ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(23)

by Hla Soewai - Mar 23 2026

အိုက်ခမန်းကို ခြေရာခံမိပြီ

 

ကမ္ဘာ့ မြောက် ခြမ်းနှင့် ရာသီဥတုပြောင်းပြန်ဖြစ်သော တောင်ကမ္ဘာခြမ်းရှိ အာဂျင်တီးနားနိုင်ငံတွင် နွေဦးပေါက်ချိန် ရောက်ရှိနေပြီဖြစ်သည်။ အဒေါ့ဖ် အိုက်ခ်မန်း ကို ပုန်းခိုရာမှ နောက်ဆုံးတွင် ထွက်ပေါ်လာအောင် ဆွဲထုတ်ပေးနိုင်ခဲ့သည်မှာ အချစ် ဆိုသည်ပင်ဖြစ်သည်။

 

ကလော့စ် သို့မဟုတ် နစ်ခ် ဟု အမည်ပြောင်ဖြင့် လူသိများသော သူ၏ အသက် ၂၀ အရွယ် သားဖြစ်သူ နီကိုလပ်စ် သည် ဗျူနိုအေးရိစ်မြို့၏ ဘဝနေထိုင်မှုပုံစံနှင့် ကောင်းစွာ အသားကျနေပြီဖြစ်သည်။ ဖခင်ဖြစ်သူမှာ 'ရီကာဒို ကလီးမန့်' ဟူသော နာမည်အတုကို ဆက်လက်သုံးစွဲနေဆဲဖြစ်သော်လည်း သားလေးယောက်မှာမူ မိသားစု၏ မူရင်းမျိုးရိုးအမည်ကိုပင် ဆက်၍ ယူထားကြသည်။ အရပ်ရှည်ရှည်၊ မျက်လုံးပြာပြာနှင့် နီကိုလပ်စ်သည် မြင်းစီးရခြင်းနှင့် ပူးမား ဟု ခေါ်သည့် တောင်အမေရိက ကျားသစ် အမဲလိုက်ရခြင်းကို ဝါသနာပါသူဖြစ်သည်။ 

 

သူသည် ဂျူးလူမျိုးဆန့်ကျင်ရေး စကားလုံးများကို မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသဖြင့် တစ်နေ့တွင် သူ အချစ်ဆုံးဖြစ်လာမည့် ဂျာမဏီ မှ ရွှေ့ပြောင်း နေထိုင်သူ မိန်းကလေးသည် ဂျူးသွေးနှောနေသူတစ်ဦး ဖြစ်နေသည်ကို သိလိုက်ရသည့်အခါ အံ့အားသင့် သွားလိမ့်မည် ဖြစ်သည်။

 

ထို မိန်းကလေး သည် အသက် ၁၄ နှစ်အရွယ် ရှိပြီး ဆံပင်ညိုညို နှင့် ဖြစ်ပြီး အမည်မှာ ဆီဗီးယား ဟာမန်း ဖြစ်သည်။ သူမ၏ဖခင် လိုသာ ဟာမန်း မှာ ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်သည်။ မိဘများသည် နာဇီများ၏ သတ်ဖြတ်ခံခဲ့ရပြီး၊ သူကိုယ်တိုင်လည်း ၎င်း၏ နိုင်ငံရေးခံယူချက်များကြောင့် ၁၉၃၅ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့အပြင်ဘက်ရှိ ဒါချောင် အကျဉ်းစခန်းတွင် အကျဉ်းချ ခံခဲ့ရသည်။ ဂက်စတာပို တို့၏ ရိုက်နှက်မှုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသည့်အတွက် မျက်စိကွယ်သွားခဲ့ရသည်။ 

 

ယခုအခါ အသက် ၅၆ နှစ်ရှိပြီဖြစ်သော ဟာမန်းသည် ဂျာမနီတစ်ဝှမ်းလုံးတွင် "ကရစ်စတယ်နာ့ခ်" သို့မဟုတ် "မှန်ကွဲည" ဟု လူသိများသော ထိတ်လန့်ဖွယ်ကောင်းသည့် အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှုများဖြစ်ပွားပြီးနောက် မကြာမီ ၁၉၃၈ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ 

 

ထိုသို့ လူမျိုးရေးခွဲခြား တိုက်ခိုက်မှု မျိုးဖြင့် ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် ပြည်ပသို့ ထွက်ခွာသွားစေရန် တွန်းအားပေးသည့်အနေဖြင့် အမျိုးသား ဆိုရှယ်လစ်ပါတီ (နာဇီ) သည် နှိပ်စက်ညှဉ်းပန်းမှုကို အဆင့်သစ်တစ်ခုသို့ တိုးမြှင့် ခဲ့ခြင်း ဖြစ်သည်။ အဒေါ့ဖ် အိုက်ခ်မန်း နှင့် ဟာမန်းတို့ နှစ်ဦးသည် တစ်ခါမျှ မဆုံဖူးကြသော်လည်း၊ ဟာမန်း အကျဉ်းမကျမီ အချိန်အနည်းငယ်အလိုတွင် အိုက်ခ်မန်းမှာ ဒါချောင်စခန်းတွင် တာဝန်ထမ်းဆောင်နေခဲ့သည်။

 

ဆီဗီးယား သည် နစ် အိုက်ခမန်း အပေါ် စိတ်ဝင်စားမှု ရှိနေသော်လည်း သူ့အိမ်သို့ သွားရောက်လည်ပတ်ခွင့်မရှိသည့်အပြင် အိမ်လိပ်စာကိုပင် သိခွင့်မရှိပေ။ သို့သော် နီကိုလပ်စ် ကမူ ဟာမန်း မိသားစုထံသို့ မကြာခဏ လာရောက်လေ့ရှိပြီး အိမ်သား တယောက်လိုပင် နေထိုင်တတ်သည်။ သူရောက်လာသည့်အခါတိုင်း ဂျာမန်ဘာသာစကားဖြင့် ပြောဆိုတတ်ပြီး၊ သူ့ဖခင်မှာ နာဇီဂျာမန်စစ်တပ် တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြောပြသည်။ ထို့အပြင် နာဇီတို့အနေဖြင့် ဂျူးလူမျိုးများကို အပြီးတိုင် မျိုးဖြုတ်သတ်ဖြတ်ခြင်း မပြီးမြောက်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပင် ပြောဆိုတတ်သည်။ 

 

လိုသာ ဟာမန်း သည် ထိုအဆိပ်အတောက်ဖြစ်စေသော စကားများကို နားထောင်နေရသော်လည်း ဘာမျှပြန်မပြောပေ။ ဟာမန်းသည် မျက်မမြင်တစ်ဦးဖြစ်၍ မျက်မှန် အမည်းကို တပ်ဆင်ထားပြီး အမြဲလိုလို ဝတ်စုံနှင့် ကုတ်အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လေ့ရှိသည်။ သူသည် မိမိ၏ အမြင်များကို ထုတ်မ‌ ပြော ရန် အတွေ့အကြုံက သင်ပြထားခဲ့ပြီး ဖြစ်သည်။ မျက်နှာက ရိုးရှင်းပြီး ချောမောသော လူတစ်ယောက်ဖြစ်သည်။

 

သို့သော်လည်း သူ၏အတွင်းစိတ်ထဲတွင်မူ ဂျာမနီ၌ သူ၏မိသားစု ဆက်ဆံခံခဲ့ရပုံများကို ကြိတ်၍ ဒေါသထွက်နေပြီး၊ နီကိုလပ်စ် အိုက်ခမန်း၏ နားမခံသာ အောင် ပြောဆိုနေမှုများကို သည်းခံနေရခြင်းအတွက် စိတ်မသက်မသာ ဖြစ်နေရသည်။ လိုသာသည် "မိမိနှင့် မိမိမိသားစုကို ဒုက္ခပေါင်းများစွာပေးခဲ့သည့် နာဇီစစ်ရာဇဝတ်ကောင်များကို လက်စားချေရန်" ပြင်းပြသော ဆန္ဒရှိနေသူ လည်း ဖြစ်သည်။

 

အစပိုင်းတွင်မူ လိုသာ ဟာမန်း အတွက် သူ့ရှေ့တွင် ရှိနေသော လူငယ်သည် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အဒေါ့ဖ် အိုက်ခ်မန်း၏ သား ဖြစ်နေသည် ဟူသောအချက်က ဝေခွဲမရနိုင်စရာ ဖြစ်နေခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နာဇီ အဆင့်မြင့်အရာရှိကြီးများသည် ဂျာမနီနိုင်ငံမှ အမြောက်အမြားသော ဓနဥစ္စာများကို မှောင်ခို ခိုးထုတ် သွား ခဲ့ကြသည်ဟူသော ဒဏ္ဍာရီဆန်ဆန် သတင်းများက ပျံ့နှံ့နေခဲ့၍လည်း ဖြစ်သည်။

 

ထို့ပြင် အိုက်ခ်မန်းတို့ မိသားစုသည် ဟာမန်းတို့ မိသားစုကဲ့သို့ပင် ဗျူနိုအေးရိစ်မြို့ ရှိ အောက်ခြေ လူလတ်တန်းစားများ နေထိုင်ရာ အိုလီဗို့စ် ရပ်ကွက်တွင်သာ နေထိုင်ကြသည်။ ထိုနေရာရှိ အိမ်များသည် ရိုးစင်းလှပြီး အချို့နေရာများဆိုက အိုမင်း ယိုယွင်းလွန်းလှသည်။ တစ်ချိန်က တန်ခိုးထွားခဲ့သော အိုက်ခ်မန်းကဲ့သို့ လူတစ်ဦးသည် ယခုလို နွမ်းပါးစုတ်ပြတ်သော မြို့စွန်ရပ်ကွက်တွင် နေထိုင်နေလိမ့်မည်ဆိုသည်မှာ ယုံရခက် နေသည်။

 

ဆီဗီးယား ဟားမန်း နှင့် နစ်ခ် အိုက်ခ်မန်း တို့သည် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တွဲခဲ့ကြပြီး၊ လိုသာ ဟားမန်း က သူ၏မိသားစုကို အိုလီဗို့စ် မြို့မှ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည့် အချိန်ထိ သူတို့၏ ဆက်ဆံရေး သည်အားကောင်းနေဆဲဖြစ်သည်။ ဟားမန်းသည် သိသိသာသာ ပြောင်းလဲမှုတစ်ခုအနေဖြင့် လူစည်ကားရာ ဗျူနိုအေးရိစ် မြို့မှသည် အာဂျင်တီးနား အလယ်ပိုင်း မြက်ခင်းပြင်များပေါ်ရှိ၊ အနောက်တောင်ဘက် မိုင်ပေါင်းရာချီဝေးကွာသော ကိုရိုနယ် ဆွာရက်ဇ် ဟူသည့် ယိုင်နဲ့နဲ့ သစ်သားအိမ်လေးများသာ ရှိသော ရွာကလေးသို့ ပြောင်းရွှေ့သွားခဲ့သည်။ 

 

ဝေးလံခေါင်ဖျားသော ထိုမြို့ကလေးတွင် သစ်သားတဲအိမ်လေးများ တန်းစီနေသည့် မြေနီလမ်းတစ်လမ်းသာ ရှိသည်။ သို့သော် ကိုရိုနယ် ဆွာရက်ဇ်သည် ဘေးကင်းလုံခြုံပြီး ဗျူနိုအေးရိစ်တွင် အတွေ့ရများသော နာဇီလိုလားသည့် အုပ်စုများ၏ ရန်မှ ကင်းဝေးသည်။ အမှန်စင်စစ်အားဖြင့် ထိုနေရာသည် ထင်ရှားသော ဂျာမန်-ဂျူး လူ့အဖွဲ့အစည်း အခြေစိုက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ ဟားမန်းက ရှေ့နေရုံး အသစ်ဖွင့်ရန် စီစဉ်နေစဉ်အတွင်း ဆီဗီးယားနှင့် နစ်ခ်တို့သည် စာဖြင့်သာ အဆက်အသွယ် ပြုလုပ်ခဲ့ကြသည်။ ရည်းစား ဖြစ်သူ အိုက်ခ်မန်းကမူ သူ၏ အိမ်လိပ်စာကို ပေးရန် ငြင်းဆန်နေဆဲဖြစ်ပြီး၊ ဆီဗီးယား၏ အချစ်စာလွှာများကို သူငယ်ချင်းတစ်ဦးမှတစ်ဆင့် ပေးပို့ရန်သာ ပြောခဲ့သည်။

 

နစ်ခ်အိုင်းခ်မန်း နှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး လေးလအကြာ ၁၉၅၇ ဧပြီလတွင် ဆီဗီးယား သည် ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ် မြို့တွင် ပြုလုပ်သည့် စစ်ရာဇ၀တ်မှုခင်း တရားစီရင်ရေးအကြောင်း ဖော်ပြထားသော သတင်းစာတစ်စောင်ကို တွေ့ရှိခဲ့သည်။ ထိုအမှုတွင် တရားလိုရှေ့နေမှာ ဖရစ်ဇ် ဘောင်ဝါဖြစ်သည်။

 

နာဇီဆန့်ကျင်ရေး ဂျာမန်ဘာသာထုတ် နေ့စဉ်သတင်းစာဖြစ်သော Argentinisches Tageblatt တွင် ထင်ရှားသော နာဇီအရာရှိတစ်ဦးမှာ တရားစီရင်မှုကို ရှောင်တိမ်းလွတ်မြောက်နေကြောင်း ထိုသူ၏အမည်မှာ အဒေါ့ဖ်အိုင်းခ်မန်း ဖြစ်သည်ဟု သတင်းစာက အထူးတလည်ဖော်ပြထားသည်။

 

ထိုခဏ၌ပင် ဆီဗီးယားသည် နစ်ခ် အိုင်းခ်မန်းဆိုသူမှာ ထို လူသတ်သမား၏ သားဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်သွားတော့သည်။ နစ်ခ်အပေါ်ထားရှိသော သူမ၏ ခံစားချက်များက ပြင်းထန်နေဆဲဖြစ်၍ စိတ်ထဲတွင် ဒွိဟဖြစ်နေသော်လည်း၊ သူမ၏ ဖခင်ဖြစ်သူက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်လိမ့်မည်ဟု သိထားသဖြင့် ဖခင်အား ထုတ် ပြောပြလိုက်လေသည်။

 

သူမ၏ ထင်မြင်ချက်မှာ မှန်ကန်နေခဲ့သည်။ ဖခင်ဖြစ်သူ လိုသာ သည် အဒေါ့ဖ်အိုင်းခ်မန်းကို တစ်ခါမျှ မမြင်ဖူးသလို၊ ထိုသူ ဘယ်မှာနေသည်ကိုလည်း မသိရှိပေ။ သို့သော်လည်း အကျဉ်းစခန်းဟောင်းမှ အသက်ဘေးလွတ်မြောက်လာသူတစ်ဦးဖြစ်သည့် လိုသာ၏ စိတ်ထဲတွင် ကလဲ့စားချေလိုသော ဆန္ဒမှာမူ ပြင်းထန်လျက်ရှိတော့သည်။

 

ထို့ကြောင့် ဟာမန်းသည် ဖရန့်ဖွတ်မြို့ရှိ နာမည်ကျော် နာဇီဆန့်ကျင်ရေး ဥပဒေပညာရှင် ဖရစ်ဇ် ဘောင်ဝါထံသို့ စာရေးသားပေးပို့ရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်သည်။ ထိုစာထဲတွင် "အဒေါ့ဖ် အိုက်ခ်မန်းသည် အာဂျင်တီးနားတွင် အသက်ရှင်လျက် ရှိနေသည်" ဟူသော အကြီးအကျယ် ဂယက် ရိုက်ခတ် သွားစေမည့် လျှို့ဝှက်ချက် ပါဝင်နေသည်။ 

 

ဤသတင်းကို ဖရစ်ဇ် ဘောင်ဝါအနေဖြင့် ဝေမျှနိုင်မည့်သူ အနည်းငယ်သာ ရှိသည်။ "ကျွန်တော့်ရုံးခန်း ကျော်ပြီး အပြင်ထွက်လိုက်တာနဲ့ ရန်သူ့နယ်မြေထဲ ရောက်သွားသလိုပဲ" ဟု ၎င်းက မိတ်ဆွေ တဦးကို ရင်ဖွင့်ဖူးသည်။

 

သို့သော် လိုသာ ဟာမန်းသည် ဖရစ်ဇ် ဘောင်ဝါအတွက် စစ်မှန်သော မဟာမိတ်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် အဒေါ့ဖ် အိုက်ခ်မန်းကို ဖမ်းဆီးနိုင်ရန်အတွက် ကြီးမားသော စွန့်စားမှုများကို လုပ်ဆောင်ရန် အသင့်ရှိနေသူဖြစ်သည်။ ကိုရိုနယ်လ် ဆွာရက်ဇ် မှ ဗျူနိုအေးရိစ် သို့ သွားရသည့် မိုင် ၃၀၀ ခရီးစဉ်မှာ ရထားဖြင့် ၁၀ နာရီကြာ မြင့်သည်။ အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ဆီလ်ဗီးယား ဟာမန်း သည် သူမ၏ ဖခင်နှင့်အတူ ရထားပေါ်တွင် လိုက်ပါလာသည်။

 

၎င်းတို့သည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က အဒေါ့ဖ် အိုက်ခ်မန်း အာဂျင်တီးနားသို့ စတင်ရောက်ရှိစဉ် ဆိုက်ကပ်ခဲ့သည့် ဆိပ်ကမ်းနှင့် ကပ်လျက်ရှိသော ခန့်ညားထည်ဝါသည့် ရတီရို ဘူတာတွင် ဆင်းခဲ့ကြသည်။ ၎င်းတို့ သား အဖ (ပုံတွင် တွေ့နိုင်) ထိုသို့ ခရီးရှည်ကြီး ထွက်လာရခြင်းသည် SS လူသတ်သမားကြီး နေထိုင်သည့် အိမ်လိပ်စာကို တိတိကျကျ စုံစမ်းဖော်ထုတ် နိုင်ရန် အတွက်ပင် ဖြစ်သည်။