက်ရှိ ခေါင်းဆောင်ပိုင်း ပြုတ်ကျ ပျောက်ကွယ် သွားသည်နှင့် ဒီမိုကရေစီ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အမေရိကန် ကို မဆန့်ကျင်ဘဲ အလိုကျ ဖြစ်စေမည့် အစိုးရမျိုး ဖြစ်စေချင်သည်၊ ထိုမှ တဆင့် ဟော်မုဒ် ရေလက်ကြား ကို စွမ်းအင်ဆိုင်ရာ ထိန်းချုပ်မှု မျိုးဖြင့် ကမ္ဘာတစ်ဝန်း အပိုင်ချုပ်ကိုင် ထားနိုင်ရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်၊ ထိုမှတဆင့် ကမ္ဘာ ရေနံ တင်ပို့မှု လမ်းကြောင်းကို ထိန်းချုပ် နိုင်မှု နှင့် အတူ တရုတ်ကို အကျပ် ကိုင် နိုင်ရန် ဖြစ်သည်။

 

ဟော်မုဇ် ရေလက်ကြား သည် ကမ္ဘာ့မြေပုံပေါ် တွင် သေးငယ်သည့် ရေလက်ကြားလေးတစ်ခု ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအတွက်တော့ "ကမ္ဘာ့သွေးပြန့်‌ ကျော ကြီး" ဟု တင်စားရလောက်အောင် အရေးပါ နေသည်။ ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့ရာ လမ်းကြောင်း ဖြစ်နေခြင်း၊ ပထဝီဝင် အနေအထားအရ ထိန်းချုပ်ရလွယ်ကူခြင်း (အကျဉ်းဆုံးနေရာဟာ ၂၁ မိုင် (၃၄ ကီလိုမီတာ) သာ ကျယ်ဝန်းပြီး သင်္ဘောများ သွားလာလို့ရသည့် လမ်းကြောင်းသည် ၂ မိုင် ပတ်ချာလည်သာ ရှိသည်။ တစ်ဖက် တွင် အီရန်နိုင်ငံ၊ တစ်ဖက် တွင် အိုမန်နိုင်ငံ တို့ ရှိနေပြီး အီရန်သည် ထိုလမ်းကြောင်းကို အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

 

နောက်ထပ် အကြောင်းများသည်က သဘာဝဓာတ်ငွေ့ (LNG) အတွက် အချက်အချာ ဖြစ်နေခြင်း နှင့် အာရှ နိုင်ငံများ အတွက် အသက်‌ သွေးကြောကြီးလည်း ဖြစ်နေသည်။ ထိုရေလမ်းကြောင်းကို ထိန်းချုပ် နိုင်မည် ဆိုက တရုတ်သည် မြေရှား သတ္တု ဖြင့် မာန်တက်နေ၍ မရတော့။

 

မင်းအောင်လှိုင်သည် ၎င်းအား ပြည်တွင်းပြည်ပ မှ ရှိန်လာစေရန် တရုတ်၊ ရုရှား တို့ကို အဖေ ခေါ်‌နေမှု သည် အမေရိကန်တို့ မျက်စိ စပါးမွှေး စ စူးလာသည် နှင့် အမျှ ၎င်းပျက်သုံးရာ ပျက်သုံးကြောင်း ဖိတ်ခေါ်သလို ဖြစ်နေမည် ဆိုသည်ကို သ‌ဘော မပေါက်၊ ၎င်း၏ လုပ်ရပ်သည် အင်ဒို-ပစိဖိတ် ပါဝါ ညီမျှခြင်းကို ကပြောင်း ကလဲ လုပ်ရန် စေခိုင်းခံနေရသည့် နယ်ရုပ်လေး သဖွယ် ဖြစ်လာနေသည်။

 

တရုတ်သည် နယ်စပ်ဒေသရှိ ၎င်း၏ လက်ပါးစေ ကိုးကန်၊ တအာင်း၊ ဝ တို့ကို အပိုင်ချုပ်ကိုင် ပေးထားပြီး၊ တဖက်တွင် မင်းအောင်လှိုင်က ၎င်း စိတ်ကြိုက် ရွေးကောက်ပွဲ လုပ်ကာ တရားဝင် အစိုးရ အသွင် ချပြနိုင်ပါက ပြည်တွင်းရှိ ပြည်သူ တော်လှန်ရေးသည် အလိုလို အားပျော့ကာ တဖြေးဖြေး မီးစာကုန် ရေခမ်း ဖြစ်ပြီး ချုပ်ငြိမ်းသွားမည် ဆို ကာ ဟန်ချက်ညီညီ ကြိုးပမ်းလာကြခြင်း ဖြစ်သည်။

 

တဖက်တွင်လည်း ကေအိုင်အေ၊ ကေအင်ယူ၊ အေအေ တို့ နှင့် စစ်အုပ်စုအား ယခင်ကလို တိုက်မြဲတိုင်း ဆက်တိုက်စေပြီး အားပျော့နေစေရန် ကြံရွယ်ထားသည်။

 

ယခုအခါ ၎င်းတို့ ဆင်ထားသလို ဖြစ်မလာဘဲ တော်လှန်ရေး အင်အားစုများသည် ပို၍ပင် ညီညွတ်လာကြပြီ ဖြစ်သည်။

 

အီရန်သည် ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ ဒီဇင်ဘာလအတွင်း လေယာဉ်ဆီ တန်ချိန် ၁၇၅,၀၀၀ တင်ပို့လာခဲ့သည်ဟု ရိုက်တာ သတင်းဌာန က အတိအကျ လက်ဆုပ်လက်ကိုင် ပြနိုင် ခဲ့သည်။ ယခုအခါ စစ်အုပ်စုအား လေယာဉ်ဆီများ တင်ပို့ပေးနိုင်တော့မည် မဟုတ်သည့်အပြင် အရှေ့အလယ်ပိုင်းကနေ ထွက်သည့် ရေနံနှင့် စက်သုံးဆီ သင်္ဘောများ သွားလာရ ခက်ခဲသွားမည် ဖြစ်သည်၊ ထို့အတွက် အာရှဒေသတွင်း ရေနံချက်စက်ရုံများ အဓိက ရှိရာ စင်ကာပူ၊ အိန္ဒိယ နိုင်ငံများ ထံ ရောက်ဖို့ နှောင့်နှေးသွားတော့မည် ဖြစ်သည်။ စစ်အုပ်စု မှ မှာယူထားသည့် လေယာဉ်ဆီ တင်သွင်းမှုမျာ အချိန်ကြန့်ကြာခြင်း သို့မဟုတ် လိုသလောက် မရတော့မည့် အပြင် ရနိုင်သ‌ လောက်ကိုလည်းဈေးအဆမတန် ပေးပြီး ဝယ်ယူ ရပေတော့မည်။

 

လက်ရှိတွင် ရေနံဈေးနှုန်း ရုတ်ခြည်း ခုန်တက်သွားမှု ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် များမြင့်တက်လာပြီး အခြေခံစားသောက်ကုန်နှင့် သွင်းကုန်ဈေးနှုန်းများ ယခုထက် ပို၍ လိုက်တက်လာမည့် ဒဏ်ကို ခံကြရတော့မည် ဖြစ်သည်။ ငွေကြေးဈေးကွက်တွင်လည်းဒေါ်လာဈေးနဲ့ ရွှေဈေး မတည်ငြိမ်မှုတွေ ပို၍ ဖြစ်လာနိုင်ခြေ ရှိနေသည်။

 

အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သော - ယူအေအီး၊ ကာတာ၊ ဂျော်ဒန် တို့တွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား ထောင်ပေါင်းများစွာ ရှိ နေ၍ ပဋိပက္ခသည် ဒေသတွင်း ကူးစက်ပြန့်ပွားလာရင် ထိုနိုင်ငံ များရှိ မြန်မာလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်လာနိုင်ပေသည်။

 

မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၄ မိနစ်နှင့် ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်သည် မင်းတုန်း မြို့နယ် ပြောင်းရွာအနီး ပြည်သူများ ကုန်တင်ကုန်ချ ပြုလုပ်နေသော လူစုလူဝေးရှိသည့် နေရာကို မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးက ၈ ကြိမ် ဗုံးကျဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

လူပေါင်း နှစ်ဒါဇင် ကျော်ထက် မနည်း သေဆုံးပြီး နှစ်ဆယ်ခန့် ဒဏ်ရာများ ရရှိသွား ကြောင်း နှင့် ကုန်တင်ကုန်ချ လုပ်‌ နေသည့် မော်တော်ယာဉ် ဆယ့် လေးစီး မီး‌ လောင် ပျက်စီးသွားသည်ဟုဟု တော်လှန်ရေး အဖွဲ့များ နှင့် လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများ အား ကိုးကားပြီး AP သတင်းတွင် ဖေါ်ပြထားသည်။

 

ရခိုင် ပြည်နယ် အတွင်း ကုန်စည်များ စီးဆင်းမှု ကို ပိတ်ဆို့ရန် ရည်ရွယ် တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

 

စစ်အုပ်စုသည် ရှေ့လျောက် အီရန်ဖက်မှ လေယာဉ် ဆီ လာဖို့ အကြောင်း မရှိတော့၍ ပြည်သူ များ ကို ဗုံးကြဲတိုက်ခိုက်ရမည့် အကြိမ် အရေတွက် ကို လျော့ချခြင်း သို့မဟုတ်ကလည်း ငြိမ်းချမ်းရေး စကားဟ လာခြင်းများ ဖြစ်လာနိုင်စရာ ရှိနေသည်။

 

အင်အား အလွန်အမင်း ချည့်နဲ့သွားပြီ ဖြစ်သော အီရန်သည် အိမ်နီးချင်းနိုင်ငံများကို အရင်လို ခြိမ်းခြောက်တာ၊ ဗိုလ်ကျတာမျိုးတွေ လုပ်နိုင်တော့မှာ မဟုတ် တော့။ ဒေသတွင်းအပေါ် သက်ရောက်မှုသည်လည်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတုန်းက အခြေအနေနှင့် နှိုင်းယှဉ်လို့ ရနိုင်သည့် အတိုင်းအတာအထိ ရှိလာနိုင်သည်ဟု နယူးယောက် တိုင်းမ် သတင်းစာက သုံးသပ်ထားသည်။

 

၎င်းတို့ အတွက် ရေတို တွင် အသာစီး ရနေသော်လည်း ရေရှည် ရပ်တည်ဖို့က မည်သို့မျှ အခြေ အနေ ပေးလာမည် မဟုတ်တော့ဆိုသည်က အထင်အရှား တွေ့လာနေရပြီ ဖြစ်သည်။ မည်သို့မျှ ခန့်မှန်းရ ခက်လှ‌ သော ထရမ့်၏ သက်တမ်း မြန်မြန်ကုန်ပါစေ ဟု သာ ဆုတောင်းနေကြပေတော့မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!