မင်းအောင်လှိုင်သည် ၎င်း ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့သည့် ဆယ့်ငါးနှစ်တာ ကာလ ပြန်လည် သုံးသပ်မှု တနည်းအားဖြင့် ကိုယ်ရေ သွေးမှု အခမ်းအနားကို မကြာမီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အတွက် အမည်ခံ အစိုးရ အဖွဲ့၏ သမ္မတ ဖြစ်လာနိုင်ခြေ ရှိသည်ဟူသော ခန့်မှန်းချက်များက သေချာသလောက် ရှိလာခဲ့သည်။
ထိုအစည်းအဝေးတွင် ကြည်း၊ ရေ၊ လေ အတွက် လိုအပ်သည့် လူအင်အား၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့မှုများ၊ စစ်ရေယာဉ်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်များ ရရှိပြီး အဆင်မြင့် ရေတပ်၊ လေတပ်ဖြစ်အောင် ဆောင်ရွက်ပေးခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်၊ သို့သော် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ လက်လွှတ်ခဲ့ရမှု၊ ရေတပ်စခန်းနှင့် လေယာဉ်ကွင်းတို့ အသိမ်းခံရမှု၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူများအထိ အဖမ်းခံခဲ့ရမှုများကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိဟု ဧရာဝတီက ရေးသားထားခဲ့သည်။
မင်းအောင်လှိုင်၏ သက်တမ်းတစ်လျှောက် အထင်ရှားဆုံးနှင့် အငြင်းပွားဖွယ်ရာအဖြစ်ဆုံး အချက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာကို သိမ်းယူလိုက်ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့ခြင်းသည် တိုင်းပြည်အား ကျွမ်းထိုး မှောက်ခုံ ဖြစ် အောင် သွက်သွက် ခါသွားစေခဲ့သည့် သမိုင်းတွင် နာမည် ဆိုးဖြင့် တွင် ကျန်ရစ်မည့် အပြောင်းအလဲကြီး တစ်ခု ဖြစ်လာခဲ့သည်။
နောက်ထပ် နိုင်ငံကို လူမျိုးတုန်း သတ်ဖြတ်မှု ကျုးလွန်သည်ဟု အမည်တပ် ခံရတော့မည့် ရိုဟင်ဂျာ အရေး အခင်းကြီးအား ၎င်း တဦးတည်း ဆုံးဖြတ်ချက် ဖြင့် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်း၏ လက်ချက်ဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် တွင် ကမ္ဘာအကြီးဆုံး ဒုက္ခသည် စခန်းကြီး ပေါ်ပေါက်လာခဲ့ရပေသည်။
နိုင်ငံတကာတရားရုံး (ICJ) တွင်လည်း လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်ရသည်အထိ ဖြစ်လာခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည် ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ NCA ကို လက်မှတ်ရေးထိုးသည့် အဖွဲ့များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည့် အပြင် တိုင်းရင်းသား ဒေသများတွင် စစ်တပ် ၏ စစ်ရေးလှုပ်ရှားမှုများ ပို၍ပင် ထင်တိုင်းကြဲလာခဲ့ပြီး လက်မှတ်ရေးထိုး ထားပြီးသော အဖွဲ့များပင် ပြန်၍ နှုတ်ထွက်သွားခဲ့ရသည်။
အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ခံခဲ့ရပြီး ၎င်းကိုယ်တိုင် သ ဘောတူ ပါသည် ဆို သော် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်မည် ဆိုသော ကတိ ဖေါက်ဖျက်ခဲ့သည့် အတွက် နိုင်ငံတကာတွင် သံတမန်ရေးအရ အထီးကျန်မှုများ နှင့် ရင်ဆိုင်နေရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ခုခံစစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်များကြောင့် စစ်တပ် အနေဖြင့် စစ်ရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
စစ်စခန်းများစွာ လက်လွှတ်ဆုံးရှုံးရခြင်းနှင့် နယ်မြေထိန်းချုပ်မှု ကျဆင်းလာခြင်းမှာ ၎င်း၏ ၁၅ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော စစ်ရေးအရ ကျဆုံးမှု ဟု ဆိုနိုင်သည်။
စစ်တပ်သည် "နိုင်ငံကို ကာကွယ် စောင့်ရှောက်သော အဖွဲ့အစည်း" ဟူသည့် ပုံရိပ်မှ "နိုင်ငံရေးတွင် အာဏာရူးသွပ်ပြီး နိုင်ငံကို ပြိုကွဲစေသည့် အဖွဲ့အစည်း" ဟု ပြည်သူလူထုက ရှုမြင်လာခြင်း ခံခဲ့ရသည်။ စစ်ရေးအရလည်း အစဉ်အလာ မရှိခဲ့ဖူးသော အရှက်တကွဲ ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းသည် စစ်တပ်၏ သမိုင်းတွင် အမှောင်မိုက်ဆုံးကာလ အဖြစ် ရောက်ရှိသွားခဲ့ရသည်။
ခေတ်မီဆန်းပြားသည့် PDF များ၏ မြို့ပြပြောက်ကျားစစ်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ၏ ပူးတွဲ ညှိနှိုင်းတိုက်ခိုက်လာမှုကို ၎င်းတို့၏ ရိုးရာစစ်နည်းဗျူဟာဖြင့် မတားဆီးနိုင်ခဲ့ပေ။ ထို့အတွက် လေကြောင်းတိုက်ခိုက်မှုများကိုသာ ပိုမိုအားပြုလာရပြီး အရပ်သားများ ကို ထိခိုက်မှု များပြားလာရ၍ နိုင်ငံတကာ၏ ပိုမိုပြင်းထန်သော ကန့်ကွက်မှုများနှင့် ဥပဒေကြောင်းအရ အရေးယူမှုများဆီသို့ ဦးတည်သွားနေသည်။
၎င်း၏ သက်တမ်း အတွင်း မြန်မာ-တရုတ်နယ်စပ် (ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်) နှင့် မြန်မာ-ထိုင်းနယ်စပ် (ကရင်ပြည်နယ်၊ မြဝတီ) တို့တွင် ကျားဖြန့် ဂိုဏ်းများ မှိုလိုပေါက်ကာ အခြေစိုက် လှုပ်ရှားလာမှု ကို မသိချင်ယောင် ဆောင်နေခဲ့၍ မြန်မာနိုင်ငံကို "ရာဇဝတ်မှုကျူးလွန်ရာနယ်မြေ" အဖြစ် နိုင်ငံတကာက သတ်မှတ်လာစေပြီး နိုင်ငံ၏ ပုံရိပ်ကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။
စီးပွားရေး တွင်လည်း လူသန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးသည့် အဖြစ် ရောက်အောင် စီမံ ခဲ့သူ ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းခြင်း:၊ ဘဏ်လုပ်ငန်းစနစ် အပေါ် ယုံကြည်မှု ပျက်ပြားသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်း၊ လျပ်စစ် ဓါတ်အား အလုံအလောက် မရတော့၍ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း၊ အကျင့်ပျက်ခြစားမှု များ မှိုလိုပေါက်လာခြင်း၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ အလုံးအရင်းဖြင့် ထွက်ခွာခြင်း တို့ကြောင့် ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်ခဲ့သည်။
ကျန်ရှိနေသည့် လူငယ်များအားလည်း အတင်းအဓမ္မ စစ်မြေပြင်သို့ တွန်းပို့ခဲ့ပြန်သည်။
၎င်း၏ အတုအယောင် ရွေးကောက်ပွဲသည်လည်း မျှော်လင့်ထားသလို နိုင်ငံတကာ၏ တရားဝင်မှု ကို ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိ။ လူမသုံးတော့သည့် ကုန်ပစ္စည်းတခုကို တံဆိပ် အသစ် ပြန်ကပ်ကာ ဈေးကွက်ထဲ သွင်းလာခြင်းမျိုးသာ ဖြစ်သည်။
ရှုံးနိမ့်သွားသော ပါတီများသည်လည်း ၂၀၂၀ ရွေးကောက်ပွဲ တုန်းကကဲ့သို့ ၎င်းထံသွားပြီး နတ်သံ နှော၍ ငိုချင်းချ၍ မရတော့၊ တိုးတိုး ကြိတ်ကြိတ် ဝေဖန်နေသည်ကိုပင် ၂၀၂၃ ကတည်းက ပေးထားသော အခွင့်အရေး ကို အသုံးမချ တတ်၍ ရှုံးနိမ့်ရသည့် ကိုယ့် အားနည်းချက် ကို ကိုယ်မသိသူများဟု ပင် ပြစ်တင် ပြောဆိုလိုက်ပြန်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ထားသော တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ကြောင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရမှု နှင့် အလားအလာ ရှိသည့် ပါတီများကို ဖယ်ထုတ်ခဲ့သည်များကိုတော့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။
၎င်း၏ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရပ်တန့်စေခဲ့ပြီး၊ ပြည်တွင်းစစ်မီးကို ပြန်လည်လောင်ကျွမ်းစေကာ နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည့် ကာလတစ်ခုဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများက တညီတညွတ်တည်း သုံးသပ်ထားပြီး ဖြစ်သည်။
ထိုသို့သော အနေအထားများက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေသည့် အခြေအနေတွင် ဆယ့်ငါးနှစ်တာ ကာလ အတွင်း အောင်မြင်ခဲ့မှု များ ဆိုကာ အစည်းအဝေးပင် ခေါ်ပြီး လူထု ရှေ့ ချပြရဲသည်ကို ကြည့်မည် ဆိုက မျက်နှာပြောင်ရဲသည့် နေရာတွင် နဲနဲနောနော သတ္တိမဟုတ် ဟု ဆိုရမည်သာ ဖြစ်သည်။
မြန်မာပြည်သူများ၏ ကံကြမ္မာကား ထိုကဲ့သို့ မထင်မရှား ဘဝ မှ တက်လာသည့် ပုဂ္ဂိုလ်မျိုးက လက်နက်အားကိုးဖြင့် အကျအန စီမံကာ သမ္မတ တက်လုပ်ပြီး နတ်ရူး မှော်ရူးများ၏ အကြံဉာဏ် ဖြင့် ငါ့မင်း ငါ့ချင်း အုပ်ချုပ် ခံရတော့မည့် အဖြစ် နှင့် ကြုံလာ ကြရပေတော့မည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!