#တီယန်မင်သို့ဦးတည်ပြီ
၁၉၈၀ ပြည့်လွန်နှစ်များ၏ တဝက်တွင် တိန့် ရှောင်ဖိန် သည် ၎င်း၏ အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပုံရသည်။ စီးပွားရေးအရကြည့်လျှင် လစ်ဘရယ် သများဘက်က ရပ်တည်ကာ စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းပိုင်ဆိုင်မှုစနစ်ကို ဖျက်သိမ်းခြင်း၊ စီးပွားရေးကို လွတ်လပ်ခွင့်ပေးခြင်းနှင့် အနောက်နိုင်ငံများသို့ တံခါးဖွင့်ဝါဒ ကျင့်သုံးခြင်း စသည့် အရေးပါသော အောင်မြင်မှုများကို ရရှိခဲ့သည်။
ထိုကာလအတွင်း လွတ်လပ်လွန်းသော အယူအဆလှုပ်ရှားမှုများကို နှိမ်နင်းရာတွင် သဘောထားတင်းမာသူ များဘက်က ပူးပေါင်းရပ်တည်ခဲ့သည်မှာ မှန်သော်လည်း၊ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်မှုသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ခြိမ်းခြောက်လာပြီဟုသိမြင်လိုက်သည်နှင့် ချက်ချင်းပင် လမ်းကြောင်းပြောင်းလဲလေ့ရှိသည်။
ယင်းကို ၁၉၈၃ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော်လည်း သက်တမ်းတိုခဲ့သည့် "ဝိညာဉ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု" တွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေးအရလည်း တိန့် ရှောင်ဖိန် သည် ထင်ရှားသော ပညာတတ်များနှင့် ၎င်းတို့၏ တောင်းဆိုချက်များကို အခါအားလျော်စွာ နှိမ်နင်းခြင်းဖြင့် လစ်ဘရယ်သမားများကို ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ ထိုပုဂ္ဂိုလ်များ နှင့် မဟာမိတ် သဖွယ် ရပ်တည်သွားရန်ကိုမူ အဆုံးစွန် အထိ ပျက်ပြားသွားခြင်း မရှိအောင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
၁၉၈၆ ခုနှစ်မှ စတင်ကာ တိန့်ရှောင်ဖိန် ၎င်း၏ နိုင်ငံရေး မျှခြေညှိမှု အခင်းအကျင်းကို ထိန်းကျောင်းရန် ပိုမိုခက်ခဲလာသည်ကို တွေ့ရှိလာခဲ့သည်။ မြို့ပြဒေသများရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် ကျေးလက်ဒေသများထက် ပိုမိုခက်ခဲကြမ်းတမ်းကြောင်း ပေါ်လွင်လာသည်နှင့်အမျှ တိန့် ရှောင်ဖိန် သည် စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အကန့်အသတ် ဖြင့်ထောက်ခံရန် စဉ်းစားလာခဲ့သည်။
သို့သော် ၎င်းမှာ ဒီမိုကရေစီကို ဖော်ဆောင်ရန် သို့မဟုတ် ကွန်မြူနစ်ပါတီ၏ တစ်ပါတီအာဏာရှင်စနစ်ကို ထိခိုက်စေရန် အထိတော့ အဖြစ်မခံခဲ့ပေ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် တိန့် ရှောင်ဖိန် စိတ်ဝင်စားလာချိန်သည် ပညာတတ်များနှင့် တက္ကသိုလ်ကျောင်းသားများအကြား နိုင်ငံရေးလွတ်လပ်ခွင့်အတွက် ပိုမိုကျယ်လောင်စွာ တောင်းဆိုလာကြသည့် အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။
ရလဒ်အနေဖြင့် တိန့် ရှောင်ဖိန် ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပြောကြားချက်များသည် ၁၉၈၆ ခုနှစ်နှောင်းပိုင်းတွင် တရုတ်မြို့ကြီးအချို့၌ တက္ကသိုလ်ကျောင်းသားများ လမ်းပေါ်ထွက် ဒီမိုကရေစီရေး အပြောင်းအလဲများ တောင်းဆိုလာရန် မရည်ရွယ်ဘဲ တွန်းအားပေးသလို ဖြစ်သွားခဲ့သည်။ ဤဖြစ်ရပ်သည် မော်စီတုံး နောက်ပိုင်းခေတ်တွင် တိန့် ရှောင်ဖိန်ရင်ဆိုင်ခဲ့ရသော ကြီးမားသည့် နိုင်ငံရေးအကျပ်အတည်း နှစ်ခုအနက် ပထမဆုံးတစ်ခုကို ဖြစ်ပွားစေခဲ့သည်။
သို့သော် တိိန်းရှောင်ဖိန် ကျူးလွန်ခဲ့သည့် အကြီးမားဆုံး အမှားတခုနှင့် နိုင်ငံရေးဇာတ်ခုံပေါ်ရှိ အဆုံးအဖြတ်ပေးနိုင်သူ တစ်ဦးအဖြစ် ၎င်း၏ ထိရောက်မှုကို အပြင်းအထန် အားနည်းသွားစေခဲ့သည့် အချက်မှာ ဟူယောင်ပန်း (ပုံတွင် ဖေါ်ပြထားသူ) ကို ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ ဟူယောင်ပန်းသည် ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းကာလအတွင်း “ဓနရှင် လူတန်းစား လွတ်လပ်ခွင့်ပေးရေးဝါဒ” ကို နှိပ်ကွပ်ရန် တိိန်းရှောင်ဖိန်၏ ဖိအားပေးမှုများကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
၁၉၈၆ ခုနှစ်နှောင်းပိုင်းတွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက် တိိန့်ရှောင်ဖိန်က ဟူယောင်ပန်းကို ပါတီအကြီးအကဲ ရာထူးမှ ဖယ်ရှားလိုက်သည့် အတွက် အရည်အချင်းရှိသော မဟာမိတ်တစ်ဦးကို ဆုံးရှုံးသွားခဲ့ရသည်။
ထိုအချိန်က လွတ်လပ်သော စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမား ဖြစ်သည့် ကျောက်ကျိယန် ကို တိိန်းရှောင်ဖိန်က အစားထိုး ခန့်အပ်နိုင်ခဲ့သော်လည်း ဟူယောင်ပန်း ရာထူးမှ ပြုတ်ကျသွားခြင်းက အာဏာချိန်ခွင်လျှာကို ရှေးရိုးစွဲဝါဒီများဘက်သို့ အပြတ်အသတ် ယိမ်းသွားစေခဲ့လေသည်။
အာဏာချိန်ခွင်လျှာ တဖက် စောင်းနင်း ဖြစ်သွားခဲ့ရသည့် အကျိုးဆက်ကြောင့် ၁၉၈၇ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်အတွင်း မြို့ပြပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ရန်နှင့် အနောက်နိုင်ငံများသို့တံခါး ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ရန် တိန့်ရှောင်ဖိန်၏ ကြိုးပမ်းမှုများသည် ကြီးမားသော အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသည်။
စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းပိုင်စနစ်ကို ဖျက်သိမ်းပြီး လွတ်လပ်ခွင့်ပေးလိုက်ခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပေါ်ထွက်လာကာ "မြို့နယ်နှင့် ကျေးရွာလုပ်ငန်းများ" ဟုခေါ်သော (သမဝါယမလုပ်ငန်းအသွင် ဆောင် ထားသည့် ပုဂ္ဂလိကကုမ္ပဏီများ) ပေါ်ပေါက်လာခဲ့သော်လည်း၊ အရှုံးပေါ်နေသည့် နိုင်ငံပိုင်လုပ်ငန်းများကို ပြန်လည်ဖွဲ့စည်းရာတွင်မူ တိန့် ရှောင်ဖိန်အနေဖြင့် တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ခဲ့ပေ။
၁၉၈၈ ခုနှစ် နွေရာသီတွင် ကုန်ဈေးနှုန်း ပြုပြင်ပြောင်းလဲမှုကို အတင်းအကျပ် လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း အချိန်အခါ မသင့်ခဲ့ပေ။ ထိုလုပ်ရပ်ကြောင့် လူထုအတွင်း ထိတ်လန့်တကြား ပစ္စည်းများ ဝယ်ယူစုဆောင်းမှုနှင့် ထိန်းမနိုင်သိမ်းမရ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ရာ တိန့် ရှောင်ဖိန်သည် နောက်ဆုတ်ခဲ့ရပြီး ကျောက်ကျီယန် ၏ ရပ်တည်မှု ကိုလည်း အားနည်းသွားစေခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ၏ ဒုတိယပိုင်းသို့ ရောက်သောအခါ အနောက်နိုင်ငံများသို့ တံခါးဖွင့်ပေးသည့် အရှိန်အဟုန်မှာလည်း နှေးကွေးသွားခဲ့သည်။ နိုင်ငံခြားကုန်သွယ်မှု အာဏာကို တိုးမြှင့်အပ်နှင်းထားသည့် 'ဟိုင်နန်' စီမံခန့်ခွဲရေးခရိုင် ကို တည်ထောင်ခဲ့ရာမှ မှောင်ခိုမှုများ ပေါ်ပေါက်ခဲ့သည်။ ထိုအရှုပ်တော်ပုံကို ရှေးရိုးစွဲ သမားများက အသုံးချ၍ တိန့်ရှောင်ဖိန်၏ ပိုမိုကြီးမားသော အထူးစီးပွားရေးဇုန် (SEZ) များ တည်ထောင်မည့် အစီအစဉ်ကို ပိတ်ပင်တားဆီးခဲ့ကြသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ရှုထောင့်မှကြည့်လျှင် ၁၉၈၇ မှသည် ၁၉၈၉ ခုနှစ် ဧပြီလ 'တီယန်မင်'ဆန္ဒပြပွဲများ မပေါ်ပေါက်မီအထိ တိန့် ရှောင်ဖိန်အနေဖြင့် ထူးထူးခြားခြား ပြသနိုင်သည့် ရလဒ်ဟူ၍ မရှိသလောက်ပင် ဖြစ်ခဲ့တော့သည်။
#ဟူယောင်ပန်းရာထူးမှ ပြုတ်ကျခြင်းနှင့် အရင်းရှင်လစ်ဘရယ်ဝါဒ ဆန့်ကျင်ရေး လှုပ်ရှားမှု
၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဟူယောင်ပန်းအား တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးမှ မထင်မှတ်ဘဲ ထုတ်ပယ်လိုက်ခြင်းသည် မော်စီတုံးလွန်ခေတ် တရုတ်နိုင်ငံရေး၏ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤဖြစ်ရပ်သည် တိန့်ရှောင်ဖိန် အနေဖြင့် ၎င်း၏ ကာလရှည် ကြာစွာ လက်တွဲလာခဲ့ သော မဟာမိတ်တဦးကို စတေးခံ၍ ပါတီ၏ အာဏာလက်ဝါးကြီးအုပ်မှုကို ကာကွယ်စောင့်ရှောက်ရန် သန္နိဋ္ဌာန်ချထားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
ထို့ပြင် နောက်ထပ် နှစ်နှစ်ခွဲခန့်အကြာတွင် ယုံကြည် စိတ် ချရသူ နောက် တဦးဖြစ်သည့် ကျောက်ကျိယန် ကိုပါ ထပ်မံ ဖယ်ရှားတော့မည်ဟူသော ရှေ့ပြေးနိမိတ်လည်း ဖြစ်ခဲ့သည်။ဟူယောင်ပန်း ရာထူးမှ ပြုတ်ကျသွားခြင်းသည် ပါတီအတွင်းရှိ သဘောထားတင်းမာသူ များ၏ အင်အား တောင့်လာစေခဲ့ပြီး တိန့်ရှောင်ဖိန်နှင့် လစ်ဘရယ်သမား များ၏ အင်အားကိုမူ လျော့ပါးသွားစေခဲ့သည်။
ဟူယောင်ပန်း ပြုတ်ကျပြီးနောက် ချက်ချင်းဖြစ်ပေါ်လာသော နိုင်ငံရေးနောက်ဆက်တွဲ အကျိုးဆက်များမှာ - “အရင်းရှင်လစ်ဘရယ်ဝါဒ” အပေါ် ခေတ္တခဏ ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ ပေါ်ပေါက်လာခြင်းနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားခြင်းတို့ပင် ဖြစ်သည်။
လွတ်လပ်သော နိုင်ငံရေးအမြင် ဖြစ်သည့် လစ်ဘရယ် သဘောတရား ရှိသူ ဟူယောင်ပန်းအား လီနင်ဝါဒကို လက်တွေ့ကျကျ အစဉ်တစိုက် စွဲကိုင်သူဖြစ်သည့် တိန့်ရှောင်ဖိန်က အဘယ်ကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့သနည်းဆိုသည်မှာ နားလည်ရန် ခက်ခဲပေလိမ့်မည်။
ထိုအပေါ် ထင်ရှားသော အကြောင်းပြချက်တစ်ခုမှာ သူတို့နှစ်ဦးကြားရှိ ရင်းနှီးသော ပုဂ္ဂိုလ်ရေးသံယောဇဉ်ပင် ဖြစ်သည်။ တိန့်ရှောင်ဖိန်သည် ၁၉၇၃ ခုနှစ်တွင် အာဏာပြန်ရလာပြီးနောက် ဟူယောင်ပန်းကို တရုတ် သိပ္ပံ အကယ်ဒမီ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၇၅ ခုနှစ်နှောင်းပိုင်းတွင် မော်စီတုန်းက တိန့်ရှောင်ဖိန်ကို ဆန့်ကျင်တိုက်ခိုက်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့စဉ်ကလည်း ဟူယောင်ပန်းသည် တိန့်ရှောင်ဖိန်ကို ပြစ်တင်ရှုံ့ချရန် ငြင်းဆန်ခဲ့ခြင်းဖြင့် သစ္စာရှိမှုကို သက်သေပြခဲ့သည်။
ထို့အပြင် ၁၉၇၈ ခုနှစ်တွင် တိန့်ရှောင်ဖိန်က ဟွာကိုဖုန်း ထံမှ အာဏာကို သိမ်းယူရန် ကြိုးပမ်းရာ၌ ဟူယောင်ပန်း၏ ပံ့ပိုးမှုများမှာ များစွာထိရောက်ခဲ့သည်။ အထူးသဖြင့် "အမှန်တရား၏ စံနှုန်း" နှင့် ပတ်သက်သော အခြေအတင် ဆွေးနွေးမှုများကို ဦးဆောင်ခဲ့ခြင်းနှင့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း မော်စီတုန်း၏ နှိပ်ကွပ်မှုကို ခံခဲ့ရသော ဝါရင့်ခေါင်းဆောင်ကြီး အများအပြားကို ဂုဏ်သိက္ခာပြန်လည် အဖတ်ဆယ်ပေးခြင်း တို့တွင် ဟူယောင်ပန်း သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
တိန့်ရှောင်ဖိန်နှင့် ဟူယောင်ပန်း တို့အကြား ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိပြီး ဟူယောင်ပန်း၏ ခေါင်းဆောင်မှုစွမ်းရည်ကို အထင်အရှား တွေ့မြင်နေ ပြီးသားဖြစ်သော်လည်း၊ "အရင်းရှင်လူတန်းစား လွတ်လပ်ခွင့်" ဟူသော ပြဿနာနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ စတင် အက်ကြောင်းထင်လာခဲ့သည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တရားဝင်မှုကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည့် တိန့်ရှောင်ဖိန် ကဲ့သို့ မဟုတ်ဘဲ၊ ဟူယောင်ပန်းကမူ ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ ထို့ထက် မြင့်မားသော ဒီမိုကရေစီစံနှုန်းများပါဝင်သည့် ကျယ်ပြန့်သော လုပ်ငန်းစဉ်တရပ် အဖြစ် ရှုမြင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သက်တမ်းအတွင်း တိုင်းရင်းသားလူနည်းစုများအပေါ် ထားရှိသည့် ပါတီ၏ တင်းကျပ်လှသော မူဝါဒများကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
အထူးသဖြင့် တိဗက် ကိစ္စတွင် ဟူယောင်ပန်းသည် ဟန် တရုတ် အရာရှိအမြောက်အမြားကို တိဗက် မှ ပြန်လည်ရုပ်သိမ်းစေခဲ့ပြီး တိဗက်လူမျိုးများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် မူဝါဒများကို အကောင်အထည်ဖော်ခဲ့သည်။
နိုင်ငံခြားရေးမူဝါဒတွင်မူ ဟူယောင်ပန်းသည် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် လိုလားခဲ့သည်။ သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ "အင်အားကြီးသူက အနိုင်ယူစတမ်း" (Hobbesian world) ဟူသော နိုင်ငံရေးလောကတွင်၊ လစ်ဘရယ် အတတ်ပညာရှင်များ၏ ချစ်ခင်မြတ်နိုးခံရသည့် ဟူယောင်ပန်း၏ ရိုးသားဖြောင့်မတ်မှု၊ သည်းခံစိတ်ရှိမှုနှင့် ပွင့်လင်းမှုတို့မှာ သူ၏ နိုင်ငံရေးအသက်အန္တရာယ်အတွက် အားနည်းချက်များသာ ဖြစ်လာခဲ့သည်။
ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခံရပြီးနောက် ဟူယောင်ပန်းက ၎င်း၏ ရိုးအခဲ့မှုကို ကြေကွဲစွာ ဝန်ခံခဲ့သည်။ သူက အခြား လစ်ဘရယ်အရာရှိကြီးတစ်ဦးအား "လူတွေ ဘယ်လောက်တောင် လှည့်ဖြားတတ်တယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ ၁၉၈၇ ခုနှစ် အစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခံရတော့မှပဲ ကျွန်တော့်ရဲ့ မိုက်မဲမှုကို သဘောပေါက်ခဲ့တာပါ" ဟု ပြောကြားခဲ့လေသည်။