အနှစ်သာရမဲ့ ရွေးကောက်ပွဲနှင့် စစ်အုပ်စု၏ အက်ကြောင်းများ

by Hla Soewai - Mar 15 2026

လာမည့် တနင်္လာနေ့တွင် စတင်မည့် စစ်အုပ်စု အလိုကျ အသုံးတော်ခံရမည့် လွှတ်တော်သည် ပင်လယ်ကွေ့ စစ်ပွဲကြီး ၏ စစ်ရိပ်စစ်ငွေ့များ၊ လောင်စာဆီ ၉၀ ရာနှုန်းကို ပြည်ပမှ တင်သွင်းနေရ၍ ပြတ်လပ်လာတော့ အခက်အခဲများ ကြားမှ စတင်ကြရတော့မည် ဖြစ်သည်။

 

လောလောဆယ် ၎င်းတို့အတွက် အရေးကြီးနေသည်က အာဏာကို မည်သို့ မည်ပုံ ခွဲဝေ သွားကြမည် ဆိုခြင်းနှင့် အခွံချည်းသာ ကျန်တော့သည့် တိုင်းပြည်ကိုပင် သမ္မတ တက်လုပ်ချင်နေသည့် မင်းအောင်လှိုင်အား မည်မျှအထိ လိုက်လျောပေးရမည် ဆိုသည် တို့ပင် ဖြစ်သည်။

 

ဤသည်နှင့် ပတ်သက်၍ ယခင် Frontier Myanmar အယ်ဒီတာချုပ် ဖြစ်ခဲ့သူ Ben Dunant က the ISEAS – Yusof Ishak Institute ၏ Fulcrum စာစောင်တွင် ယခုလို ရေးသားလာခဲ့သည်။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အဆင့်ဆင့်ကျင်းပခဲ့တဲ့ "ရွေးကောက်ပွဲ" သည် စစ်အာဏာရှင်စနစ် ခိုင်မာဖို့ ကြိုးပမ်းမှုဖြစ် သော်လည်း ၊ လက်တွေ့တွင် တော့ စစ်တပ်၏ အားနည်းချက်များနှင့် အက်ကြောင်း များကိုသာ ပိုမိုထင်ရှားလာခဲ့သည်။

 

မဲပေးမှု အခြေအနေကို အသေအချာ လေ့လာကြည့်မည်ဆိုက စစ်ဗိုလ်ချုပ်များသည် ပြည်သူ့ဆန္ဒကို ဂရုမစိုက်ဘဲ အတင်းအဓမ္မ တိုင်းပြည်ကို ဓားစာခံအဖြစ် ရေရှည်ဆက်၍ ထိန်းချုပ်ထားနိုင်ပါမည်လော ဆိုသည်မှာ သံသယဖြစ်ဖွယ် ရှိနေသည် ဟု လေ့လာသူများက သုံးသပ်နေကြသည်။

 

နောက်တပတ် အတွင်း ထွက်ပေါ်လာမည့် လွှတ်တော်တွင် USDP မှ စစ်ဗိုလ်ချူပ်ဟောင်းများ နေရာယူလာမည် ဖြစ်၍ စစ်တပ်တစ်ခုလုံး၏ အကျိုးစီးပွားနှင့် မင်းအောင်လှိုင်၏ ရည်မှန်းချက် ကို မည်မျှထိ ထပ်တူကျအောင် လုပ်ပေးနိုင်မည်လား ဆိုသည်က ပိတ်ကားပေါ်တွင် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် USDP ပါတီကို တရားဝင် ဦးဆောင်နေသူ မဟုတ်သည့် အပြင် USDP သည် လွှတ်တော်တွင် ရွေးကောက်ခံ မဟုတ်သည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအကူအညီ မပါဘဲနှင့်ပင် သမ္မတကို စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် ရှိနေပြီ ဖြစ်သည်။

 

ထို့အတွက် သမ္မတရာထူးနှင့် အခြားအရေးကြီးသည့် ရာထူးခန့်အပ်မှုများ အတွက် USDP ခေါင်းဆောင်များနှင့် စစ်အုပ်စု ခေါင်း‌ ဆောင်တို့အကြား သိမ်သိမ်မွေ့မွေ့ ညှိနှိုင်းရမည့် အခြေအနေတွင် ရှိနေသည်။ မင်းအောင်လှိုင်သည် သမ္မတရာထူးကို လိုချင်တပ်မက် နေသော်လည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) ရာထူးများကို သမ္မတ မဟုတ် သူများကသာ ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။

 

လေ့လာဆန်းစစ်သူ များကတော့ ၎င်းတို့ အကြား နောင်ဖြစ်ပေါ်လာမည့် တင်းမာမှု အစအနလေး၊ အရိပ်အယောင် များကိုပါ မကျန် အသေးစိတ် စောင့်ကြည့်လေ့လာ နေကြမည်သာ ဖြစ်သည်။ ယင်းသည် ဒီမိုကရေစီ လမ်းကြောင်းဆီကို ဦးတည်မည့် အရိပ်အယောင် များ ထွက် ပေါ် လာလို့လာငြား‌ တော့မဟုတ်၊ အုပ်ချုပ်သူ လူတန်းစား အသိုင်းအဝိုင်းအတွင်း မတည်ငြိမ်မှုများကို သိရှိနိုင်ရန် အတွက် ဖြစ်သည်။

 

သို့သော်လည်း နေပြည်တော် အာဏာစက်ဝိုင်းပြင်ပတွင် နောက်ထပ် အားနည်းချက်တစ်ခု ရှိနေသေးသည်။ ဒီဇင်ဘာ-ဇန်နဝါရီ ရွေးကောက်ပွဲအတွင်း USDP ပါတီက အမျိုးသားလွှတ်တော်၏ ရွေးကောက်ခံ အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရရှိခဲ့သည်ကိုသာ သိကြပြီး ၎င်းတို့ အမှန်တကယ် ရရှိခဲ့သည့် မဲရာခိုင်နှုန်းကို လူအများ သတိမမူမိဘဲ ဖြစ်ခဲ့ရသည်။ တရားဝင် ထုတ်ပြန်ချက်များအရပင် 'အနိုင်ရသူ အကုန်ယူ' ဆိုသည့် ရွေးကောက်ပွဲစနစ်ဖြင့် လက်တွေ့ မဲပေးခဲ့ကြသူများ၏ ၄၄ ရာခိုင်နှုန်းခန့်သာ USDP ကို မဲပေးခဲ့ခြင်း ဖြစ်သည်။

 

ဆိုလိုသည်က မဲဆန္ဒနယ်တစ်ခုတွင် လူ ၁၀၀ မဲပေးရင် ၄၄ မဲ ရသူသည် အနိုင်ရပြီး အမတ်ဖြစ်သွားသည်။ ကျန်သည့် ၅၆ မဲသည် တခြားသူများကို ပေးခဲ့ခြင်း ဖြစ် သော်လည်း အလဟသ ဖြစ်သွားခဲ့သည်။ ဤသည်ကို ကြည့်မည်ဆိုက USDP သည် အမတ်နေရာ အများကြီး နိုင်သွားသည် ဆိုသော်လည်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကြည့်မည်ဆိုက လက်‌ တွေ့ မဲပေးသူအားလုံး၏ ၄၄ ရာခိုင်နှုန်း သာ ၎င်းတို့ကို ထောက်ခံခဲ့ခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။

 

တိုင်းရင်းသားပါတီများ၏ ဝင်ရောက် ယှဉ် ပြိုင်မှု အားနည်းသည့် ဗမာလူမျိုး အများစုနေထိုင်ရာ ဒေသများတွင်ပင် (နေပြည်တော်ရှိ အချို့နေရာများ အပါအဝင်) USDP ပါတီသည် မဲဆန္ဒနယ်အတော်များများ၌ မဲထက်ဝက်ကျော် ပင် မရရှိခဲ့ပေ။ ဆိုလိုသည်မှာ USDP ကို ထောက်ခံသူထက် ကန့်ကွက်မဲပေးသူက ပို၍ များပြားနေခြင်းဖြစ်သည်။ ၎င်းတို့၏ ထောက်ခံသူများကသာ မဲရုံသို့ သွားရောက်ခဲ့ခြင်း၊ မိမိတို့၏ မဲပေးမှုကို စောင့်ကြည့်ခံရမည်လား ဟူသော ကြောက်ရွံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့် ကြားမှပင်၊ တရားဝင် ထုတ်ပြန်သည့် မဲပေးသူ ၅၄ ရာခိုင်နှုန်းခန့်သည်ပင် ပါတီအတွက် အသာစီးရစေရန် လုံလောက်သော အခြေအနေ မရှိခဲ့ပေ။

 

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူ လူထု တိုက်ရိုက်‌ ပေးသော ဆန္ဒမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုအခြေအနေမှာ သိသိသာသာ ကွာခြားနေသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်ပင် USDP သည် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ဖူးသော်လည်း၊ ထိုစဉ်က NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဖြစ်သည်။

 

အခြားသော ပါတီသစ် များသည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် USDP ကို ဆန့်ကျင် ယှဉ်ပြိုင်မည့်သူများ ဟုတ်မဟုတ် ဆိုသည်ကို မဲပေးသူ အတော်များများက မဝေခွဲနိုင်ဘဲ အုတ်ရောရော ကျောက်ရောရော ဖြစ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ပြည်သူ့ပါတီ နှင့် မွန်ညီညွတ်ရေးပါတီ ကဲ့သို့သော ပါတီများမှ ခေါင်းဆောင်များသည် လည်း လူထု၏ စိတ်ဝင်စားမှုကို ရရှိရန် မနည်း ရုန်းကန်ခဲ့ရကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံခဲ့ကြသည်။ အစဉ်အလာရှိပြီးသားဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှာမူ ရွေးကောက်ပွဲ မဝင်မီကပင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

 

ထိုအချက်များကပင် USDP ပါတီအတွက် အပြတ်အသတ် အနိုင်ရရှိရန် လမ်းပွင့်သွားခဲ့သည်။ စစ်တပ်ဖက်ကလည်း ၎င်းတို့ အကျိုးရှိစေရန် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲ ပေးခဲ့ပြန်သည်။ ထိုကဲ့သို့ အနေအထားမှာပင် ပါတီအနေဖြင့် မဲအရေအတွက်ထက်ဝက်ကျော် ကို မရရှိခဲ့ခြင်းက ၊ ပြည်သူလူထု၏ ထောက်ခံမှုကို မရှိခဲ့ ဆိုသည်ကို ဖော်ပြနေသည်။

 

မဲဆန္ဒရှင်ဦးရေ သိသိသာသာ လျော့ကျသွားခြင်းက စစ်အုပ်စု ရွေးကောက်ပွဲ၏ ကျရှုံးမှုကို ပိုမိုဆိုးရွားစေသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ နေရာဒေသအတော်များများတွင် မဲပေးနိုင်ခြင်းမရှိသဖြင့်၊ ၂၀၂၀ ခုနှစ်က မဲဆန္ဒရှင် ၃၈.၂၇ သန်းရှိခဲ့ရာမှ ယခုအခါ ၂၄.၂၆ သန်းသာ မှတ်ပုံတင်နိုင်ခဲ့တော့သည်။ ၎င်းတို့ပိုင် မီဒီယာများ၏ ထုတ်ပြန်ချက်အရ မဲလာပေးသူ ၁၃.၁၄ သန်းသာရှိပြီး၊ ဆိုလိုသည်မှာ USDP ပါတီကို မဲပေးသူမှာ ၅.၈ သန်းခန့်သာ ရှိသည်။ ၂၀၂၄ ခုနှစ် စစ်အုပ်စု၏ ကိုယ်ပိုင်သန်းခေါင်စာရင်းအရဆိုလျှင် ၎င်းအရေအတွက်သည် မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းခန့်သာရှိသဖြင့် မည်သည့်စံနှုန်းနှင့် ကြည့်ကြည့် လွန်စွာ မှပင် နည်းပါးသော ပြည်သူ့ထောက်ခံမှုပင် ဖြစ်သည်။

 

ထိုသို့ မွန်းကျပ်အောင် ပိတ်လှောင်ထားသည့် အာဏာရှင်စနစ်မျိုးတွင် ပြည်သူ့ထောက်ခံမှုသည် မည်မျှအရေးပါသလည်း ဆိုသည်မှာ ဆွေးနွေးစရာ ဖြစ်သည်။ ရာထူးမှ ရရှိလာသည့် အကျိုးအမြတ်များကို လက်ရှိနှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့နှင့် နီးစပ်သူများ ကြားတွင်သာ ခွဲဝေယူကြမည်ဖြစ်ပြီး၊ ၎င်းတို့သည် ပြည်သူလူထုထံ တာဝန်ခံရမည့်အစား အထက်လူကြီးများထံတွင်သာ တာဝန်ခံကြရမည့် သူများ ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အာဏာရှင်စနစ်များသည် အတင်းအဓမ္မ ဖိနှိပ်ခြင်းတစ်ခုတည်းဖြင့်သာ ရေရှည်တည်တံ့နေခြင်း မဟုတ်ဘဲ၊ ရပ်ရွာအဆင့်အထိ သြဇာလွှမ်းမိုးခြင်းနှင့် အကျိုးစီးပွားပေးကမ်းခြင်း တို့ဖြင့်ပါ တွဲ၍ တည်တံ့နေခြင်း ဖြစ်သည်။

 

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကြီးထွားလာသည့် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဗိုလ်သန်းရွှေသည် ခရိုနီ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်း တစ်ခုကို မွေးထုတ်ပေးနိုင်ခဲ့သော်လည်း၊ ယနေ့ခေတ် မြန်မာ့စီးပွားရေးမှာမူ တိုးတက်မှုရပ်တန့်နေပြီး သဘာဝသယံဇာတများလည်း ခန်းခြောက်နေပြီဖြစ်သည်။ ထို့အပြင် ဗိုလ်သန်းရွှေ၏ စစ်အစိုးရသည် လက်နက်ကိုင်တော်လှန်ရေးကို မင်းအောင်လှိုင် ထက် ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ မည်သည့် အပစ်အခတ်ရပ်စဲရေး အသစ် မှန်သမျှသည် ယခင်က အတိုင်းပင် နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် စစ်ပွဲများအတွက် မျိုးစေ့များ စိုက်ပျိုးပေးခြင်းသာ ဖြစ်‌ ပေလိမ့်မည်။

 

တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် စစ်အုပ်စု ပြိုလဲမသွားစေရန် အာမခံချက်ပေးနေသော်လည်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ ယိုယွင်းလာမှုက စစ်တပ်၏ အခြေခံဝါဒ ဖြစ်သည့် ကိုယ့်နိုင်ငံကို ကိုယ် ကာကွယ်ရမည် ဆိုသည် ကို ထိခိုက်လာစေသည်။ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ တရားဝင်မှု ရရှိ‌ ရေး အတွက် ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်ခဲ့သည့် သမိုင်းကြောင်းကိုသာ ယနေ့တိုင် ပြန်လည်အသုံးပြုနေကြဆဲဖြစ်ပြီး၊ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများကြားတွင် တရုတ်လူမျိုးနှင့် တရုတ်သြဇာကို မုန်းတီးသည့်စိတ် လွန်စွာ နက်ရှိုင်းလာနေသည်။

 

တစ်ချိန်တည်းမှာပင် အဂတိလိုက်စားမှုနှင့် အရည်အချင်းမရှိသော အုပ်ချုပ်မှုအပေါ် ဒေါသနှင့် မကျေနပ်ချက်များသည် NLD ပါတီ မရှိတော့သည့်တိုင် အခြားနည်းလမ်းတစ်ခုဖြင့် ပေါက်ကွဲ ထွက်လာ မည်သာ ဖြစ်သည်။ 

 

နောင်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်ကူး နေကြမည့်သူများသည်လည်း နေရာတိုင်းတွင် အဟန့်အတားများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ထင်ရှားလာသည်နှင့်တစ်ပြိုင်နက် အရည်အချင်းမရှိဟု သတ်မှတ်ခံရခြင်း သို့မဟုတ် ပိုမိုဆိုးရွားသော အရေးယူမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ သို့သော်လည်း မကြာသေးမီက ပြသခဲ့သည့် တင်းကျပ်သော ထိန်းချုပ်မှုများသည် ရေရှည်တွင် ထိန်းသိမ်းထားရန် ကုန်ကျစရိတ် ကြီးမားလှသည်။ အထူးသဖြင့် အာဏာရသူများအနေဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုကို မေးခွန်းထုတ်နေသူအားလုံးကို အခွင့်အရေးပေး၍ မိမိဘက်သို့ သိမ်းသွင်းနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များ ချို့တဲ့နေပါက ပို၍ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

 

စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အာဏာကို သက်တမ်းတိုးရန် ကြိုးပမ်းချက်တစ်ခုသာဖြစ်ပြီး၊ အရှင်းဆုံး ပြောရလျှင် ပုံစံပြောင်းရုံသက်သက်သာ ဖြစ်သည်။ ၎င်းအောက်တွင် ဖုံးကွယ်ထားသော နိုင်ငံရေးစနစ်မှာ အနှစ်သာရမရှိတော့ဘဲ သက်တမ်းရင့်နေပြီး ယိုယွင်းပျက်စီးနေပြီ ဖြစ်၍၊ ဆက်လက်ရပ်တည်နိုင်ရန် အဆက်မပြတ် အင်နှင့်အားနှင့် ထိန်းသိမ်းပြုပြင်မှုများ လိုအပ်နေသည်။

 

ဤအခြေအနေသည် ဒီမိုကရေစီကို တိုက်ပွဲဝင်လို သူများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနေသော်လည်း၊ ထိုအခွင့်အလမ်းများကို အသုံးချနိုင်ရန်အတွက်မူ နည်းလမ်းသစ်များဖြင့် စဉ်းစားတွေးခေါ်ရန် လိုအပ်လာသည်။

 

 ဥပဒေဘောင်အတွင်းမှနေ၍ လုပ်ဆောင်နေသူများနှင့် ပြင်ပမှ ဖိအားများ တွန်းအားများပေးနေသူများသည် ရန်သူများ မဟုတ်ကြ။ စစ်တပ်က ပြန်လည်အင်အားကောင်းလာသည်ဟု ထင်ရသည့်အချိန်တွင် ပွင့်လင်းရိုးသားသော ဆွေးနွေးမှုများပြုလုပ်ရန်၊ ရန်သူအသစ်များ မဖန်တီးဘဲ အချင်းချင်း ပေါင်းကူးတံတားများ တည်ဆောက်ရန်နှင့် ခါးသီးသော အမှန်တရားများကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်နေသည်။ မင်းအောင်လှိုင်ကမူ ယင်း နှင့် ဆန့်ကျင်ဘက် အခြေအနေမျိုးကိုသာ မျှော်လင့်နေ ပေ လိမ့်မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!