ဒေါ်နယ်ထရန့်က မကြာခင် စစ်ပွဲ ပြီးဆုံးသွားနိုင်သည်ဟု ပြောလာခဲ့ သော်လည်း ၎င်းသည် ရန်သူကို လှည့်စားတတ်သည့် ဖိန့်လုံးများ ပြောဆိုရာတွင် ကျွမ်းကျင်သူ တဦး ဖြစ်သည်။
နောက်ဆုံး သတင်းအရ လက်ရှိ အီရန် စစ်ပွဲ အမေရိကန်က ကြည်းတပ်ဖြင့် ထိုးစစ်ဆင်လာပါက "မည်သူမျှ အသက်ရှင်ကျန်ရစ်မည်မဟုတ်" ဟု အီရန်ထိပ်သီးဗိုလ်ချုပ်ကြီးတစ်ဦးက စိန်ခေါ် လိုက်ပြီး ဗုဒ္ဓဟူးနေ့တွင် ထုတ်လွှင့်ခဲ့သည့် ရုပ်သံမိန့်ခွန်း၌မူ ထရမ့်က အမေရိကန်အနေဖြင့် နောက်ထပ် နှစ်ပတ်မှ သုံးပတ်အတွင်း အီရန်ကို "ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်သွားမည်" ဟု ပြောကြားခဲ့သည်။
ခါ့ဂ်ကျွန်း သည် ပင်လယ်ကွေ့ စစ်သမိုင်းတလျှောက် နောက်ခံကားချပ်တစ်ခုအဖြစ် အဖန်တလဲလဲ ပါဝင်ခဲ့ရသည့် ကံဆိုးသော မြေနေရာများထဲမှ တစ်ခုဖြစ်သည်။
ဂျင်မီကာတာ နှင့် ရော်နယ်ရေဂင် တို့ နှစ်ဦးစလုံးသည် ထိုကျွန်းကို ကျူးကျော်ရန် စဉ်းစားခဲ့ဖူးကြသည်။ ဆတ်ဒမ်ဟူစိန်ကလည်း ထိုကျွန်းကို ဗုံးကြဲခဲ့ဖူးသည်။ ဒေါ်နယ်ထရန့်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ထရန့်က အကယ်၍ သူသာ သမ္မတဖြစ်ခဲ့လျှင် ထိုကျွန်းကို "တစ်ပွဲတစ်လမ်း နွှဲပစ်မည်" ဟု ပြောကြားခဲ့ဖူးသည်။
ယခုအခါ အီရန်စစ်ပွဲသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြီးဆုံးသွားနိုင်ကြောင်းနှင့် ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ပွဲ၏ တိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ "အရေးကြီးသော" နောက်ဆုံးရသတင်းကို ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်ဟု ထရန့်က ဆိုထားသော်လည်း၊ သူသည် ဟန်ပြလှည့်ကွက်များ ဖိန့်လုံး များ နှင့် အာရုံလွဲအောင် ပြုလုပ်တတ်သည့် ရာဇဝင်ရှိသူဖြစ်သည်။ ထို့ပြင် သူက ထိုကျွန်းကို "သိမ်းပိုက်" ကောင်း သိမ်းပိုက်နိုင်သည်ဟုလည်း ပြောဆိုထားဖူးသည်။
အီရန်နိုင်ငံထုတ် ရေနံ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ ပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ်တင်ပို့ပေးနေသည့် ပင်မဆိပ်ကမ်းကြီး ရှိရာ ကျွန်းလည်း ဖြစ်သည်။ မစ္စတာထရန့်အနေဖြင့် ထိုကျွန်းကို သိမ်းပိုက် နိုင်မည် ဆိုက ရှေ့လျောက် အီရန် နှင့် အလျှော့အတင်းပြုလုပ်ရာတွင် အသာစီးရမည့် အသုံးချစရာ တခု ဖြစ် လာနိုင်သည်၊ ဆိုလိုသည်က အီရန်ဘက်က ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် ထိုကျွန်းကို ပြန်ပေးသည့်နည်းလမ်းဖြင့် အလဲအလှယ် လုပ်နိုင်သည်။
အမေရိကန်သည် ကျွန်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်ပေါင်း ၉၀ ကို တိုက်ခိုက်ကာ ကျွန်း၏ ခံစစ်ကို ချိနဲ့ သွား အောင် လုပ်ထားခဲ့ပြီး ဖြစ်သည်။ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များသည် ထိုကျွန်းကို သိမ်းယူ နိုင်စွမ်း ရှိနေပြီး ဖြစ်သည်။ သို့သော်လည်း ဆက်လက် ထိန်းချုပ်ထား ရေး တွင်မူ စွန့်စားရမှုများနှင့် စိန်ခေါ်မှုများစွာ ရှိလာနိုင်မည် ဖြစ်သည်။
ပထမဆုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ကျွန်းပေါ်သို့ ကြည်းတပ်ဖွဲ့များ ချထားနိုင်ရေးပင် ဖြစ်သည်။ မကြာသေးမီ သီတင်းပတ်များအတွင်းက အမေရိကန်သည် ကြည်တပ်စစ်ဆင်ရေးများတွင် အသုံးပြုနိုင်မည့် တပ်ဖွဲ့အသီးသီးကို ဖြန့်ကြက်လာခဲ့သည်။ ဂျပန်နိုင်ငံမှ စေလွှတ်လိုက်သော မရိန်းတပ်သား ၂,၅၀၀ ခန့် ပါဝင်ပြီး ကမ်းတက်တိုက်ခိုက်ရေးသင်္ဘော USS Tripoli ကို အားပြု ထားသည့် အမှတ် ၃၁ မရိန်းတပ်ဖွဲ့ သည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အမှတ် ၁၁ မရိန်းတပ်ဖွဲ့ သည်လည်း ကာလီဖိုးနီးယားမှ ထွက်ခွာလာပြီး နောက်ထပ် သီတင်းပတ်အနည်းငယ်အတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။
ထို့ပြင် ပင်တဂွန်စစ်ဌာနချုပ်သည် ကြည်းတပ်၏ အမှတ် ၈၂ လေထီးတပ်မကြီးမှ အထူးလေထီးတပ်သား ၂,၀၀၀ ကို ထိုဒေသသို့ စေလွှတ်ရန် အမိန့်ပေးထားပြီး၊ ၎င်းမှာ နောက်ထပ်ရောက်ရှိလာမည့် တပ်ဖွဲ့အများအပြားအတွက် ရှေ့ပြေးတပ်ဖွဲ့လည်း ဖြစ်နိုင်သည်။ အလားတူပင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာသည်လည်း ပင်လယ်ကွေ့ဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းများ၏ ခန့်မှန်းချက်အရ ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန်အတွက် အမေရိကန်အနေဖြင့် အနည်းဆုံး တိုက်ခိုက်ရေးတပ်ရင်း တစ်ရင်း (စစ်သည်အင်အား ၁,၀၀၀ ခန့်) လိုအပ်မည် ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပါက မရိန်းတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ သင်္ဘောများနှင့် ကမ်းတက်ယာဉ်များကို ကမ်းတက်စစ်ဆင်ရေးအတွက် သင့်တော်သောနေရာတွင် နေရာချထားနိုင်ရန် အခက်အခဲများ ရှိလာမည် ဖြစ်သည်။
စစ်သည်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို လေယာဉ်များဖြင့် ကျွန်းပေါ်သို့ ပို့ဆောင်ရမည့် လေကြောင်းချီစစ်ဆင်ရေး အတွက်လည်း စွန့်စွန့်စားစား လုပ်ရဖို့ ရှိနေသည်။ ခါ့ဂ်ကျွန်းတွင် လေယာဉ်ပြေးလမ်းတစ်ခု ရှိသော်လည်း အီရန်ဘက်က ထိုလမ်းကို ဗုံးကြဲဖျက်ဆီးထားနိုင်သည်။ ထို့ပြင် ထိုလေယာဉ်ပြေးလမ်းသည် လေထီးတပ်သားများ ဆင်းသက်ရန် အဆင် ပြေဆုံးနေရာ လည်း ဖြစ်နေသည့်အတွက် အီရန်တပ်ဖွဲ့များက ထိုနေရာတွင် ကြိုတင်စောင့်ကြိုနေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ထို့အတွက် အမေရိကန် တပ် များသည် ခါ့ဂ်ကျွန်းကို ဟယ်လီကော်ပတာများဖြင့် တိုက်ခိုက်နိုင်ဖွယ် ရှိသည်။ အမှတ် ၃၁ မရိန်းတပ်ဖွဲ့ သည် ပြီးခဲ့သည့်နှစ်က ပစိဖိတ်ဒေသတွင် ဤကဲ့သို့သော စီးနင်းတိုက်ခိုက်မှုမျိုးကို လေ့ကျင့်ခဲ့ဖူးသည်။ ထိုစဉ်က မရိန်းတပ်သား ၄၀၀ နီးပါးသည် သင်္ဘောပေါ်မှ ကမ်းခြေသို့ ကီလိုမီတာ ၁,၆၀၀ (မိုင် ၁,၀၀၀ ခန့်) အကွာအဝေးထိ ဟယ်လီကော်ပတာများဖြင့် ပျံသန်းခဲ့ကြပြီး ထိုအကွာအဝေးသည် အိုမန်မှ ခါ့ဂ်ကျွန်းထက်ပင် ပို၍ ဝေးသည်။
ပင်တဂွန်စစ်ဌာနချုပ်သည် ဟယ်လီကော်ပတာများ ဆီဖြည့်တင်းနိုင်ရန်နှင့် စစ်ဆင်ရေးအကြိမ်ရေ တိုးမြှင့်နိုင်ရန်အတွက် အနီးအနားတွင် ခြေကုပ် စခန်း တစ်ခုကို တည်ဆောက်နိုင်ခြေ ရှိသည်။ တိုက်ခိုက်ရေး ဟယ်လီကော်ပတာများအတွက် ကင်းထောက်လေယာဉ်များ၊ တိုက်လေယာဉ်များနှင့် အစောင့်လိုက် တိုက်ခိုက်ရေးဟယ်လီကော်ပတာများ လိုအပ်မည် ဖြစ်သည်။ ကျွန်းသို့ ချဉ်းကပ်လာချိန်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများအပြင် ပုခုံးထမ်း လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်ရနိုင်သည်။
တပ်ဖွဲ့ဝင်များအား ခါ့ဂ်ကျွန်းပေါ်သို့ ပို့ဆောင်နိုင်ဖို့က ပထမအဆင့်သာ ဖြစ်သည်။ ထို့နောက်တွင် အီရန်ဘက်မှ ပစ်ခတ်မှုများကြား၌ ကျွန်းပေါ်ရှိရန်သူများကို ရှင်းလင်းပြီး နယ်မြေစိုးမိုးမှု ရယူထားရန် လိုအပ်မည်ဖြစ်သည်။ အီရန်၏ အထူးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် ကျွန်းပေါ်တွင် မိုင်း များကို ချထားကြောင်း သတင်းများ ထွက်ပေါ်နေပြီး၊ ကျွန်းပေါ်တွင်လည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရှိနေဆဲဖြစ်သည်။
မရိန်းတပ်သားများသည် အကွာအဝေးတို ပစ်ခတ်နိုင်သော လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ကျွန်းပေါ်သို့ ဟယ်လီကော်ပတာများဖြင့် သယ်ယူဖြန့်ကြက်ရန် ကြိုးပမ်းနိုင်သော်လည်း၊ ထိုလက်နက်များ၏ အလေးချိန်နှင့် သွားရမည့် အကွာအဝေးတို့ကို ထည့်သွင်းစဉ်းစားပါက ၎င်းတို့ကို သယ်ယူရန်အတွက် ကမ်းတက်သင်္ဘောများ လိုအပ်လာနိုင်သည်။
ထိုအခြေအနေသည် စစ်သည်များကို ရန်သူ့တိုက်ခိုက်မှုအောက်တွင် ခုခံနိုင်စွမ်းအားနည်းသွားစေနိုင်ပါသည်။ ရွေးချယ်စရာ နည်းလမ်းတစ်ခုမှာ တိုက်ခိုက်ရေးဟယ်လီကော်ပတာများနှင့် တိုက်လေယာဉ်များကို ကျွန်းအထက်တွင် ကင်းလှည့်ပျံသန်းစေပြီး အကာအကွယ်ပေးခြင်း၊ အီရန်၏ ဒုံးကျည်များ သို့မဟုတ် ဒရုန်းအဖွဲ့များကို တိုက်ခိုက်ဖျက်ဆီးခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက လေယာဉ်အမြောက်အမြားကို အချိန်အကန့်အသတ်မရှိ အသုံးချထားရသကဲ့သို့ ဖြစ်နေပါလိမ့်မည်။
အမေရိကန်တွင် သင်္ဘောတင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ရှိသော်လည်း အများစုမှာ ခုခံဖျက်ဆီးနိုင်မည့် ဒုံးကျည် (interceptors) များ ပြတ်လပ်လုနီးပါး ဖြစ်နေသည်။ "အီရန်တွေဘက်က သူတို့လက်ထဲမှာ ကျန်ရှိသမျှ လက်နက်မှန်သမျှနဲ့ ဒီကျွန်းကို အလုံးအရင်းနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိ နေတယ်" ဟု ထိုဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန် အမှတ် (၅) ရေတပ် အုပ်စု ၏ ရေတပ်ဗိုလ်ချုပ်ဟောင်း ကယ်ဗင် ဒွန်နက်ဂန် က ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည် ခါ့ဂ်ကျွန်း၏ ရေနံဆိုင်ရာ အခြေခံအဆောက်အအုံများကို အကာအကွယ်ယူကာ အီရန်၏ ဝေဟင်မှ တိုက်ခိုက်မှုအန္တရာယ်ကို လျှော့ချနိုင်ခြေရှိသည်။ ကြည်းတပ်ဖွဲ့များသည် ရေနံပိုက်လိုင်းများ၊ သိုလှောင်ကန်များနှင့် သင်္ဘောဆိပ်ကမ်းများတစ်ဝိုက်တွင် အခိုင်အမာနေရာယူထားခြင်းဖြင့် အီရန်ဘက်က ၎င်းတို့၏ ကိုယ်ပိုင်ရေနံအဆောက်အအုံများကို ပြန်လည်ပစ်ခတ်မိစေရန် ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် အီရန်အစိုးရသည် "အမေရိကန်စစ်သားအချို့ကို သတ်ဖြတ်နိုင်ဖို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်ရေနံစီးပွားရေးယန္တရားတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လိုလားခြင်း ရှိ၊ မရှိ" ဆိုသည့် အကျပ်အတည်းသို့တွန်းပို့နိုင်မည်ဖြစ်သည်။
ပြဿနာမှာ ကျွန်းပေါ်သို့ ရောက်ရှိရန်နှင့် ရန်သူ့ပစ်ခတ်မှုများကို ခုခံကာကွယ်ရန်သာမကဘဲ အခြားစိန်ခေါ်မှုများလည်း ရှိနေပါသေးသည်။ ကမ်းတက်တပ်ဖွဲ့ တဖွဲ့သည် နှစ်ပတ်စာ ရိက္ခာကိုသာ သယ်ဆောင်နိုင်ပြီး၊ လေထီးတပ်မဟာ တခုဆိုလျှင် ထိုမျှ လောက်ပင် သယ်ယူ နိုင်စွမ်း မရှိပေ။ အစပိုင်းတွင် ထောက်ပံ့ရေးလုပ်ငန်းအများစုအတွက် အနည်းငယ်မျှသာ သယ်ယူနိုင်သည့် ဟယ်လီကော်ပတာများ သို့မဟုတ် အခြားလေယာဉ်များကိုသာ အားကိုးရဖွယ် ရှိသည်။
လေယာဉ်များဖြင့် ရိက္ခာများကို လေထီးဖြင့် ချပေးနိုင်သော်လည်း၊ စစ်သည်များကို ကျွန်းပေါ်သို့ ပို့ဆောင်စဉ်ကကဲ့သို့ပင် ရှုပ်ထွေးသော လေကြောင်းအစောင့်အရှောက် ပေးဖို့ များပြန်လည်ဖွဲ့စည်းရမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်မှာ မလွယ်ကူသလို ကုန်ကျစရိတ်လည်း အလွန်ကြီးမားမည် ဖြစ်သည်။
ထိုသို့သော အနေအထားများ ကြောင့် ခါ့ဂ်ကျွန်းကို ထိန်းချုပ်ထားခြင်းသည် ထရမ့်၏ ရည်မှန်းချက်ဖြစ်သော "ရေနံကို သိမ်းပိုက်ရန်" အတွက် အမှန်တကယ် အထောက်အကူပြုမည်လား ဆိုသည်ပင် ဖြစ်သည်။ အီရန်အနေဖြင့် ကျွန်းသို့ သွယ်တန်းထားသော ရေနံပိုက်လိုင်းများကို ပိတ်ပစ်နိုင်ပြီး၊ ခါ့ဂ်ကျွန်း တင်ပို့နိုင်စွမ်း၏ လေးပုံတစ်ပုံခန့်ကို ကိုင်တွယ်နိုင်သည့် ကမ်းရိုးတန်းတစ်လျှောက်ရှိ အခြားရေနံဆိပ်ကမ်းများသို့ လမ်းကြောင်းလွှဲ ပြောင်းလဲပို့လွှတ်နိုင်ခြေ ရှိသည်။
အကယ်၍ ရေနံများ ဆက်လက်စီးဆင်းနေဦးမည်ဆိုလျှင်ပင် ထရမ့်အနေဖြင့် ထိုရေနံများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပြည်ပသို့ ထွက်ခွာနိုင်အောင် လုပ်ဆောင်ရဦးမည်ဖြစ်သည်။ အမှန်စင်စစ် အီရန်သည် အံ့ဩဖွယ်ရာ ကောင်းလောက်အောင် တရက်လျှင် ရေနံစည်ပေါင်း ၁.၅ သန်းကျော် တင်ပို့ နိုင်နေဆဲ ဖြစ်၍ ဗင်နီဇွဲလားအရေးတွင် လုပ်ခဲ့သလိုပင်လယ်ပြင်ရှိ ရေနံတင်သင်္ဘောများကို ဖမ်းဆီးခြင်းက ပိုမိုလွယ်ကူနိုင်သည်။
သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် နှစ်ပေါင်း ၄၀ နီးပါးအတွင်း အမေရိကန်၏ အကြီးမားဆုံး လေကြောင်းချီစစ်ဆင်ရေးကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ ပြကွက်မျိုးတော့ ဖြစ်လာမည်မဟုတ်ပေ။
(၂၀၂၆ ဧပြီ ၁ ရက် ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "How would American ground forces take Kharg?" ဆောင်းပါးမှ ထုတ်နှုတ်တင်ပြသည်။)