သမ္မတ ရာထူး သည် ကျူးလွန်ခဲ့သည့် ပြစ်မှု များ ကို အကာအကွယ် ပေးနိုင်မည် မဟုတ်

by Hla Soewai - Apr 05 2026

မင်းအောင်လှိုင်အား သမ္မတ အဖြစ် ၎င်း၏ လက်ဝေခံ များက တင်မြှောက်လိုက်ကြပြီ ဆိုသော သတင်း အပေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက ယခုလို တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

 

ထို အဖွဲ့ကြီးသည် ၎င်း ကျုးလွန်ခဲ့သော ပြစ်မှု များ အတွက် နိုင်ငံတကာ တရားဥပဒေများ နှစ် အညီ စီရင်နိုင်ဖို့ ထိပ်ဆုံးမှ ကြိုးပမ်းနေသော အဖွဲ့ကြီးလည်း ဖြစ်သည်။ 'အားလုံးကို ငါတို့ ဖျက်ဆီးပစ်မည်' (We Will Destroy Everything) အစီရင်ခံစာတွင် အမည်တပ် ဖော်ပြခံထားရသူ ၁၃ ဦးထဲ၌ မင်းအောင်လှိုင်သည် ထိပ်ဆုံးမှ ပါဝင်နေသူ ဖြစ်သည်။

 

"မင်း‌အောင်လှိုင်သည် စစ်ဝတ်စုံကို ချွတ်ကာ အရပ်ဝတ် ကောက်လဲပြီး သမ္မတ ဆိုသည့် ရာထူး အမည်နာမ တခု ကောက်တပ်လိုက်ယုံဖြင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကြီးလေးသည့် ပြစ်မှုများအတွက် ၎င်းတွင် တာဝန်ရှိမှုအပေါ်တွင်မူ မည်သို့မျှ ပြောင်းလဲသွားစေမည် မဟုတ်" ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တွင် တောင်းဆိုထားပြီးဖြစ်သည်။ အကယ်၍ ထိုဝရမ်းကို ခွင့်ပြုလိုက်မည်ဆိုပါက ICC အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ နယ်နိမိတ်အတွင်းသို့ မင်းအောင်လှိုင် ရောက်ရှိလာပါက ဖမ်းဆီးရန် တာဝန်ရှိသည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုကဲ့သို့ နိုင်ငံရေးအရ အပြောင်းအလဲများကို အကြောင်းပြချက်ပေးကာ မိမိတို့၏ အပြည်ပြည်ဆိုင်ရာ ဥပ‌ ဒေ များ လိုက်နာရမည့် တာဝန်များကို လျစ်လျူရှုမည့်အစား၊ ၎င်း မြန်မာနိုင်ငံမှ ထွက်ခွာသွားပါက မည်သည့်နေရာတွင်မျှ ခိုလှုံခွင့်မရစေရန်နှင့် ချက်ချင်းဖမ်းဆီးနိုင်ရန် သေချာစွာ ဆောင်ရွက်သင့်ဟုလည်း တိုက်တွန်းထားသည်။

 

ဂျပန် တိုင်းမ် သတင်းစာကြီးက ရေးသားရာတွင် ၎င်း၏ အမည်သည် မဲပြားတွင် ပါဝင်ခဲ့ခြင်း မရှိ၊ ရွေးကောက်ပွဲ မဲဆွယ် ပိုစတာများတွင်လည်း ၎င်း၏ ဓါတ်ပုံဟူ၍ တခုတလေမျှ မတွေ့ရသော်လည်း မင်းအောင်လှိုင် သာ သမ္မတ ဖြစ်လာမည် ဆိုသည်က ရွေးကောက်ပွဲ မစမီကပင် ဟိုးလေးတကြော်ကြော် ဖြစ်လာနေပြီး ဖြစ်သည်။

 

ထိုသို့ ဖြစ်လာအောင် တနှစ်နီးပါး စနစ်တကျ ကြံဆဖန်တီးထားသော အကူးအပြောင်းသည် အနှောက်အယှက် ဟူ၍ တစုံတရာမျှပင် မတွေ့ရပဲ တဆင့်ပြီး တဆင့် ဖြစ်ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတကာ အသိုက်အဝန်း တွင် ဝင်ဆန့်သူလည်း မဟုတ်၊ ပြည်ပ သတင်းထောက်များ နှင့်လည်း ‌တွေ့ဆုံ ပြောဆိုခဲ့ခြင်းသည်လည်း မရှိသလောက်ပင် ဖြစ်၍ ၎င်း၏ စိတ်နေ စိတ်ထားကို သိဖို့ ခက်ခဲနေရသည်။

 

ထို့အတွက် သတင်းထောက်များသည် ၎င်း၏ နားလည်ရခက်သော အတွေးအခေါ်များကို ထိုးထွင်း သုံးသပ်ပေးနိုင်သည့် ရင်းနှီးကျွမ်းဝင်သူ ခြောက်ဦးအပြင်၊ စစ်အုပ်စု အ‌ ပေါ် နိုင်ငံရေး အရ လေ့လာဆန်းစစ်သူ နှစ်ဦးကို ချဉ်းကပ် မေးမြန်းခဲ့ကြသည်။

 

မင်း‌ အောင် လှိုင်သည် စိတ်မာ ခက်ထန်သော စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း၊ ၎င်းအနား ခစားနေကြသည့် အာဏာရ အသိုင်းအဝန်း ကို စီမံခန့်ခွဲရာတွင် ပါးနပ်ကျွမ်းကျင်သော နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ် သုံးဦးနှင့် လေ့လာဆန်းစစ်သူ နှစ်ဦးက ဆိုသည်။

 

၎င်း၏ ထိုအရည်အချင်းများကြောင့်ပင် စစ်တပ်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံအပေါ် စိုးမိုးထားနိုင်မှုကို ထိခိုက်စေခဲ့သည့် ရှေ့တန်းစစ်မျက်နှာများတွင် အရှုံး နှင့် ရင်ဆိုင် နေရမှု အပေါ် စစ်တပ်ထောက်ခံသူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ကြားမှ အာဏာကို ဆက်လက်ထိန်းထားနိုင်ခြင်း ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်များက ပြောကြားခဲ့ကြသည်။

 

"၎င်းသည် စစ်ရေးအရ ရက်စက်ကြမ်းကြုတ်မှုကြောင့်တင် ခေါင်းဆောင်ဖြစ်လာတာမဟုတ်ဘဲ၊ သူ့အပေါ်မှာရှိနေတဲ့ ဘက်ပေါင်းစုံက ဖိအားတွေ လျှော့ကျသွားအောင် ပါးပါးနပ်နပ် လုပ်ကိုင် နိုင် သည့် အတွက် လည်း ခေါင်းဆောင်ဖြစ်လာခြင်း" ဟု မင်းအောင်လှိုင်နှင့် တွေ့ဆုံဖူးသည့် နိုင်ငံခြားသား အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

 

အထူးသဖြင့် တရုတ်ဖက်မှ ကိုယ်ဖိရင်ဖိ ထောက်ခံအားပေး လာခဲ့ခြင်း ကြောင့်ရှေ့တန်းစစ်မျက်နှာများတွင် ၎င်း၏ သစ္စာခံ တပ်များ အကန့်အသတ်ဖြင့် ပြန်၍ အသာစီးရလာမှု ကြောင့် မင်းအောင်လှိုင်သည် ပို၍ မာန်တက်လာခဲ့သည်။

 

ယခုလည်း ၎င်း စိတ်ကြိုက် လူများသာ သွတ်သွင်းထား‌ သော လွှတ်‌ တော် ဆိုသည်မှ သမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရမှု ကို ချီးကြူးဂုဏ်ပြု ကြောင်း ပြောဆိုလာခဲ့သည်။ သို့သော် ရှီကျင့်ပင် ထံမှ တော့ မဟုတ်၊ တရားဝင် သဝဏ်လွှာ လည်း မဟုတ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အဆင့်မှ အပတ်စဉ် လုပ်‌ နေကျ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလာသည်များကို ဖြေဆိုရင်း ပြောဆိုသွားသည့် အဆင့်သာ ရှိပေသည်။

 

နိုင်ငံတကာ သတင်းစာမျက်နှာများတွင် အာဏာသိမ်း ခေါင်းဆောင်မှ ရွေးကောက်ပွဲ အတု ဖြင့် သူ့ကိုယ်သူ သမ္မတ ပြန်ခန့်ဟု စာလုဲးမည်းကြီးများ ဖြင့် ပါလာနေချိန်မျိုး တွင် တရုတ် လည်း ထိုမျှ လောက် သာ အရှက်ကွဲ ခံတော့မည် ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်သည် ၎င်း ဆယ်နှစ်ကျော် တောင့်တ ခဲ့ရသည့် သမ္မတ ဆိုသည့် ရာထူးကို ရသွားခဲ့သော် လည်း အမြဲလို ရတက်မအေး စရာက ရှိလာနေသည်။ စစ်တပ်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အရ သမ္မတသည် အုပ်ချုပ်ရေးအာဏာကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခွင့်ရှိသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များအပေါ်တွင်မူ အာဏာသက်ရောက်မှု မရှိပေ။ ယခင်ကလို ဗိုလ်ချုပ်များကို ဖြုတ်ချင်တိုင်းဖြုတ်၊ ချောင်ထိုးချင်တိုင်း ချောင်ထိုး၍ မရတော့ပေ။

 

"စစ်တပ်က လက်ရှိ လုပ်နေတဲ့ ပုံစံကို သဘောမကျတဲ့သူတွေ ရှိနိုင်သလို၊ မင်းအောင်လှိုင်ကို မနှစ်သက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်" ဟု စီဒီအမ် ဗိုလ်မှုး နောင်ရိုးက ထောက်ပြခဲ့သည်။

 

စစ်တပ်က အကူးအပြောင်းကာလကို စနစ်တကျ ရှိလှသည်ဟု ပုံဖော်ပြသနေသော်လည်း၊ အမှန်တကယ်တွင်မူ နိုင်ငံ၏ ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်နိုင်တော့ပြီး ပြိုကွဲပျက်စီး လိုက်လာ နေသော တိုင်းပြည်၏ လက်ရှိအခြေအနေမှန်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်ဟု နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားထားသည်။

 

မင်းအောင်လှိုင်အား တောင်အ မေရိက ရှိ အာဂျင်တီနား၊ ဥရောပ တိုက်တွင် ဂျာမဏီ နှင့် ယခု အာရှတွင် ဖိလစ်ပိုင်၊ အရှေ့တီမော နှင့် နောက်ဆုံး G-20 အဖွဲ့ဝင် အင်ဒိုနီးရှား တွင် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လာပြီ ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင်သည် ကမ္ဘာတိုက်ကြီး အသီးသီး တွင် တရားစွဲ ခံနေရပြီဟု ပြော၍ ရပေသည်။

 

မင်းအောင်လှိုင်၏ ဘဝသည် မူးယစ်ရာဇာ ကြီး များ အလား ဆုတ်လဲစူး စားလည်းရူး ဘဝ ရောက်နေရသူ ဖြစ်သည်။ အက်စကိုဘား သည် တိမ်းရှောင်နေရစဉ်က အချမ်းပြေ အောင် ဒေါ်လာ ငွေစက္ကူများဖြင့် မီးဖို၍ မီးလှုံခဲ့ရသည်အထိ ကျိကျိတက် ချမ်းသာနေသော်လည်း ၎င်း၏ အလုပ်ကို မစွန့်လွှတ်ရဲ၊ စွန့်လွှတ်လိုက်မည် ဆိုက ရန်သူပေါင်း သောင်း ခြောက်ထောင်၏ လက်စားချေ သတ်ဖြတ်ခြင်း ခံရမည်စိုး၍ ဆက်လုပ် နေခဲ့ရင်းနောက်ဆုံး ဆင်ဖြေဖုံး ရပ်ကွက် တခု ၏ အိမ်ခေါင်မိုး ပေါ်တွင် အသက်ပျောက် သွားခဲ့ရသည် မဟုတ်ပါလား။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!