ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အဆိုပါ သဘောတူညီချက်ကို သမ္မတ ထရမ့်က အီရန်အနေဖြင့် ဟော်မုဇ် ရေလက်ကြား ကို ပြန်ဖွင့်ပေးရန် သို့မဟုတ်ပါက ၎င်းတို့၏ "ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုလုံး" ပျက်သုဉ်းသွားစေရမည်ဟူသော နောက်ဆုံးရာဇသံ သတ်မှတ်ချိန် မတိုင်မီ နာရီပိုင်း အလို လေးတွင် ရရှိခဲ့ခြင်းဖြစ်သည်။
အီရန်အရာရှိတစ်ဦးက အဆိုပါ သင်္ဘောလိုင်းလမ်းကြောင်းကို အချို့သော သတ်မှတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို သမ္မတ ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ၏ အဆိုပြုချက်တွင် နှစ်ဖက်စလုံးက နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို လိုက်နာစောင့်ထိန်းရန်နှင့် ထိုကာလအတွင်း စီးပွားရေးအရ အရေးပါလှသော ရေလမ်းကြောင်းမှတစ်ဆင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားကုန်တင်သင်္ဘောများအား အနှောင့်အယှက်မရှိ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့်ပြုရန် အီရန်ဘက်မှ သဘောတူညီရန် စသည့်အချက်များ ပါဝင်သည်။
အပစ်အခတ်ရပ်စဲရေး ကြေညာပြီး မကြာမီမှာပင် အမေရိကန်အရာရှိတစ်ဦးက အီရန်အပေါ် အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက်မှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ ကလည်း ၎င်းတို့အနေဖြင့် "ခုခံကာကွယ် နေသည့် စစ်ဆင်ရေးများကို ရပ်တန့်မည်" ဖြစ်ကြောင်းနှင့် "အီရန်စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်မည်ဆိုပါက နှစ်ပတ်ကြာကာလအတွင်း ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း" ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံသည်လည်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး အီရန်အပေါ် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အီရန်အရာရှိ သုံးဦး၏ ပြောကြားချက်အရ ပါကစ္စတန်၏ အသည်းအသန် သံတမန်ရေးရာ ကြိုးပမ်းမှုများနှင့် အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ၏ နောက်ဆုံးမိနစ်တွင် ကြားဝင်ဆောင်ရွက်ပေးမှုများကြောင့် ပါကစ္စတန်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်က လက်ခံခဲ့ခြင်း ဖြစ်သည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း အဆိုပါသဘောတူညီချက်ကို တရားဝင် အတည်ပြုခဲ့ပြီး၊ ၎င်းမှာ အမေရိကန်က အီရန်၏ တောင်းဆိုချက်များကို လက်ခံလိုက်ရသည့် အောင်ပွဲတစ်ခုအဖြစ် ပုံဖော်ဖော်ပြခဲ့သည်။
"ကျွန်ုပ်တို့၏ လက်ချောင်းများသည် မောင်းတံပေါ်တွင် ရှိနေဆဲဖြစ်ပြီး၊ အကယ်၍ ရန်သူဘက်က နဲနဲ လေး လှုပ်လာသည်နှင့် ကျွန်ုပ်တို့ဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်သည်" ဟု ပါရှိသည်။
အမေရိကန် အရှေ့ စံတော်ချိန် ည ၈ နာရီ (မြန်မာ အချိန် ဗုဒ္ဓဟူး နေ့ မနက် ၆:၃၀) နောက်ဆုံးရာဇသံ အချိန်မတိုင်မီ နာရီပိုင်းအလိုတွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံသည်လည်း အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် ကြိုးပမ်းမှုများကို နှစ်ဆတိုး လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါ သဘောတူညီချက်အသစ်တွင် အီရန်နှင့် စစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးနှင့် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ အဖွဲ့တို့အကြား လက်ဘနွန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများလည်း ပါဝင်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က အင်္ဂါနေ့ညတွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ် က ၎င်း၏ လူမှုကွန်ရက် ပို့စ်တစ်ခုတွင် "လက်ဘနွန်နှင့် အခြားနေရာများ အပါအဝင်" နေရာတိုင်းတွင် ဤအပစ်အခတ်ရပ်စဲရေး သက်ရောက်မှုရှိမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနှင့် အစ္စရေး အပါအဝင် ပါရှန်းပင်လယ်ကွေ့ ဒေသတဝိုက်ရှိ နိုင်ငံများတွင် သဘောတူညီချက်ရရှိပြီးနောက် နာရီပိုင်းအတွင်း၌ပင် ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုများ ရှိနေကြောင်း သတင်းထွက် ပေါ် လာသည်။ အဆိုပါ တိုက်ခိုက်မှုများသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်၍ လုပ်ဆောင်ခြင်း လော သို့တည်းမဟုတ် အပစ်ရပ်ရန် အမိန့်သစ်များသည် အီရန်တပ်ဖွဲ့များထံသို့ ရောက်ရှိရန် အချိန်ကြန့်ကြာနေခြင်းကြောင့် လော ဆိုသည်မှာမူ ရှင်းလင်းစွာ မသိရသေးပေ။
ရေနံ ဈေးနှုန်းသည်လည်း ချက်ခြင်းလို တစည်လျင် ဒေါ်လာ ၁၀၀ အောက် ကျဆင်းသွားခဲ့သည်။
ကိုးကား - နယူးယောက် တိုင်းမ်