အီရန်တို့၏ ပစ်ခတ်မှုကြောင့် တိုက်လေယာဉ် ထိမှန်သွားပြီးနောက် စက္ကန့်ပိုင်းအလိုတွင် လေယာဉ်အမှုထမ်း နှစ်ဦးသည် လေယာဉ်ပေါ်မှ အရေးပေါ် ခုန်ထွက်ခဲ့ကြသည်။ စစ်ပွဲအတွင်း ရန်သူ့ပစ်ခတ်မှုကြောင့် ပထမဆုံးအကြိမ် ဆုံးရှုံးလိုက်ရသည့် ထို F-15E Strike Eagle တိုက်လေယာဉ်သည် မြေပြင်ပေါ်သို့ ထိုးကျ သွားခဲ့သည်။
သောကြာနေ့ နံနက်ပိုင်းတွင် ၎င်းတို့သည် ရန်သူ့နယ်မြေအတွင်းပိုင်း တွင် ရောက်ရှိနေခဲ့ကြပြီး လက်နက်အဖြစ် ပစ္စတိုသေနတ်များသာ လက်ဝယ် ရှိနေကြသည်။ သို့သော် လေယာဉ်မှူးသည် ၎င်း၏ တပ်ဖွဲ့နှင့် 'အမြဲမပြတ် ဆက်သွယ်မှု' ရှိနေခဲ့ပြီး ခြောက်နာရီခန့်အကြာတွင် ရန်သူ့အပြင်းအထန် ပစ်ခတ်မှုများကြားမှ တိုက်ခိုက်ရေးလေယာဉ်များနှင့် ရဟတ်ယာဉ်များ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့က ၎င်းကို ကယ်ထုတ်နိုင်ခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သို့သော် လေယာဉ်၏ လက်နက်စနစ် ထိန်းချုပ်ရေးအရာရှိ မှာမူ ပျောက်ဆုံးနေခဲ့သည်။ အသက်ဘေးမှ လွတ်မြောက်ရန် လေယာဉ်ပေါ်မှ အသည်းအသန် ခုန်ထွက်ခဲ့ရ၍ လေယာဉ်မှူးနှင့် လူချင်း ကွဲသွားခဲ့သည်။ ဤအခြေအနေကြောင့် စစ်ဆင်ရေးနယ်မြေ တစ်ခုလုံးရှိ အမေရိကန် စစ်တပ်နှင့် စီအိုင်အေ အရာရှိများအတွက် နှစ်ရက်တိုင်တိုင် အဓိက အာရုံစိုက် အချိန်လုရှာဖွေရ တော့မည့် အရေး ဖြစ်လာခဲ့သည်။
အဆိုပါ လက်နက်စနစ် ထိန်းချုပ်ရေးအရာရှိ၏ အသက်ရှင်သန်ရေး ရုန်းကန်မှုနှင့် ကယ်ဆယ်ရေး ဖြစ်စဉ်အသေးစိတ်ကို လက်ရှိနှင့် အငြိမ်းစား စစ်ဘက်ဆိုင်ရာ အရာရှိများ၊ အစိုးရ တာဝန်ရှိသူ ၁၂ ဦးခန့်အား မေးမြန်းချက်များအပေါ် အခြေခံ၍ နယူး ယောက် တိုင်းမ် သတင်းစာ က ယခုလို ရေးသားလာခဲ့သည်။
ထောက်လှမ်းရေး လေယာဉ်များ နှင့် ဒရုန်းများသည် လေယာဉ်ပျက်ကျရာ အနီးတစ်ဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြသော်လည်း ထို အရာရှိကိုသော်လည်းကောင်း၊ ၎င်း အသက်ရှင်နေသည့် လက္ခဏာ တစ်စုံတစ်ရာကိုသော်လည်းကောင်း မတွေ့ရှိရသေး၍ အခြေအနေ အတည်မပြုနိုင်သေးသူ' (Status Unknown) အဖြစ် သတ်မှတ်ခဲ့ကြသည်။
ထို အရာရှိအတွက် တခုတည်းသော တာဝန်မှာ 'ရန်သူ ၏ အဖမ်းမခံရ ရ ရေး နှင့် အသက်ရှင်သန်ရေး' ဟူသည့် စကားလုံး နှစ်လုံးကို အကောင်အထည် ဖေါ်ရဖို့သာ ကျန်ရှိတော့သည်။ ရန်သူများ ဝိုင်းရံထားနိုင်သည့် အခြေအနေတွင် ၎င်းသည် ပေ ၇,၀၀၀ မြင့်သော တောင်တန်းပေါ်သို့ တက်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့များ သူ့ကို မတွေ့မချင်း ဘေးကင်းမည်ဟု မျှော်လင့်ရသော ကျောက်ဆောင်ကြားရှိ အက်ကြောင်းတစ်ခုအတွင်းသို့ တိုးဝင် ပုန်းအောင်းနေခဲ့ရသည်ဟု ဆိုသည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (U.S. Central Command) သည် လေယာဉ်ပျက်ကျသွားကြောင်းနှင့် လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ရန် ပြင်ဆင်နေခဲ့သည်။
သို့သော် ထိုထုတ်ပြန်ချက်ကို ထုတ်ပြန်ရန် အသင့်ဖြစ်နေချိန် (တိုက်လေယာဉ် ထိမှန်ခံရပြီး ၁၄ နာရီခန့်အကြာ) တွင်မူ အမေရိကန် တာဝန်ရှိသူများသည် လက်နက်စနစ် ထိန်းချုပ်ရေးအရာရှိ ထံပါလာသည့် အချက်ပြကိရိယာ (Beacon) မှတစ်ဆင့် ၎င်းတည်ရှိရာနေရာကို တိတိကျကျ သိရှိခဲ့ကြသည်။
လေတပ် တိုက်လေယာဉ်မှူးများနှင့် လက်နက်စနစ် အရာရှိများတွင် ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်နိုင်ရန် အချက်ပြကိရိယာများနှင့် လုံခြုံစိတ်ချရသော ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင်ပေးထားလေ့ရှိသည်။ သို့သော် ၎င်းတို့၏ တည်နေရာကို အဆက်မပြတ် အချက်ပြခြင်း မပြုရန်နှင့် ရန်သူကပါ ရိပ်မိသွားနိုင်သည့် ထိုအချက်ပြကိရိယာကို အကန့်အသတ်ဖြင့်သာ အသုံးပြုရန် ၎င်းတို့ကို လေ့ကျင့်ပေးထားပြီး ဖြစ်သည်။
"အလယ်ပိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများသည် ထုတ်ပြန်ရန် ပြင်ဆင်ထားသည့် ထုတ်ပြန်ချက်ကို ချက်ချင်း ဖျက်သိမ်းလိုက်သည်။ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က သမ္မတ ထရမ့်ထံ ဖုန်းဆက်၍ လက်နက်စနစ်အရာရှိကို ရှာဖွေတွေ့ရှိနိုင်ခြေ ရှိသရွေ့ လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့သည့် သတင်းကို လျှို့ဝှက်ထားရန် လိုအပ်ကြောင်း အသိပေးခဲ့သည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံက ရှာဖွေရေးအဖွဲ့ အများအပြားကို စေလွှတ်ထားခဲ့ရာ ၎င်းတို့အနက် အဖွဲ့တစ်ဖွဲ့မှာ လက်နက်စနစ်အရာရှိ ပုန်းအောင်းနေသည့် တောင်ခြေရင်းသို့ ရောက်ရှိ စုဖွဲ့နေခဲ့ကြသည်။ အီရန်တို့အတွက်မူ ပျက်ကျသွားသည့် လေတပ်ဗိုလ်မှူးကြီးကို ဖမ်းဆီးရမိခြင်းသည် အမေရိကန်နှင့် ရှေ့လျောက်ဆွေးနွေးမှုများတွင် အသာစီးရယူနိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်နေခဲ့သည်။
မည်သည့်ရဲဘော်ကိုမျှ ပစ်မထားခဲ့" (No man left behind) ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် အမေရိကန်စစ်တပ်အတွက်မူ ပျက်ကျကျန်ရစ်ခဲ့သော အရာရှိကို ပြန်လည်ရှာဖွေတွေ့ရှိရန်မှာ ကျင့်ဝတ်အရ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်နေခဲ့သည်။
လေယာဉ်ပေါ်မှ အရှိန်ပြင်းစွာ ခုန်ထွက်ခဲ့ရသည့် ဒဏ်ကြောင့် တကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေသည့် လက်နက်စနစ်အရာရှိသည် တောင်ကြားထဲတွင်သာ စောင့်ဆိုင်းနေခဲ့သည်။ အမေရိကန်နှင့် အီရန်တပ်ဖွဲ့ နှစ်ဖက်စလုံးက မိမိကိုရှာဖွေ နိုင်ရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေကြသည်ကို ကောင်းစွာ သိရှိနေခဲ့ပြီး ဖြစ်သည်။
၎င်း၏ အချက်ပြမှုသည် ပြတ်တောင်း ပြတ်တောင်း ဖြစ် နေခဲ့သည်။ စစ်တပ်အတွက် ပထမဆုံး လုပ်ဆောင်ရမည့်အလုပ်မှာ အချက်ပြနေသူသည် ပျောက်ဆုံးနေသော အရာရှိအစစ်အမှန် ဟုတ်မဟုတ်နှင့် အီရန်ဘက်မှ ၎င်း၏ ကိရိယာများကို ရှာဖွေတွေ့ရှိသွားသူ တဦးဦး မဟုတ်ကြောင်း သေချာစေရန် ဖြစ်သည်။
ဗာဂျီးနီးယားပြည်နယ်၊ လန်ဂလေရှိ စီအိုင်အေ ဌာနချုပ်တွင်မူ အမေရိကန်စစ်တပ်နှင့် လေသူရဲအတွက် အချိန်ဆွဲ ထားနိုင်ရန် လှည့်ဖြားဖို့ အစီအစဉ်တစ်ခုကို ရေးဆွဲနေခဲ့သည်။ ၎င်းတို့သည် အဆိုပါလေသူရဲကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်းနှင့် ကုန်းလမ်းမှ တဆင့် နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားနေပြီဖြစ်ကြောင်း သတင်းအမှားများကို အီရန်အတွင်း၌ ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် အီရန်တို့အနေနှင့် လေသူရဲရှိနိုင်မည်ဟု ယူဆရသည့် နေရာတွင် ရှာဖွေနေခြင်းကို ရပ်တန့်ပြီး ထိုဒေသမှ ထွက်ခွာရာ လမ်းမကြီးများပေါ်တွင်သာ အာရုံပြောင်း၍ ရှာဖွေလာစေရန် မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။
စီအိုင်အေ ၏ ထိုသို့ လှည့်ဖြားမှုသည် လေသူရဲကို လိုက်လံရှာဖွေနေသည့် အီရန်တပ်ဖွဲ့များအကြား ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
သို့သော်လည်း အီရန်တို့သည် ရှာဖွေရေးကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး နိုင်ငံပိုင် အဓိကရုပ်သံလိုင်းမှတစ်ဆင့် 'ရန်သူ့လေသူရဲ သို့မဟုတ် လေသူရဲများ' ကို ဖမ်းဆီးကာ လုံခြုံရေးတပ်ဖွဲ့များထံ အသက်ရှင်လျက် အပ်နှံပါက ဆုလာဘ်ပေးမည်ဟု လူထုသို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။
စနေနေ့ နံနက်ပိုင်းတွင်မူ သမ္မတ ထရမ့်သည် အီရန်ခေါင်းဆောင်များအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးပါက နိုင်ငံ၏ လျှပ်စစ်အခြေခံအဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟု ကြိမ်းဝါးကာ ခြိမ်းခြောက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။ 'အချိန်ကုန်တော့မယ်—၄၈ နာရီအတွင်း သူတို့အပေါ် ငရဲမီးတွေ ကျရောက်တော့မှာပါ' ဟု ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
ထိုအချိန်တွင် အမေရိကန် စစ်ဘက်တာဝန်ရှိသူများသည် အင်အား ၁၀၀ ခန့်ရှိသော အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ပါဝင်သည့် ကြီးမား ရှုပ်ထွေးသော ကယ်ဆယ်ရေး မစ်ရှင်တစ်ခုအတွက် နောက်ဆုံးအဆင့် ပြင်ဆင်မှုများကို လုပ်ဆောင်နေကြသည်။ အဆိုပါစစ်ဆင်ရေးကို SEAL Team 6 အဖွဲ့ဝင်များက ဦးဆောင်ပြီး လိုအပ်ပါက အကူအညီပေးရန်အတွက် Delta Force ကွန်မန်ဒိုများနှင့် Army Rangers တပ်ဖွဲ့များကိုလည်း အသင့်အနေအထား ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် ရဟတ်ယာဉ်များ၊ ထောက်လှမ်းရေးလေယာဉ်များ၊ တိုက်လေယာဉ်များနှင့် ဝေဟင်ဆီဖြည့်လေယာဉ်များ အားလည်း နောက်တန်းမှ ပံ့ပိုးကူညီရန် အသင့်ပြင်ထားခဲ့သည်။
လက်နက်စနစ်အရာရှိ ရှိနေသည့်နေရာကို သိရှိရန်နှင့် သူကိုယ်တိုင် ဟုတ်မဟုတ် အတည်ပြုရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ထိုသို့ အတည်ပြု နိုင်အောင် စစ်ဘက်တာဝန်ရှိသူများကို စီအိုင်အေ က ကူညီပေးခဲ့သည်။
စီအိုင်အေသည် ၎င်းတို့အေဂျင်စီတွင်သာရှိသည့် အထူးနည်းပညာတစ်ရပ်ကို အသုံးပြု၍ တောင်ကြားအက်ကြောင်းအတွင်း ပုန်းအောင်းနေသော လေသူရဲကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးအရာရှိများသည် ထိုလေသူရဲသည် တစ်ဦးတည်းရှိနေခြင်းလား၊ အီရန်တို့ ဝိုင်းရံထားခြင်း ခံနေရသလား သို့မဟုတ် အဖမ်းခံထားရပြီလား ဆိုသည်ကို သိရှိနိုင်ရန် ထောက်လှမ်းရေးသတင်းများကို စုဆောင်းခဲ့ကြသည်။
လေသူရဲသည် တစ်ဦးတည်းရှိနေကြောင်း အတည်ပြုပြီးနောက်တွင်မူ စစ်ဘက်အဆင့်မြင့်အရာရှိများသည် စစ်ဆင်ရေးကို စတင်ရန် မှောင်လာသည်အထိ စောင့်ဆိုင်းခဲ့ကြသည်။ ထို့နောက် ကွန်မန်ဒိုများ တင်ဆောင်လာသည့် အထူးစစ်ဆင်ရေးသုံး ရဟတ်ယာဉ်များသည် ၎င်း စောင့်ဆိုင်းနေသော ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသသို့ တပြိုင်တည်း ပျံသန်းထွက်ခွာ လာခဲ့ကြသည်။
အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ၎င်းအား ကယ်ဆယ်ရမည့် စစ်ဆင်ရေးသည် အမေရိကန် အထူးစစ်ဆင်ရေးသမိုင်းတွင် အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံး စစ်ဆင်ရေးများအနက် တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
ကွန်မန်ဒိုများသည် တောင်ထူထပ်သော မြေမျက်နှာသွင်ပြင် အခက်အခဲ၊ ၎င်းတို့ကို လာရောက်တိုက်ခိုက်ရန် အပြေးအလွှား ချဉ်းကပ်လာနိုင်သည့် အီရန်တပ်ဖွဲ့များ၏ အန္တရာယ်နှင့် အခြေအနေ အတိအကျမသိရသေးသော ဒဏ်ရာရ လေသူရဲ၏ ကျန်းမာရေး အခြေအနေတို့ကိုပါ ရင်ဆိုင်ကျော်လွှားခဲ့ကြရသည်။
ကွန်မန်ဒိုများ ရည်မှန်းချက်နေရာသို့ ဆင်းသက်ချိန်တွင် အမေရိကန်နှင့် အစ္စရေး တိုက်လေယာဉ်များက ဗုံးများ ကြဲချခဲ့ရာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တောက်ပသော လိမ္မော်ရောင် အလင်းတန်းများသည် ပတ်ဝန်းကျင်ရှိ တောင်တန်းများ တဝိုက် လင်းထိန်သွားခဲ့သည်။
ကွန်မန်ဒိုများသည် အနီးအနားရှိ အီရန်စစ်သားများ ၎င်းတို့ထံ ချဉ်းကပ်မလာနိုင်စေရန် အပြင်းအထန် ပစ်ခတ်ခဲ့ကြသည်။
သို့သော် ၎င်းတို့သည် ရန်သူ့တပ်ဖွဲ့များနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမျိုးတော့ မရှိခဲ့ပေ။ အမေရိကန် တာဝန်ရှိသူများကလေသူရဲ ပုန်းအောင်းနေသည့် ဒေသသည် အီရန်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် ဒေသဖြစ်ပြီး၊ အီရန်တပ်ဖွဲ့များသည် ထိုနေရာနှင့် မည်မျှအထိ နီးကပ်စွာ ရောက်ရှိခဲ့သည်ဆိုသည်မှာမူ တိတိကျကျ မသိရဟု ဆိုသည်။
၎င်းကို ရဟတ်ယာဉ်ပေါ်သို့ အမြန်တင်ဆောင်ကာ အီရန်နိုင်ငံအတွင်းရှိ သဲထူထပ်သော လဟာပြင်ထဲရှိ လေယာဉ်ကွင်းငယ်တစ်ခုသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါနေရာမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ဖြစ်လာနိုင်ခြေရှိသော ကယ်ဆယ်ရေးလုပ်ငန်းများ သို့မဟုတ် အခြားသော အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားသည့် နေရာတစ်ခု ဖြစ်သည်။
မူလအစီအစဉ်မှာ လေသူရဲနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို C-130 လေယာဉ်နှစ်စင်းပေါ်သို့ ချက်ချင်းတင်ဆောင်ကာ အန္တရာယ်ကင်းရာ ကူဝိတ်နိုင်ငံရှိ လေတပ်စခန်းတစ်ခုသို့ ပျံသန်းခေါ်ဆောင်သွားရန်ဖြစ်သည်။ သို့သော် နောက်ဆုံးအချိန်တွင် မမျှော်လင့်ထားသော အလှည့်အပြောင်းတခုအဖြစ် အဆိုပါလေယာဉ်များအနက် အနည်းဆုံးတစ်စင်း (သို့မဟုတ် နှစ်စင်းစလုံး) ၏ ရှေ့ဘီးမှာ လေယာဉ်ကွင်းရှိ သဲမြေထဲတွင် ကျွံ၍ တစ်နေခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ ကျွံနေသော ဘီးများကို ပြန်ထုတ်ရန် ကြိုးပမ်းမှုများမှာလည်း မအောင်မြင်ခဲ့သဖြင့် ကွန်မန်ဒိုများသည် အစားထိုး လေယာဉ်သုံးစင်းကို ထပ်မံတောင်းဆိုခဲ့ကြရသည်။ ပင်တဂွန်စစ်ဌာနချုပ်နှင့် အလယ်ပိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများသည် ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဟု ထင်မှတ်ထားရသော အန္တရာယ်ကြီးမားသည့် ထိုစစ်ဆင်ရေး၏ အောင်မြင်မှုမှာ ရုတ်တရက်ဆိုသလို မရေမရာ ဖြစ်သွားခဲ့ရသည်။
အဆုံးသတ်တွင်မူ ကွန်မန်ဒိုများနှင့် ဒဏ်ရာရရှိထားသော လက်နက်စနစ် ထိန်းချုပ်ရေးအရာရှိကို အသစ်ထပ်မံရောက်ရှိလာသည့် အစားထိုးလေယာဉ် သုံးစင်းပေါ်သို့ ပြောင်းရွှေ့တင်ဆောင်နိုင်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ ထွက်ခွာသွားပြီးနောက်တွင် အမေရိကန် တိုက်လေယာဉ်များသည် သဲထဲကျွံ၍ ကျန်ရစ်ခဲ့သော လေယာဉ်နှစ်စင်းကို အီရန်တို့လက်ထဲသို့ မရောက်ရှိစေရန်အတွက် ဗုံးကြဲဖျက်ဆီးပစ်ခဲ့ကြသည်။ (ပုံတွင် တွေ့နိုင်သည်)
နေထွက်လာချိန်တွင် ဝေးလံခေါင်သီသော ထိုလေယာဉ်ကွင်းမှ လေယာဉ်သုံးစင်းသည် တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပျံတက်ခဲ့ကြသည်။ ကယ်ထုတ်လာသော လေသူရဲပါရှိသည့် လေယာဉ်က ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းပြီး ကျန်လေယာဉ်များက နောက်မှ လိုက်ပါခဲ့ကြသည်။
လေယာဉ်များသည် အီရန်လေပိုင်နက်အတွင်းမှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းမှာ အိမ်ဖြူတော်သို့ ရောက်ရှိလာသည့်အခါတွင်မူ သမ္မတ ထရမ့်က စစ်ဆင်ရေးအောင်မြင်ကြောင်း ကြေညာခဲ့သည်။
ဝါရှင်တန်ဒီစီတွင် သန်းခေါင်ကျော်ပြီး မိနစ်ပိုင်းအကြာ၌ မစ္စတာထရမ့်က "သူ့ကို ကျွန်တော်တို့ ကယ်နိုင်ခဲ့ပြီ။" ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝမ်းသာအားရ ရေးသားဖော်ပြခဲ့သည်။ ဆက်လက်၍ ၎င်းက "ဒီသတ္တိခဲ စစ်သည်ဟာ အီရန်နိုင်ငံရဲ့ အန္တရာယ်များလှတဲ့ တောင်တန်းတွေကြား ရန်သူ့နယ်မြေထဲ ရောက်နေခဲ့တာပါ။ ရန်သူတွေကလည်း လိုက်လံရှာဖွေနေခဲ့ကြတာ နာရီနဲ့အမျှ နီးကပ်သည်ထက် နီးကပ် လာနေခဲ့ တာပါ" ဟု ရေးသားခဲ့သည်။
ကယ်ဆယ်နိုင်ခဲ့သည့် အရာရှိသည် "ဒဏ်ရာအချို့ ရရှိခဲ့သည်" ဟု ထရမ့်က ရေးသားခဲ့ပြီး "ဘာမှစိုးရိမ်စရာမရှိဘဲ ကျန်းမာလာလိမ့်မည်" ဟု ဆိုသည်။
ကွန်မန်ဒိုအားလုံးမှာလည်း ဘေးကင်းကြပြီး တစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခဲ့ခြင်း မရှိ။ အမေရိကန်ဘက်မှ အသေအပျောက် အထိအခိုက်လည်း မရှိခဲ့။
သို့သော် အောင်ပွဲခံသည့် အခိုက်အတန့်မှာ ထရမ့်အတွက် ခဏတာသာ ဖြစ်ပုံရသည်။ အီစတာတနင်္ဂနွေနေ့ နံနက်ပိုင်းတွင်မူ ၎င်း၏ လူကြိုက်နည်းသည်ထက် နည်းလာပြီး ထွက်ပေါက်ဗျူဟာ အတိအကျမရှိသေးသော စစ်ပွဲ၏ လက်တွေ့အခြေအနေများဆီသို့ ပြန်သတိရသွားခဲ့သည်။ လေသူရဲများ ဘေးကင်းသွားပြီ ဖြစ်သော်လည်း ဟော်မုဇ်ရေလက်ကြား မှာမူ အီရန်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ရာ ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့စီးပွားရေးကိုပါ ဆက်လက် ခြိမ်းခြောက်နေဆဲ ပင် ဖြစ်သည်။