မျက်ဖြူ ဆိုက်နေပြီ ဖြစ်သော စစ်အုပ်စု

by Hla Soewai - Mar 15 2026

ယနေ့ပင် အီရန်ရှိ အစ္စလမ် တော်လှန်ရေး အစောင့်တပ် IRGC သည် ဟော်မုဒ် ရေလက်ကြားမှ ရေနံ တလီတာ ပင် အထွက်မခံ၊ ရေနံစည် တစည်ကို ဒေါ်လာ ၂၀၀ ကျော် အထိ ရောက်စေရမည်ဟု ကြိမ်းဝါးလိုက်ပြီ ဖြစ်သည်။

 

ကမ္ဘာ့ရေနံဈေးကွက်နှင့် ပထဝီနိုင်ငံရေးကို သွက်သွက်ခါအောင် လှုပ်ခတ်သွားသည့် ပင်လယ်‌ ကွေ့ စစ်ပွဲသည် အချိန်ကြာလာသည်နှင့် အမျှ စစ်အုပ်စုအတွက် အလွန်အန္တရာယ်ကြီးမားသော အခြေအနေတစ်ခု ဖြစ်လာနိုင်ပြီးရှေ့လျောက် စစ်ရေး၊ စီးပွားရေး ပိုင်းတွင် အထွေထွေ အကျပ်အတည်း ကြီး နှင့် ကြုံလာရတော့မည့် အရေးကို သိမြင်လာ၍ ငြိမ်းချမ်းရေး စကား စလာပြီ ဖြစ်သည်။

 

လက်ရှိအချိန်၌ပင် လောင်စာဆီဖူလုံအောင် တင်သွင်းရန် အခက်အခဲရှိနေသည်။ ရေနံဈေး အဆမတန် တက်လာပါက ပြည်ပမှတင်သွင်းရန် ဒေါ်လာရှားပါးမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားမှုတို့ကြောင့် လောင်စာဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာမည်။ ယခုပင် ကား ကို တခါဖူးမျှ မကြားဘူးသည့် စုံ/မ ခွဲကာ လမ်းပေါ် ထွက်ခိုင်းနေရသည့် အဖြစ်ကို ကြည့်က ‌၎င်းတို့ အဖို့ မည်မျှအထိ စိုးရိမ် ပူပန်မှု ရှိလာကာ ထုံးစံ အတိုင်း တလွဲတ‌ ချော် စီမံခန့်ခွဲလာနေသည်ကို အတိုင်းသား တွေ့မြင်လာရသည်။

 

အဓိက အားဖြင့် ၎င်းတို့ စစ်ပွဲအောင်မြင်ရေး အတွက် အဓိက လိုအပ်နေသော လေယာဉ်ဆီ ရရှိရေး၊ အီရန်ထံမှလည်း စစ်ပွဲကြောင့် အာရုံလွဲ ခံနေရ၍ ၎င်းတို့ ထံ လက်နက်နှင့် နည်းပညာ ပံ့ပိုးပေးနိုင်မှု၊ လေယာဉ်ဆီများ လျော့ဈေးဖြင့် ရရှိနိုင်ဖို့ မျှော်လင့်ချက်များ ကုန်ခမ်းလာနေပြီ ဖြစ်သည်။ ရဖို့လမ်း ရှိသည် ဆိုလျင် ဈေးကြီးပေး ဝယ်ယူရတော့မည် ဖြစ်သည်၊ လေကြောင်းလိုင်းများပင် ဈေးနှုန်းများ မြှင့်တင်နေသည့် အချိန်မျိုးတွင် ၎င်းတို့ အတွက်ကား တစွန်းတစမျှ ပြန်မရ နိုင်မည့် ရင်းနှီးမြုပ်နှံမှု မျိုး ဖြစ်နေသည်။ 

 

လောင်စာဆီဈေးသည် ကုန်စည်အားလုံး၏ ဈေးနှုန်းအပေါ် တိုက်ရိုက်သက်ရောက်မည် ဖြစ်သည့် အတွက် စစ်အုပ်စု၏ အဓိကထောက်ပံ့ရေးလမ်းကြောင်းနှင့် စီးပွားရေးယန္တရားများ ပိုမိုကျပ်တည်းလာပြီး ပြည်တွင်းစီးပွားရေး ထိန်းမရအောင် ဖြစ်လာနိုင်သည်။

 

အမေရိကန်အနေဖြင့် အီရန်ကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အခါ အီရန်နှင့် ဆက်နွှယ်နေသည့် အခြားအဖွဲ့အစည်းများကိုပါ ပိုမိုစောင့်ကြည့်လာမည်၊အီရန်နှင့် ဆက်ဆံနေသည့် အဖွဲ့အစည်းများကို အရေးယူမှုများ တိုးမြှင့်လာနိုင်သည့်အတွက် စစ်အုပ်စုသည် နိုင်ငံတကာ ငွေကြေးစနစ်မှ ပိုမိုအထီးကျန်လာနိုင်သည်။ စစ်အုပ်စုနှင့် အီရန်ကြား ရှိနေနိုင်သည့် လျှို့ဝှက်သဘောတူညီချက် များ၊ ငွေပေးချေမှုများ အကုန်လုံး ရပ်တန့်သွားပြီ ဖြစ်သည်။

 

မြန်မာကျပ်ငွေ တန်ဖိုးကျနေချိန်မှာပင် ရေနံဈေးပါ ထပ်တက်လာသည့် အတွက် စစ်အုပ်စုအနေနှင့် လေယာဉ်ဆီနဲ့ စက်သုံးဆီကို ဝယ်ယူဖို့ ဒေါ်လာငွေ မည်သို့မျှ လောက်ငှတော့မည် မဟုတ်၊ ကျားဖြန့် ဂိုဏ်းများ နှင့်လည်း မပတ်သက်ရဲတော့၍ ငွေဝင်လမ်းသည်လည်း ပိတ်ဆို့နေပြန်သည်။

 

၎င်းတို့အတွက် စစ်ဆင်ရေးများကို မဖြစ်မနေ လျှော့ချရ တော့မည် ဖြစ်သည်၊ လေကြောင်းတိုက်ခိုက်မှုများကိုလည်း အရင်ကလို လုပ်နိုင်‌ တော့မည် မဟုတ်သည့် အတွက် မြေပြင်ရှိ PDF များ နှင့် တိုင်းရင်းသားလက်နက်ကိုင် များ အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခု ဖြစ်လာပေတော့မည်။

 

အီရန်သည်လည်း မြန်မာဘက်ကို အာရုံစိုက်ဖို့၊ ဒရုန်း နည်းပညာများ၊ လက်နက် ပစ္စည်းများ ထောက်ပံ့ဖို့ ၎င်းတို့တွင် အချိန်လည်း မရှိ၊ အင်အားလည်း မရှိတော့။

 

 စစ်အုပ်စုကို ထောက်ပံ့နေသည့် တရုတ်၊ ရုရှားတို့ပါ အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်ပြီး အလုပ်ရှုပ် နေပြီ ဖြစ်သည်။ ရုရှားသည်လည်း ၎င်းတို့၏ ယူကရိန်းစစ်ပွဲ အတွက် စစ်ရေးလိုအပ်ချက်များနှင့် အီရန်ကို ထောက်ပံ့ ပေးရမည့် ကိစ္စများ ရှိလာနေ၍ မြန်မာကို ပေးနေသည့် လက်နက်ရောင်းချမှုများ အနှောင့်အယှက် ဖြစ်လာနိုင်သည်။

 

တရုတ်သည်လည်း အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် ၎င်းတို့၏ စွမ်းအင်လမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်လာပါက၊ မြန်မာမှတဆင့် ဖြတ်သန်းလာမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်အတွက် ပိုမိုအရေးပါလာမည်ဖြစ်သည်။ ၎င်းတို့၏ စီးပွားရေးကို ကာကွယ်ရန်အတွက် အသုံးစရိတ်များကို ချွေတာရပေတော့မည်။

 

မြန်မာစစ်အုပ်စုအတွက် တရုတ်ထံမှ ရရှိနေသည့် အထောက်အပံ့များ (သို့မဟုတ်) ချေးငွေများမှာ လျော့နည်းလာနိုင်ပြီး၊ တရုတ်အနေဖြင့် စစ်အုပ်စုကို "အလွန်အကျွံ မစွန့်ပစ်သလို၊ အလွန်အကျွံလည်း မထောက်ပံ့တော့သည့်" အခြေအနေသို့ ရောက်သွားနိုင်သည်။ 

 

စစ်အုပ်စုကို စွန့်ပစ်ထား၍ လည်း မရပြန်၍ တရုတ်သည် စစ်အုပ်စုအား စစ်အနိုင်တိုက်ရေး ကို အားပေးခြင်းထက်၊ မိမိတို့ ပိုင်ဆိုင်မှုများ လုံခြုံရေးအတွက် လက်တွေ့ကျကျ စေ့စပ်ညှိနှိုင်းမှု ကို ပိုမိုဖိအားပေးလာနိုင်သည်။

 

တရုတ်သည် စွမ်းအင်လုံခြုံရေး အတွက် အဓိက အာရုံစိုက်ရ‌ တော့မည် ဖြစ်၍ စစ်အုပ်စုအဖို့ တရုတ်၏ "အာရုံစိုက်မှု" အပြည့်အဝရရှိရန် ခက်ခဲလာမည်ဖြစ်ပြီး၊ တရုတ်သည် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်ငြိမ်မှုရရှိစေရန်အတွက် စစ်အုပ်စုကို ကျော်လွန်၍ ၎င်းတို့ထိန်းချုပ်နိုင်သည့် တိုင်းရင်းသားအဖွဲ့များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာရန် တွန်းအားပေးလာနိုင်ပါသည်။

 

အမေရိကန်-အီရန် စစ်ပွဲသည် စစ်အုပ်စု၏ စစ်အောင်နိုင်ရေး အတွက် အဓိက အသက်သွေးကြော ဖြစ်သည့် "လောင်စာဆီ" နဲ့ "နိုင်ငံခြားငွေ" နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ခမ်းခြောက်သွားအောင် လုပ်ဆောင်နိုင်သည့် အင်အားကြီးမားသော အကြောင်းတရား အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

မတ်လ ၆ ရက်နေ့တွင် သမ္မတ ထရမ့်သည် အမေရိကန် မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီး အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇ၀တ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ပြန်သည်။

 

ဤအမိန့်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ခိုလှုံခွင့်ပေးထားသည့် နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများ အပါအဝင် အစီအမံများစွာ ပါဝင်သည်။ ဤသည်မှာ အဆိုပါ ရာဇ၀တ်မှုကျူးလွန်သူများ အမြစ်တွယ်နေသည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံရှိ အစိုးရများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။

 

ထို့အတွက်လည်း မင်းအောင်လှိုင်သည် တိုင်းရင်းသား အုပ်စုများ နှင့် ငြိမ်းချမ်းရေး ‌ဆွေးနွေးရန် အင်္ဂါနေ့က ထပ်မံ ကမ်းလှမ်းလာခြင်း သည်ကလည်း အံ့ဩစရာတော့ မဟုတ်ပေ။

 

တော်လှန်ရေး အင်အားစုများသည် ထိုသို့ စစ်အုပ်စု အခက်တွေ့နေချိန်တွင် တော်လှန်ရေး အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် ဖက်ဒရယ် ပဲ့ကိုင် ကောင်စီ ကို ဖွဲ့စည်းရန် အပူတပြင်း ဆွေးနွေးလာပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် အပတ် အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ တို့အကြား “ဖက်ဒရယ်ဦးဆောင်ကောင်စီ” (Federal Steering Council) ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

 

ဤသည်ကလည်း တရုတ်၏ ဖိအားပေးလာနိုင်မှု ကို တန်ပြန်နိုင်ရန် မိမိတို့သည် နိုင်ငံရေးအရ စုစည်းမှု" (Political Cohesion) ရှိနေ ကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။

 

တရုတ်မှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အား စစ်အုပ်စု နှင့် ‌ဆွေးနွေးရန် ဖိအား ပေးလာမှု ကို မိမိတို့ သီးခြားဆွေးနွေးရန် အကြောင်းမရှိဟု ဆိုကာ ပယ်ချခဲ့ပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့က ၎င်း လက်ချက်ဖြင့် ချွတ်ခြုံကျလာနေ‌သော နိုင်ငံကို ဝါးလုံးခေါင်းထဲက သမ္မတ အဖြစ် အုပ်ချုပ်ရပေတော့မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!