တော်လှန်ရေး အင်အားစု အားလုံး ကွပ်ကဲမှု တခု တည်းအောက် ပေါင်းစည်းမိပြီ

by Hla Soewai - Apr 05 2026

မင်းအောင်လှိုင်အား စစ်တပ် လွှတ်တော်မှ သမ္မတ အဖြစ် တင်မြှောက်ရန် အဆိုပြုလိုက်သည့် နေ့မှပင် တော်လှန်ရေး အင်အားစုများ ဖက်တွင် သမိုင်းတွင်မည့် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်ပေါ်လာပေသည်။

 

"တခုတည်းသော မူဝါဒ တခုတည်းသော ဗျူဟာ" (One Policy, One Strategy) စနစ်ဖြင့် စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ကွပ်ကဲရန် မတ်လ ၃၀ ရက်နေ့တွင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ အချုပ်အခြာအာဏာ ခွဲဝေကျင့်သုံးခြင်း ဆိုသည်လည်း ပါဝင်လာ၍ နိုင်ငံတော်သစ် တရပ်၏ အခြေခံ ဖွဲ့စည်း တည်ဆောက်ပုံ လည်း ဖြစ်လာခဲ့သည်။

 

ယခုအခါ တော်လှန်‌ ရေး အင်အားစုများတွင် အမည်နာမတစ်ခု၊ ခိုင်မာသောဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မျှော်မှန်းချက်နှင့် စုပေါင်းအသံတစ်ခု ရှိလာခဲ့ပြီဖြစ်သည်။ ဤအခြေအနေသည် စစ် ခေါင်းဆောင် များအတွက် အိမ်မက်ဆိုးကြီး ဖြစ်လာနေသည်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ထံ မတ်လနှောင်းပိုင်းတွင် ပေးပို့ခဲ့သောစာ၌ စစ်အုပ်စု သည် နိုင်ငံ နယ်မြေ၏ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တော့ကြောင်း ထောက်ပြထားသည်။

 

အမေရိကန် တို့ မျက်စိကျ နေသည့် ရှားပါးမြေသား သတ္ထု ကြောကြီးလည်း SCEF အဖွဲ့ဝင် ကချင် နယ်မြေ အတွင်း ရှိနေသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) ဖြစ်ကြသော KIO၊ KNU၊ CNF နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ နိုင်ငံ‌ ရေး နှစ် စစ်ရေး အရ ပူးပေါင်း ပါဝင်လာခြင်း ဖြစ်သည်။

 

ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များ၊ ပြည်သူလူထု နှင့် အမျိုးသမီးထုတို့ကို ကိုယ်စားပြုသော မဏ္ဍိုင်ကြီး (၃) ရပ်ကို အဓိက ထား၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရေး အရှိန်အဟုန် ကို မြှင့်တင်နိုင်ရန် ထိရောက်စွာ ပူးတွဲ ဆောင်ရွက်သွားမည့် နိုင်ငံရေး စစ်ရေး မဟာမိတ် အဖွဲ့ကြီးလည်း ဖြစ်သည်။

 

ယခင်က K3C အဖြစ် ရှိခဲ့ရာမှ ယခုအခါ ပိုမိုစနစ်ကျပြီး နိုင်ငံရေးအရ တစည်းတလုံးတည်း ရှိလာမည့် မဟာမိတ်ဆက်ဆံရေးကို ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ မှ ထုတ်ပြန် သော ဗီဒီယို ဖိုင် တွင် အစိုးရအဖွဲ့မှ ထိပ်တန်း တာဝန်ရှိသူများနှင့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများ အမှာစကားများ ပြောကြားခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ ကချင် တပ်မှူးကြီး တစ်ဦးလည်း တက်ရောက်ခဲ့သည်။ မဟာမိတ် အဖွဲ့များ၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အာဏာရှင်စနစ် ဟူသမျှကို အမြစ်ပြတ် ချေမှုန်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်သစ် တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် စုပေါင်း အားထုတ် ကြိုးပမ်းသွားရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

 

အဆိုပါ မဟာမိတ်အဖွဲ့သည် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် နိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြန်လည်ပုံဖော်ရန် ရည်ရွယ်သည့် အချက် (၆) ချက်ပါ လုပ်ငန်းစဉ်ကို ချပြခဲ့သည်။ ၎င်းတို့က စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုကို အဆုံးသတ်ရန်နှင့် လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ်ကဲမှုအောက်တွင် ထားရှိရန် ကတိပြုခဲ့ကြသည်။

 

ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တားဆီးသွားရန် ကတိပြုခဲ့ကြပြီး၊ အများသဘောတူညီချက်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အသစ်တစ်ရပ်ကို ရေးဆွဲသွားမည်ဟု ဆိုသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ရန်နှင့် ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုများ အပါအဝင် ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အကူးအပြောင်းကာလ တရားမျှတမှု စနစ်ကို ဖော်ဆောင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထိုမဟာမိတ် အဖွဲ့တွင် အာရက္ခ တပ်တော် နှင့် မွန်တော်လှန်ရေး အဖွဲ့များ ပါဝင်ရန် ကျန်ရှိနေသေးသည်။

 

NUG ယာယီသမ္မတ ဒူဝါလရှီးလက SCEF ဖွဲ့စည်းနိုင်ခြင်းကို “နိုင်ငံရေးအရ အရေးပါသော မှတ်တိုင်တစ်ခု” ဟု ဆိုသည်။ အမျိုးသားညီညွတ်ရေး မူဝါဒအပေါ် အခြေခံပြီး စစ်ရေးဦးဆောင်မှုနှင့် စစ်ဆင်ရေးများကို ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ညှိနှိုင်းရန်သာမက၊ တစ်စုတစ်စည်းတည်းသော နိုင်ငံရေးဦးဆောင်မှုပုံစံကို ထူထောင်ရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

 

ထို အဖွဲ့ ထူထောင်ပြီးကြောင်း ကြေညာချက် ထွက်ပေါ်လာပြီး နာရီပိုင်း အတွင်းမှာပင် ဒီမိုကရေစီအရေး လှုပ်ရှားသူ အီဂေါ ဘလာဇီဗစ်က "အခုအချိန်မှာ တတိယလမ်းဆိုတာ မရှိတော့ဘူး။ (နိုင်ငံတကာ အနေနဲ့) ဘယ်လမ်းကို ‌‌ ရွေးမလဲ ဆိုတာပဲ ရှိတော့တယ်။ လမ်းတလမ်းကတော့ စစ်မှန်တဲ့ ရွေးကောက်ခံ အရပ်သား ဖက်ဒရယ်နဲ့ ပြည်နယ် လွှတ်တော်တွေ၊ အစိုးရတွေက အုပ်ချုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဆီကို ဦးတည်နေတယ်။ နောက်တလမ်းကတော့ စစ်တပ်က ဆက်လက် ကြီးစိုးခြယ်လှယ်နေမယ့်၊ အတုအယောင် လွှတ်တော်တွေနဲ့ အတုအယောင် အရပ်သား အစိုးရတွေ အုပ်ချုပ်မယ့် မြန်မာ နိုင်ငံ ဆီကိုပဲ ဖြစ်ပါတယ်။”

 

"မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာသော အကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် လမ်းစသည် မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော် ပေါ်ထွန်းလာခြင်းသည်သာလျှင် မပြီးဆုံးနိုင်သော စစ်မီးကို ရပ်တန့်နိုင်မည့် တစ်ခုတည်းသော အစားထိုးရွေးချယ်စရာဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံလာချိန်တွင် စတင်ပေလိမ့်မည်။" ဟု လည်း ဆိုသည်။

 

ကုလ အကြီးတန်း အရာရှိ ဖြစ်ခဲ့သူ ပေါလ် ဂရင်းကလည်း ၂၀၂၆ ခုနှစ်တွင် ပိုမိုခိုင်မာပြီး စည်းလုံးညီညွတ်သော စစ်ရေးနှင့် နိုင်ငံရေး တော်လှန်ရေးအင်အားစုကို တွေ့မြင်ရတော့မည်ဖြစ်သည်။ အခြေခံအုတ်မြစ်များ ချမှတ်ပြီးစီးပြီးနောက်တွင် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့သော စုပေါင်းစစ်ရေးထိုးစစ်တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းတွင် တွေ့မြင်ရရန် မျှော်လင့်နိုင်သည်ဟု ဟောကိန်းထုတ်ထားခဲ့ပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့က ငါးနှစ်တာ ကာလ အတွင်း ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး ဘဝ များကို နင်းခြေဖျက်ဆီးကာ ၎င်းတို့ အပေါ် မလှန်နိုင်အောင် ဖိနှိပ်အုပ်ချုပ်ခဲ့သည့် မှတ်တိုင်များသာ ကျန်ရစ်ခဲ့ပေတော့သည်။

 

လူထု အတွက် ကောင်းကျိုး ဟူ၍ ဘာတခုမျှ အဆင်ပြေ အောင် လုပ်ပေးနိုင်ခဲ့ခြင်း မရှိသည့် အဖြစ်ကို တစက်ကလေးမှပင် အားနာရကောင်းမှန်း မသိဘဲ အတင်းအဓမ္မ သမ္မတ တက်လုပ်ကာ ဆက်ပြီး တိုင်းပြည်ကို ဖျက်ဆီးဦးမည် ဖြစ်သည်။

 

သမ္မတ ဖြစ်လာ၍လည်း လက်ရှိ မြှောက်ပင့် ပေးနေသည့် လေး ငါး နိုင်ကလွဲ၍ နိုင်ငံတကာက အသိအမှတ် ပြုလာဖို့လည်း မရှိ၊ ဝင်ဆံ့လို့လည်း မရ၊ ၎င်း၏ ထားရာနေ စေရာသွား ကျေးတော်မျိုး၊ ကျွန်တော်မျိုးများကသာ သမ္မတကြီး ဟု ပြောင်း အခေါ်ခံ ခြင်း ဖြင့် သာ ကျေနပ်ရောင့်ရဲ နေရပေတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!

 

ကိုးကား - Myanmar Now/ DVB