ကျားဖြန့် နောက်ကွယ်က တရုတ်၏ ခြေလှမ်းများ ကို ဖွင့်ချ

by Hla Soewai - Mar 15 2026

တရုတ်သည် ကျားဖြန့် အရေး တွင် သားကောင် အဖြစ်လည်း ခံယူယုံမက မုဆိုးလည်း ဖြစ်လာခဲ့သည်။ ကျားဖြန့် ကြောင့် နိုင်ငံတွင်း လူထု ၏ ဒေါသ ကို ဆွပေးကာ တရားဥပဒေ စိုးမိုးရေး ဆိုသည်ကို ပို၍ တွန်းအား ပေးလာနိုင်ပြီး တဖက်တွင်လည်း မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား တို့တွင် ၎င်းတို့၏ ဩဇာအာဏာ ဖြန့်ကျက် နိုင်အောင်လည်း အသုံးချ လာခဲ့သည်။

 

အွန်လိုင်း ငွေလိမ်ဂိုဏ်းများ အရေး တွင် တရုတ်၏ ပါဝင် ပတ်သက်မှု သည် ဝိရောဓိ များ ဖြစ်လာနေသည်။ ဘီဂျင်းသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကို ထိုလုပ်ငန်းများ ပိတ်သိမ်းရန် တွန်းအားပေးနေသော်လည်း၊ ယင်းလုပ်ငန်းစုများကို ဦးဆောင်နေသည့် ဂိုဏ်းအများစုမှာ တရုတ်နိုင်ငံတွင် အမြစ်တွယ်နေပြီး တရုတ်နှင့် ဆက်နွှယ်နေသော ကွန်ရက်များနှင့် တရားဝင် သယောင်ပြထားသည့် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် လည်ပတ်နေခြင်းဖြစ်သည်။

 

တရုတ်၏ နှိမ်နင်းမှုများသည် တရားဥပဒေစိုးမိုးရေး အတွက် သာမကဘဲ ၎င်းတို့ ပြည်တွင်းရှိ လူထု၏ ပြင်းထန်သော မကျေနပ်မှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု လေ့လာဆန်းစစ်သူများက ယူဆကြသည်။ ထို့ပြင် ဘီဂျင်းသည် ငွေလိမ်ဂိုဏ်း ပြဿနာကို အသုံးချ၍ ၎င်းတို့၏ ဩဇာအာဏာကို ချဲ့ထွင်ရန်၊ အင်အား ဖြန့်ကျက် နိုင်စရာ ခြေလှမ်းများကို တိုးမြှင့်ရန်နှင့် ဒေသတွင်း ပထဝီနိုင်ငံရေး အခင်းအကျင်းကို မိမိတို့စိတ်ကြိုက် ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်နိုင်သည်။

 

အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး ကော်မရှင် (USCC) ၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အစီရင်ခံစာတွင် - ကျားဖြန့် နောက်ကွယ်ရှိ တရုတ်ရာဇဝတ်ဂိုဏ်းများသည် 'မျိုးချစ် စကားလုံးများကို အသုံးချခြင်း၊ တရုတ်၏ ခါးပတ်လမ်း စီမံကိန်းကို ထောက်ခံခြင်းနှင့် ပြည်ပနိုင်ငံများတွင် ဘီဂျင်းအစိုးရ လိုလားသော ဝါဒဖြန့်မှုများကို မြှင့်တင်ပေးခြင်းဖြင့် တရုတ်အစိုးရနှင့် ဆက်နွှယ်မှုများ တည်ဆောက်ထားကြသည်' ဟု ဖော်ပြထားသည်။ ထိုဆက်နွှယ်မှုအချို့မှာ ထင်သာမြင်သာရှိပြီး၊ အချို့မှာမူ (လိုအပ်ပါက) အစိုးရနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုနိုင်သည့် အနေအထားမျိုး ဖြစ်သည်ဟု ဆိုသည်။

 

ရလဒ်အနေဖြင့် - 'တရုတ်ရာဇဝတ်ဂိုဏ်းများသည် တရုတ်အစိုးရ အစိတ်အပိုင်းအချို့၏ အနည်းဆုံး အတိုင်းအတာဖြင့် သွယ်ဝိုက်သော ထောက်ခံမှု ရရှိလာပြီးအရှေ့တောင်အာရှ တစ်လွှားသို့ နယ်ချဲ့လာကြသည်' ဟု အဆိုပါကော်မရှင်က ဆိုသည်။ 'တရုတ်နိုင်ငံသည် အရှေ့တောင်အာရှအစိုးရများအပေါ် ၎င်း၏ ဩဇာအာဏာ လွှမ်းမိုးမှု တိုးမြှင့်ရန်၊ ထောက်လှမ်းရေးနှင့် သြဇာဖြန့်ကျက်မှု လုပ်ငန်းများကို လုပ်ဆောင်ရန်နှင့် မဲခေါင်ဒေသအတွင်း ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ ခြေလှမ်းများကို ချဲ့ထွင်ရန်အတွက် ဤငွေလိမ်ဂိုဏ်း ပြဿနာကို အသုံးချနေခြင်းဖြစ်သည်' ဟုလည်း ပြတ်ပြတ်သားသား ထောက်ပြထားသည်။

 

တရုတ်သည် မြန်မာနိုင်ငံ အတွင်းရှိ စစ်ရေး-နိုင်ငံရေး ပဋိပက္ခများအပေါ် တိုက်ရိုက်လွှမ်းမိုးလာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) ၏ အဆိုအရ တရုတ်သည် MNDAA အား ထိုးစစ်ကြီး အရှိန်အဟုန် ပြင်းပြင်းနှင့် စတင်နိုင်ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

MNDAA ၏ စစ်ရေးအရ အသာစီးရရှိမှုများသည် စစ်အုပ်စု ပြုတ်ကျ သွား နိုင်သည်အထိ အလားအလာ ရှိလာကြောင်း တရုတ်က သဘောပေါက်သွားသည့်အခါတွင်မူ စစ်အုပ်စုနှင့် အပေးအယူ လုပ်လာခဲ့သည်။ 

 

ယင်းမှာ MNDAA နှင့် ၎င်း၏ မဟာမိတ်များကို ရှေ့ဆက် မတိုးအောင် ထိန်းချုပ်ပေးမည်၊ ထို့အတွက် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာကို နှိမ်နင်းရာတွင် စစ်အုပ်စု ဘက်မှ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဘီဂျင်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် တရုတ်သည် သမိုင်းတစ်လျှောက် ဩဇာလွှမ်းမိုးမှု အနည်းငယ်သာရှိခဲ့ဖူးသော သို့မဟုတ် လုံးဝမရှိခဲ့ဖူးသော ထိုင်းနယ်စပ်တစ်လျှောက်ရှိ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအထိ ယခုအခါ ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ ခြေလှမ်းများကို ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း IISS က ဆိုသည်။

 

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ ဆန့်ကျင်တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း (Global Initiative) ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ - တရုတ်၏ တုံ့ပြန်ဆောင်ရွက်မှုများသည်ရည်မှန်းချက် နှစ်ခုဖြင့် ပုံဖော်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 

 

ယင်းတို့မှာ - တရုတ်နိုင်ငံသားများ လူကုန်ကူးခံရခြင်းနှင့် ငွေလိမ်ခံရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းရှိ လူထုဖိအားများကို ၎င်းတို့ တုံ့ပြန် နေသည် ကို သတင်းမီဒီယာများမှ အကြီးအကျယ် ဖော်ပြလာကြရန် နှင့်၊ ထိုင်းနိုင်ငံထံမှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ထုတ်ယူရန်တို့ ဖြစ်သည်။

 

ထိုင်းသည် ၎င်းတို့ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသော နယ်မြေအချို့ကို သိမ်းပိုက်ထားသည့် မြန်မာအခြေစိုက် 'ဝ' တပ်များ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်။ IISS ၏ အဆိုအရ ဤအချက်များအားလုံးသည် 'အရေးပါသော နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များတွင် ထိုင်းနိုင်ငံအပေါ် တရုတ်က အသာစီးရယူနိုင်ရန် အခွင့်အရေး ပေးနေသကဲ့သို့ ဖြစ်နေသည်' ဟု ဆိုသည်။

 

 'တရုတ်သည် ဒေသတွင်းနှင့် ထိုင်းနိုင်ငံအတွင်း ဩဇာလွှမ်းမိုးမှု ရရှိရန်အတွက် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြဿနာကို ရွေးချယ်အသုံးချနေသည်' ဟူသော သုံးသပ်ချက်ကို ထိုင်းစစ်တပ်မှ အရာရှိကြီးများကလည်း လက်ခံထားကြသည်။ ယင်းသို့ ဩဇာဖြန့်ကျက်မှုများတွင် ဝီဂါ ဒုက္ခသည်များကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရခြင်းနှင့်၊ ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ တရုတ်၏ ဩဇာအာဏာ သက်ရောက်စေရန် ထိုင်းနယ်စပ်မြို့ဖြစ်သော မဲဆောက်တွင် တရုတ်ရဲတပ်ဖွဲ့ဝင်များ ထားရှိခြင်းတို့လည်း ပါဝင်နေသည်။

 

တရုတ်သည် ဤငွေလိမ်ဂိုဏ်း ပြဿနာကို ၎င်းတို့ ချမှတ်ထားသည့် 'ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ' (Global Security Initiative - GSI) တွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် နည်းလမ်းတစ်ခုအနေဖြင့်လည်း အသုံးချနေသည်။ GSI ဆိုသည်မှာ နိုင်ငံတကာ ရဲလုပ်ငန်းဆိုင်ရာ တရုတ်၏ အစီအမံ တခုဖြစ်ပြီး၊ အမေရိကန်နှင့် အနောက်အုပ်စုက ဦးဆောင် နိုင်စွမ်း မရှိမည့် ကမ္ဘာ့အစီအစဉ်သစ်တစ်ခုကို ပြောင်းလဲ ပုံဖော်ရန် ၎င်းတို့၏ မျှော်မှန်းချက်လည်း ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ ပြည်ပရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည် ဟု Geographical ဝက်ဆိုဒ် တွင် ဆောင်းပါးရှင် Mark Rowe က ရေးသားထားသည်။

 

"တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်နေသူမဟုတ်ဘဲ၊ ယင်းကို အသုံးချ၍ နယ်မြေချဲ့ထွင်နေသူဖြစ်သည်" ဆိုသည်ကို ဒေါ်နယ် ထရမ့်သည်လည်း ကောင်းစွာ လက်ခံထားပြီး မဲဆောက်လိုနေရာမျိုးတွင် တရုတ် ရဲများ ခြေကုပ်ယူလာခြင်းကို ထရမ့်က အမေရိကန်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကို စိန်ခေါ်မှုအဖြစ် ရှုမြင်လာခြင်း ဖြစ်ပေမည်။ ထို့အတွက် ရှေ့လျောက် တရုတ်၏ ဩဇာချဲ့ထွင်မှုကို တားဆီးရန်အတွက် ထိုင်းနှင့် မြန်မာနယ်စပ်ကိစ္စရပ်များတွင် ပိုမိုပြတ်သားစွာ လုပ်ဆောင်ရန် မတ်လ ၆ ရက်နေ့က သမ္မတ အမိန့်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

 

သို့သော် လက်ရှိတွင် အမေရိကန်အနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများကို တိုက်ရိုက်ကူညီသည့် အဆင့်မျိုး အထိ ရောက်မလာသေးဘဲ၊ တရုတ်၏ အကြံအစည်များ ပျက်ပြားစေရန် ထိုင်းကဲ့သို့ မဟာမိတ်များကို ဖိအားပေးခြင်း သို့မဟုတ် ကူညီခြင်းမျိုးသာ လုပ်နေဆဲ ဖြစ်သည်။

 

တရုတ်၏ ငွေလိမ်ဂိုဏ်းနှိမ်နင်းရေး အကြောင်းပြချက်သည် အမေရိကန်၏ ပစိဖိတ်ဒေသ လုံခြုံရေးကို ထိပါးလာသည်ဟု ယူဆပါက၊ ထရမ့်သည် ပိုမိုခက်ထန်စွာ တုံ့ပြန်လာနိုင်ပေသည်။

 

ထိုသို့ ဖြစ်လာမည် ဆိုလျင်တော့ မင်းအောင်လှိုင်၏ သာလွန်မင်း ဖရီးဂိတ်သည်၎င်း၊ အိန္ဒိယ၏ တပတ်နွမ်း မင်းရဲ သိန္ခသူ၊ မင်းရဲ ကျော်စွာ ရေငုပ်သင်္ဘောများ၊ SU-30 ဂျက် တိုက်လေယာဉ် များ သည်လည်း အမေရိကန်-အီရန် ပဋိပက္ခ ကို ကြည့်ပြီး ကယ်နိုင်မည်မဟုတ်၊ ကလေးကစားစရာ သာသာ အဖြစ်သာ ရှိပေလိမ့်မည်၊ တိုင်းပြည် ဘဏ္ဍာ ကို အလဟသ ဖြုန်းတီးနေမှု အဖြစ်သာ လူထု က ရှူမြင်လာကြပြီ ဖြစ်သည်။ 

 

ပြည်သူတို့ ၏ တရားသော စစ် မုချ အောင်ရမည်!!!