ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(74)

by Hla Soewai - Mar 09 2026

ဟယ်ရီကတော့ ဘုရားကျောင်းကို သူ့ စိတ်ထဲတွင် အကြိုက်ဆုံး ဖြစ် ကောင်း ဖြစ်နိုင်သော်လည်း ကျွန်တော့်အတွက်တော့ အကောင်းဆုံးဟု အမွှန်းတင် မဆုံး ဖြစ်လာရသည် က သုသာန်ပင် ဖြစ်သည်။ အဲဒီညက သုသာန်ကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာဖြစ်ပြီး၊ ရက်အနည်းငယ်အကြာ ဘာတန်းရှိ ဒုက္ခသည်စခန်းကို ကွင်းဆင်းလေ့လာပြီး၊ နောက်တခါ ထပ်သွားဖြစ်ခဲ့သည်။ ထို စခန်းမှ ဗီယက်နမ်လူမျိုး အပို သရုပ်ဆောင် တစ်ရာလောက်ကို ကျွန်တော် စုဆောင်းနိုင်ခဲ့သည်။

 

ထိုသို့ သွားခဲ့စဉ် တွင် မိခင်နိုင်ငံက ထွက်ပြေးလာကြသည့် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ကျွန်တော်တို့ နိုင်ငံသား ထောင်ပေါင်းများစွာကို တွေ့ခဲ့ရတာကြောင့် ကျွန်တော့် စိတ်ဓာတ် အကြီးအကျယ် ကျသွားခဲ့မိသည်။

 

တပ်မှုးကြီး ရေ... စစ်ပွဲကြောင့် တောင်ပိုင်းသား သန်းပေါင်းများစွာ ကိုယ့်နိုင်ငံအတွင်းမှာတင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြတာကို ကျွန်တော် အရင်ကလည်း တွေ့ဖူးပါတယ်။ ဒါပေမဲ့ အခုတွေ့ရတဲ့ "လူသားအမှိုက်ပုံကြီး" ကတော့ မျိုးစိတ် အသစ်များ ဖြစ်နေမလား လို့တောင် ထင်မိပါရဲ့။

 

ထိုအဖြစ်သည် ထူးခြားလွန်းလှသဖြင့် အနောက်တိုင်း မီဒီယာများက သူတို့ကို အမည်သစ်တစ်ခုတောင် ပေးလာကြသည်၊ "လှေစီး‌ ပြေး ဒုက္ခသည်များ" ဆိုပြီး၊ ဒီနာမည်ကို ကြားလိုက်တိုင်း အမေဇုန်မြစ်ထဲမှာ အသစ်တွေ့ရှိလာတဲ့ လူရိုင်းမျိုးနွယ်စု တစ်ခုခု ဒါမှမဟုတ် သမိုင်းမတင်မီခေတ်က လျှို့ဝှက်ဆန်းကြယ်စွာ မျိုးတုံးပျောက်ကွယ်သွားသည့် လူသားမျိုးနွယ်စုတစ်ခု အထောက် အထား ဖြစ် ကျန်ရစ်ခဲ့တဲ့ရေယာဉ်တွေ များလားလို့တောင် စိတ်ထဲ ထင်မြင် လာမိသည်။

 

တမျိုး ကြည့်မည် ဆိုလျှင် ဤလှေစီးဒုက္ခသည် များမှာ အိမ်မှ ထွက်ပြေးလာသူများဖြစ်စေ၊ သို့မဟုတ် မိမိတို့နိုင်ငံ၏ စွန့်ပစ်ခြင်းခံရသော မိဘမဲ့များဖြစ်စေ တစ်မျိုးမျိုးတော့ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ ရုပ်သွင်မှာ ကြည့်မကောင်းလှသလို အနံ့အသက်မှာလည်း ထိုထက်ပင် ဆိုးရွားလှသည်။ ဆံပင်များမှာ ဖွာလန်ကြဲလျက်၊ အရေပြားများမှာ အဖတ်များလန်ကာ ခြောက်ကပ်နေပြီး၊ နှုတ်ခမ်းများမှာ ကွဲအက်ကာ အကျိတ်အမျိုးမျိုးနှင့် ရောင်ရမ်းနေကြသည်။ သူတို့အားလုံးဆီမှ ထွက်နေသော အနံ့မှာမူ ငါးဖမ်းသင်္ဘောတစ်စီးကဲ့သို့ပင် အပုပ်နံ့ ထွက်နေသည်။

 

ကျွန်‌ တော် ပေးရန် သတ်မှတ် ပေးခဲ့သော တစ်နေ့လျှင် တဒေါ်လာဟူသည့် လုပ်ခကို ဆာလောင်လွန်းနေကြ၍ ငြင်းဆန်ရန် မေ့လျော့နေကြသည်။ သူတို့၏ အသည်းအသန်ဖြစ်မှုကို မည်သည့်အချက်က ပြနေသနည်းဆိုသော်—တယောက် တလေမှပင်—လုပ်ခပိုရရန် ဈေးမဆစ်ခဲ့ကြခြင်းပင် ဖြစ်သည်။ ကျွန်‌ တော် တို့ လူမျိုးထဲမှ တစ်စုံတစ်ယောက်က ဈေးမဆစ်ဘဲနေမည့် အခါမျိုးကို ကျွန် တော် တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ သို့သော် ဤလှေစီးဒုက္ခသည်များကမူ 'ရောင်းလိုအားနှင့် ဝယ်လိုအား' နိယာမသည် သူတို့ဘက်တွင် မရှိကြောင်းကို ကောင်းကောင်းကြီး နားလည်ထားကြသည်။ သို့သော် ကျွန်ုပ်၏ စိတ်ဓာတ်ကို အမှန်တကယ် ကျဆင်းသွားစေသည့် အချက်မှာမူ၊ အနုပညာမျိုးရိုး ပုံစံရှိသော ရှေ့နေတစ်ဦးဖြစ်သည့် ဇာတ်ပို့ တစ်ယောက်ကို "ကျွန်တော်တို့ နိုင်ငံက အခြေအနေတွေ ကောလာဟလတွေ အတိုင်း တကယ်ပဲ ဆိုးရွားနေတာလား" ဟု မေးလိုက်မိသည့် အချိန်ပင်ဖြစ်သည်။ 

 

သူမက ဤသို့ ပြန်ပြောခဲ့သည် -

"ဒီလိုပဲ သဘောထားလိုက်ပါတော့။ ကွန်မြူနစ်တွေ မနိုင်ခင်တုန်းကတော့ နိုင်ငံခြားသားတွေက ကျွန်မတို့ကို နှိပ်စက်တယ်၊ ခြောက်လှန့်တယ်၊ အရှက်ခွဲခဲ့ကြတာ။ အခုတော့ ကျွန်မတို့ လူမျိုးအချင်းချင်းကပဲ ကျွန်မတို့ကို နှိပ်စက်တယ်၊ ခြောက်လှန့်တယ်၊ အရှက်ခွဲနေကြတာပေါ့။ ဒါဟာ တိုးတက်လာတာလို့ပဲ ကျွန်မ ထင်ပါတယ်လေ။

 

သူမ၏ စကားများကို ကြားလိုက်ရသောအခါ ကျွန်တော် တုန်လှုပ်သွားမိသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျွန် တော်၏ အသိစိတ်မှာ အဆင်ပြေချောမွေ့စွာ ရှိနေခဲ့သည်။ အရက်မူးသမား ဗိုလ်မှုး၏ သေဆုံးမှုမှာလည်း ကျွန်ုပ်၏ မှတ်ဉာဏ် နောက်ကြည့်မှန်ထဲတွင် ဝေးကွာ ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့မိသည်။ ကျွန်ုပ်၏ အတိတ်လမ်းမ မည်းကြီးပေါ်တွင် ပေကျံသွားခဲ့သော အစွန်းအထင်းတစ်ခုမျှသာဟု ယူဆခဲ့သည်။ သို့သော် ယခုမူ ထိုအသိစိတ်မှာ ပြန်လည်၍ ကြို့ထိုးပြီး သတိပေးလာနေပြီ ဖြစ်သည်။

 

ကျွန်တော့် နိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲ၊ ပြီးတော့ ကျွန်တော်ကရော ဒီမှာ ဘာလုပ်နေတာလဲ။ မစ္စမိုရီ ကို နှုတ်ဆက်ခါနီး ပြောခဲ့သည့်စကားများကို ကျွန်တော့် ကိုယ် ကျွန်တော် ပြန်သတိပေးရသည်။ ကျွန်တော် ဒီအလုပ်ကို လက်ခံလိုက်ပြီလို့ ပြောတော့ သူမက နှုတ်ဆက်ညစာ ချက်ကျွေးခဲ့သည်။ ထိုစဉ်က ကျွန်တော့်သည် လာနာ အပေါ် စိတ်ကစားမိတာရှိသော်လည်း၊ တကယ်တမ်း ကျွန်တော်ချစ်တာ သူမကိုပဲ ဖြစ်နေမလားဆိုသည့် သံသယစိတ်ကလေးကို အရှုံးပေးချင်စိတ် ပေါက်သွားခဲ့မိသည်။ 

 

သို့သော် ကျွန်တော့်ဘက်က ထိုကဲ့သို့ အားနည်းချက်မျိုး ရှိလာနိုင်သည်ကို ကြိုတင်တွက်ဆထားသကဲ့သို့ပင် မစ္စမိုရီက ကျွန်တော်တို့နှစ်ဦးကြားက "လွတ်လပ်စွာချစ်ခြင်း" Free Love ဆိုသည့် ကတိကဝတ်ကို ကြိုတင်၍ သတိပေးလာသည်။

 

"ကျွန်မအပေါ်မှာ တာဝန်ရှိတယ်လို့ မခံစားပါနဲ့" ဟု လိမ္မော်သီးအချိုပွဲ စားရင်း သူမက ပြောသည်။ "ရှင် လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပါတယ်။"

 

"ဒါပေါ့" ဟု ကျွန်တော်က အနည်းငယ် ဝမ်းနည်းစွာဖြင့် ပြန်ဖြေလိုက်သည်။ လွတ်လပ်စွာချစ်ခြင်း နှင့် ဘူဇွာ လူတန်းစားတို့၏ ပိုင်ဆိုင်လို သော အချစ်မျိုး နှစ်ခုစလုံးကို တစ်ပြိုင်တည်း ရယူ၍ မဖြစ် နိုင်မှန်း ကျွန်တော်သိသည်။

 

 ကျွန်တော် ဘယ်လောက်ပဲ လိုချင်ပါစေဦးတော့။ သို့တည်းမဟုတ် ရနိုင်မည်လား၊ မည်သည့် လူ့အဖွဲ့အစည်းမှာမဆို လူရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး လုပ်တတ်ပြောတတ်သည့် လျှာနှစ်ခွနှင့် အရေခြုံများကတော့ အပြည့်ပင်။ သို့သော် မစ္စမိုရီက ထိုသို့သောလူမျိုး မဟုတ်။ သူမ၏ အိပ်ခန်းထဲက အမှောင်ထုထဲတွင် "လွတ်လပ်စွာချစ်ခြင်း" ‌ကို အကောင်အထည် ဖေါ်အပြီး တစ်ဦးကိုတစ်ဦး ဖက်တွယ်ထားကြစဉ် သူမက ပြောခဲ့သည် - "ရှင် ဒီရုပ်ရှင်မှာ တစ်ခုခု ထူးထူးခြားခြား လုပ်နိုင်စွမ်းရှိပါတယ်။ ဒီကားကို မူလထက် ပိုကောင်းအောင် ရှင် လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ရုပ်ရှင်တွေထဲမှာ အာရှသားတွေကို ဘယ်လိုမြင်ကြမလဲဆိုတာ ပုံဖော်တဲ့နေရာမှာ ရှင် ကူညီပေးနိုင်တယ်။ ဒါဟာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးနော်။"

 

"ကျေးဇူးတင်ပါတယ် မစ္စမိုရီ။"

 

"ဆိုဖီယာ လို့ ခေါ်စမ်းပါ၊ မောင်မင်းကြီးသားရဲ့။"

 

ကျွန်တော် တကယ်ရော တစ်ခုခုကို ထူးခြားအောင် လုပ်နိုင်ပါ့မလား။ ကျွန်တော့်၏ အမျိုးသားချင်း များနှင့် ဒုက္ခသည်များကို အမြတ်ထုတ်နေတဲ့ အလိုတူ အလိုပါ တယောက်ထက် မပိုတဲ့သူ ဖြစ်နေမှန်း သိသွားရင် မန်း နှင့် မစ္စစ်မိုရီတို့က ဘယ်လိုများ ထင်ကြမလဲ။ သူတို့ရဲ့ ဝမ်းနည်းကြေကွဲပြီး ဝေခွဲမရဖြစ်နေမည့် မျက်နှာတွေကို ပြေးမြင်လိုက်ရတာ ကိုက ကျွန်တော့်၏ ယုံကြည်ချက်တွေကို ပျက်ပြားစေခဲ့သည်။

 

ကျွန်တော့်၏ တောင့်တင်းခိုင်မာလှပါတယ်ဆိုသော တော်လှန်ရေးစိတ်ဓာတ်တွေကြားထဲမှာ နူးညံ့တဲ့ သံယောဇဉ်နှင့် သနားကြင်နာစိတ်တွေ အခိုင်အမာ ရစ်ပတ်တွယ်ကပ်နေသေးတယ်ဆိုတာကို သတိပေးနေသလိုပင်။

 

ကျွန်တော့်မှာ အိမ်ကိုလွမ်းတဲ့ စိတ်တွေတောင် ဝင်လာခဲ့ရသည်။ ဒါကြောင့်လည်း အခြေစိုက်စခန်းကို ပြန်ရောက်သည့် အခါ ဟယ်ရီ ဖန်တီးထားသော ရွာကလေးဆီမှာ စိတ်သက်သာရာရလို ရငြား ကျွန်တော် သွားမိခဲ့သည်။ ဖုန်ထူသည့် လမ်းကြားလေးများ၊ သက်ကယ်မိုးထားသည့် အမိုးများ၊ မြေသားကြမ်းပြင် နှင့် ဝါးပရိဘောဂ ရိုးရိုးလေးတွေသာ ရှိသည့် တဲအိမ်လေးတွေ၊ ညအမှောင်ထဲမှာ ဝက်တွေ တရှုတ်ရှုတ် အသံပေးနေတဲ့ ဝက်ခြံတွေ၊ အပြစ်ကင်းသည့် ကြက်ကလေးများ၏ တွန်သံ၊ စိုထိုင်းထိုင်း လေထု၊ ခြင်ကိုက်တာတွေ၊ နောက်ပြီး မသိလိုက်ဘဲ ကျွဲချေးပုံထဲကို ကျွံဝင်သွားတဲ့ ကျွန်တော့်ခြေထောက်... ဒါတွေအားလုံးက ကျွန်တော့်ကို ဝမ်းနည်းမှုနဲ့ လွမ်းမောမှုတွေကြားမှာ မူးဝေချာလည်သွားစေခဲ့သည်။

 

ဒီရွာကလေးတွင် လိုအပ်နေသည်က တစ်ခုတည်းရှိသည်။ ဤသည်က လူတွေပင် ဖြစ်သည်။ ထိုလူတွေများ ထဲတွင် ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ ကျွန်တော့် အမေပင် ဖြစ်သည်။