ချိမ်းဘာစ် ကို စစ်ဆေးမေးမြန်းပြီးနောက်၊ အစည်းအဝေး ၌ ကော်မတီက ဟစ်အား ဆက်၍ မေးခွန်းထုတ်လာခဲ့သည်။ ဥက္ကဋ္ဌ ဂျေ ပါနဲလ် သောမတ်စ် က ဟစ်ကို ပြောကြားရာတွင် ချိမ်းဘာစ် သည် "ခင်ဗျား ဘဝအကြောင်းကို အသေးစိတ်လေ့လာထားတာဖြစ်မယ်၊ ဒါမှမဟုတ် ခင်ဗျားကို သိနေတာဖြစ်မယ်" ဟု ဆိုသည်။
ဟစ်ကို ချိမ်းဘာစ်၏ ဓာတ်ပုံနှစ်ပုံ ပြသခဲ့သည်။ သောမတ်စ်က ခင်ဗျားအိမ်မှ တပတ်မျှ နေခဲ့ဖူးသည်ဟု ပြောဆိုထားသူကို မသိဟု ဆက်ပြောနေဦးမည်လား ဟု မေးမြန်းခဲ့သည်။ ဟစ်က "ကျွန်တော် ဒီဓာတ်ပုံထဲက လူကို မမှတ်မိပါဘူး... ကျွန်တော် အဲဒီလူရဲ့ အသံကို နားထောင် ကြည့်ချင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
နံနက်ပိုင်း ခေတ္တနားပြီးနောက်၊ ဟစ် က သူ့အား စွပ်စွဲသူမှာ ၁၉၃၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းက သူသိကျွမ်းခဲ့ဖူးသည့် "ဂျော့ခ်ျ ခရော့စလေ" ဆိုသူ ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဟစ်က သူသိသော ခရော့စလေမှာ လက်နက်ခဲယမ်းလုပ်ငန်းနှင့် ပတ်သက်သည့် လွှတ်တော်ကော်မတီတွင် ဟစ် လုပ်ကိုင်နေသော အလုပ်အကြောင်း သတင်းအချက်အလက်များကို ရှာဖွေနေသည့် အလွတ်တန်း သတင်းစာ ဆရာတစ်ဦး ဟု ပြောဆိုခဲ့ဖူးသည်ဟု ဆိုသည်။ ဟစ်၏ အဆိုအရ ခရော့စလေ၏ အမှတ်ရစရာအကောင်းဆုံးအချက်မှာ သူ၏ "သွားများ အ တော်လေးဆိုးရွား နေခြင်း" ပင် ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုတွင် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်မှာ နောင်တစ်ချိန်၌ သမ္မတဖြစ်လာမည့် ရစ် ချတ်နစ်ဆင် (ပုံတွင် တွေ့ရသူ) က "မစ္စတာဟစ်၊ ခင်ဗျားမှာ ဝါသနာပါတဲ့ အရာတစ်ခုခု ရှိပါသလား" ဟု မေးမြန်းလိုက်သည့်အခါတွင် ဖြစ်သည်။ ဟစ်က သူ့တွင် တင်းနစ်ကစားခြင်းနှင့် ငှက်မျိုးစိတ်များ လေ့လာလိုက်စားသည့် ဝါသနာ များ ရှိကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ လွှတ်တော်အမတ် ဂျွန် မက်ဒေါ်ဝဲလ် က ချက်ချင်းပင် ကြားဖြတ်၍ "ခင်ဗျား 'ရွှေဝါရောင် တောစာငှက် မျိုးကို မြင်ဖူးသလား" ဟု မေးလိုက်သည်။ ဟစ်သည် ထိုထောင်ချောက်ထဲသို့ တန်းတန်း မတ်မတ် ဝင်သွားတော့သည်။ သူက စိတ်အားထက်သန်စွာဖြင့် "ကျွန်တော် မြင်ဖူးပါတယ်။ ပိုတိုမက် မြစ်နားမှာပါ၊ အဲဒီနေရာကို ခင်ဗျား သိသလား" ဟု ပြန်လည်ဖြေကြားလိုက်လေသည်။
အယ်ဂါ ဟစ် ၏ အဖြေ ကြောင့် ယခင်က သံသယရှိနေခဲ့ကြသော ကော်မတီဝင်များသည် ချိမ်ဘားစ် ပြောသည့်စကားမှာ မှန်ကန်ကြောင်း ယုံကြည်သွားခဲ့ကြသည်။ ချိမ်ဘားစ် အနေဖြင့် ဟစ် ၏ ဘဝကို အပေါ်ယံလေ့လာရုံမျှဖြင့် ရှားပါးငှက်တစ်မျိုးကို မြင်ဖူးသည်ဆိုသည့် အသေးစိတ် အချက်မျိုးကို သိရှိနိုင်လိမ့်မည်မဟုတ်။ ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ခဲ့ရ၍သာသိလာခြင်း ဖြစ်ရမည်ဟု ယူဆသွားကြသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် "အမေရိကန် ဆန့်ကျင်ရေး လှုပ်ရှားမှုများဆိုင်ရာ ကော်မတီ" ကြားနာပွဲ၌ ဟစ် သည် သူ့ကို စွပ်စွဲသူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်ခဲ့သည်။ ဟစ်က ၎င်းအား စွပ်စွဲသူ၏ မည်သူမည်ဝါဖြစ်ကြောင်း သေချာစေရန် ချိမ်ဘားစ် ၏ သွားများကို ကြည့်ရှုခွင့် တောင်းဆိုခဲ့သည်။
ထို့နောက်တွင် နစ်ဆင်က ချိမ်ဘားစ်နှင့် ဟစ် နှစ်ဦးစလုံးကို မတ်တပ်ထရပ် ဖို့ ပြောလိုက်ပြီး ဟစ်ကို "ဒီလူကို ခင်ဗျား အရင်က သိခဲ့ဖူးသလားဆိုတာ အခု ကျွန်တော် မေးပါရစေ" ဟု ပြောလိုက်သည်။
ဟစ်က ချမ်ဘာစ်ဘက်သို့ လှည့်ကာ "ခင်ဗျားက ဂျော့ချ် ခရော့စလေ လား" ဟု မေးလိုက်သည်။ ချိမ်ဘားစ်ကလည်း "ကျွန်တော် မသိဘူး။ ခင်ဗျားကတော့ အယ်လ်ဂါ ဟစ် ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ပြန်လည် ဖြေဆိုခဲ့သည်။
ချိမ်ဘားစ် သည် သူသိခဲ့သော ဂျော့ချ် ခရော့စလေ ဆိုသူပင် ဖြစ်နိုင်သည်ဟု ဟစ် က ကော်မတီကို ပြောကြားခဲ့သည်။ ထို့နောက် သူသိထားသည့် လူမှန်မမှန် သံသယကို ဖြေရှင်းရန်ဟု အကြောင်းပြကာ ချိမ်ဘားစ်အား မေးခွန်းအချို့ ဆက်လက်မေးမြန်းခဲ့သည်။ သို့သော် ထိုမေးခွန်းများသည် သူ့အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်မလာဘဲ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ နောက်ဆုံးတွင် သူက "အခုတော့ ဒီလူဟာ ဂျော့ချ် ခရော့စလေ ဖြစ်တယ်ဆိုတာကို အပြည့်အဝ အတည်ပြုဖို့ ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ" ဟု ပြောဆို လိုက်တော့သည်။
ကော်မတီအဖွဲ့ဝင်များသည် ဟစ် ကို ခက်ခဲသော မေးခွန်းများစွာဖြင့် ဆက်တိုက်မေးမြန်းလာ ခဲ့ကြသည်။ ဥက္ကဋ္ဌ သောမတ်စ် က "ဒါပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်" ဟု ဆိုကာ မေးမြန်းခြင်းကို ရပ်နားလိုက်သည်။ ဟစ်က "ကျွန်တော်ကတော့ အဲဒီကျေးဇူးတင်စကားကို တုံ့ပြန်စရာမရှိဘူး" ဟု ဒေါသတကြီးဖြင့် ခပ်ပြတ်ပြတ် ပြန်ပြောခဲ့သည်။
ရှစ်ရက်အကြာတွင် သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် လွှတ်တော်ကြားနာပွဲတစ်ခုသို့ ရုပ်မြင်သံကြား ကင်မရာ များစွာ ရောက်ရှိလာခဲ့သည်။ ကော်မတီသည် ဟစ်၏ တိုက်ခန်းကို ချိမ်ဘားစ် ထံ ငှားရမ်းခဲ့သည်ဆိုခြင်းနှင့် ဟစ်၏ ၁၉၂၉ ခုနှစ်ထုတ် ဖော့ဒ် ကားအဟောင်းကို ချိမ်ဘားစ်ထံ လွှဲပြောင်းပေးခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာဖြင့် ဟစ်ကို ထပ်မံမေးမြန်းခဲ့သည်။
လွှတ်တော်အမတ်တစ်ဦးက "ရင်းနှီးကျွမ်းဝင်မှု မရှိပါဘဲနှင့် လူစိမ်းတဦးကို သူပိုင်တဲ့ တိုက်ခန်းကိုပေးပြီး ကားတစ်စီးကိုပါ လက်ဆောင်ထည့်ပေးလိုက်တဲ့ ဟစ်လို အသိဉာဏ် မြင့်မားသူတစ်ယောက်" အကြောင်းကို စဉ်းစားမရနိုင်အောင် ဖြစ်ခဲ့ရသည်ဟု ကျယ်ကျယ် လောင် လောင် ပြောဆိုခဲ့သည်။ မွန်းလွဲပိုင်း ကြားနာပွဲတွင်မူ ချိမ်ဘားစ်က ဟစ်အား "ထိုစဉ်က အလွန်ပင် စိတ်အားထက်သန်ပြီး စိတ်ကူးယဉ်ဆန်သည့် ကွန်မြူနစ်တစ်ဦး" ဖြစ်ခဲ့ကြောင်းနှင့် ယခုအခါတွင်မူ သူသည် "ကျွန်ုပ်တို့အားလုံးကို ပုန်းလျိုး ကွယ်လျိုး တိုက်ခိုက် နေသည့် ရန်သူကို ကိုယ်စားပြုနေသူဖြစ်သည်" ဟု ပြောကြားခဲ့သည်။
အမေရိကန် အောက်လွှတ်တော်၏ အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများဆိုင်ရာ ကော်မတီ (HUAC) သည် အယ်ဂါဟစ်၏ ထွက်ဆိုချက်များသည် "ဝေဝါးပြီး တိမ်းရှောင်နေသည်" ဟု ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုကို နိဂုံးချုပ် အစီရင်ခံစာ တွင် ကောက်ချက်ချ ဖော်ပြခဲ့သည်။ ချိမ်ဘားစ်၏ ထွက်ဆိုချက်ကိုမူ ကော်မတီက "ပွင့်လင်းရိုးသားပြီး လေးနက်ပြတ်သားသည်" ဟု မှတ်ချက်ပြုခဲ့၏။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် အယ်ဂါဟစ်က ၁၄ မျက်နှာပါ အိတ်ဖွင့်ပေးစာ တစောင် ထုတ်ပြန်ကာ ကော်မတီကို တိုက်ခိုက်ခဲ့သည်။ ၎င်းက ကော်မတီသည် "အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ကြီးမားသော လုပ်ပိုင်ခွင့်နှင့် ဂုဏ်သိက္ခာကို သစ္စာဖောက်ပြီး ၎င်းတို့အလိုရှိရာ အမေရိကန်နိုင်ငံသားတိုင်းကို အပုပ်ချ စွပ်စွဲနိုင်ရန် ကူညီပေးနေသည်" ဟု ကိုးကားပြောဆိုခဲ့သည်။
အောက်တိုဘာလ ၈ ရက်နေ့တွင် အယ်ဂါဟစ်သည် ချိမ်ဘားစ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့သော်လည်း မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားခဲ့သည်။ ချိမ်ဘားစ်က Meet the Press အစီအစဉ်တွင် အယ်ဂါဟစ်သည် "ကွန်မြူနစ်တစ်ဦး ဖြစ်ခဲ့ဖူးသလို၊ အခုလည်း ဖြစ်နိုင်သည်" ဟု ပြောဆိုခဲ့ခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည်ဟု တိုင်ချက်တွင် စွပ်စွဲထားသည်။
အယ်ဂါဟစ်၏ ရှေ့နေများသည် ချိမ်ဘားစ်၏ နောက်ကြောင်းကို စုံစမ်းစစ်ဆေးခဲ့ကြပြီး ၎င်း၏ ယုံကြည်စိတ်ချရမှုကို ဖျက်ဆီးနိုင်မည့် အရှုပ်တော်ပုံများကို ရှာဖွေခဲ့ကြသည်။ စုံစမ်းစစ်ဆေးသူများသည် ချိမ်ဘားစ်တွင် စိတ်ကျန်းမာရေး ကုသမှု ခံယူဖူးခြင်း ရှိ၊ မရှိ သို့မဟုတ် လိင်တူချစ်သူအဖြစ် ပတ်သက်မှုများ ရှိ၊ မရှိ စသည်တို့ကို အပူတပြင်း ထောက်လှန်း လာကြသည်။
အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် သက်သေထွက်ဆိုချက်များ ရယူနေစဉ်အတွင်း ဟစ်၏ ရှေ့နေက "ဟစ်မိသားစုဝင် တစ်ဦးဦးထံမှ လက်ရေးဖြင့်ဖြစ်စေ၊ လက်နှိပ်စက် ဖြင့်ဖြစ်စေ ရေးသားထားသော မည်သည့် ပေးစာများကိုမဆို" တင်ပြရန် ချိမ်းဘာစ် ကို တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကြောင့် ချိမ်းဘတ်စ်သည် ဘရွတ်ကလင်းရှိ သူ၏ တူဖြစ်သူ မိခင် နေထိုင်ရာ အိမ်သို့ သွားရောက်ခဲ့သည်။ ထိုအိမ်ရှိ ရေချိုးခန်းထဲမှ ပစ္စည်းတင်ရန် ပြုလုပ်ထားသည့် လျှောက်လမ်းအတွင်းသို့ လက်နှိုက်ရှာဖွေကာ ဟောင်းနွမ်းနေသော စာအိတ်အကြီးစားတစ်ခုကို ဆွဲထုတ်ယူခဲ့သည်။
ထိုစာအိတ်ထဲတွင် အယ်ဂါ ဟစ် ကိုယ်တိုင် လက်ရေးဖြင့် ရေးထားသော မှတ်စု ၄ စောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန စာရွက်စာတမ်းများကို လက်နှိပ်စက်ဖြင့် ကူးယူထားသော မိတ္တူ ၆၅ စောင်နှင့် ၃၅ မီလီမီတာ ဖလင်လိပ် ၅ လိပ်တို့ ပါဝင်နေသည်။
အကယ်၍ ထို စာရွက်စာတမ်းများသည် စစ်မှန်ပါက၊ ဟစ်သည် သူနောက်ဆုံးတွေ့ခဲ့သည်ဟု ဆိုသော ၁၉၃၆ ခုနှစ်နောက်ပိုင်းတွင်လည်း ချိမ်းဘာစ်နှင့် ဆက်ဆံရေး ရှိနေဆဲဖြစ်ကြောင်း သက်သေပြနေရုံသာမက၊ ဟစ်သည် သူလျှိုလုပ်ငန်း တွင် ပါဝင်ပတ်သက်နေကြောင်းပါ သက်သေထွက်လာခြင်း ဖြစ်သည်။
ချိမ်းဘာစ်သည် စာရွက်စာတမ်းများကို သူ၏ရှေ့နေများထံ လွှဲပြောင်းပေးခဲ့ပြီး ၃၅ မီလီမီတာ ဖလင်လိပ်များကိုမူ သူကိုယ်တိုင် သိမ်းဆည်းထားခဲ့သည်။ ထိုစာရွက်စာတမ်း အထုပ်အပိုးကို လက်ခံရရှိသောအခါ ဟစ်၏ရှေ့နေများ တွေဝေမိန်းမောကာ ပျာပျာသလဲ ဖြစ်သွားတော့သည်။ ဤအထောက်အထားများသည် ၎င်းတို့ ၏ အမှုသည် စွဲဆိုထားသော အသရေဖျက်မှု သည် အပရိက ဖြစ်သွား စေသည့်အပြင်၊ ဟစ်ကို ရာဇဝတ်မှုဖြင့် တရားစွဲဆို ခံရနိုင်သည့် အန္တရာယ်ကြီးအတွင်းသို့ ဆွဲသွင်းလိုက်သကဲ့သို့ ဖြစ်သွားတော့မည်ကို သိလာကြ၍ ဖြစ်သည်။