အစ္စလမ်မာဘတ် ဆွေးနွေးပွဲ အလားအလာ

by Hla Soewai - Apr 13 2026

တကမ္ဘာလုံးက စိုးရိမ်တကြီး စောင့်ကြည့်‌ နေသည့် ဆွေးနွေးပွဲကို ဦးဆောင်ရန် ဒုသမ္မတ ဗန့်စ် ရောက်ရှိလာပြီ ဖြစ်သည်။ 

 

အမေရိကန်နှင့် အီရန်တို့အကြား ယခုပြုလုပ်နေသည့် ဆွေးနွေးပွဲများသာ အောင်မြင်သွားခဲ့လျှင်၊ ရာစုနှစ်ဝက်နီးပါး ရန်လိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံစံသစ်တစ်မျိုးဖြင့် ပြန်လည် ပုံဖော်နိုင်မည်ဖြစ်သည်။ အကယ်၍ ဆွေးနွေးပွဲများ မအောင်မြင်ပါက ကမ္ဘာ့စီးပွားရေး၊ ဂျေဒီ ဗန့်စ် ၏ သမ္မတဖြစ်ရေး မျှော်လင့်ချက်များနှင့် အီရန်ဘက်မှ ဆွေးနွေးညှိနှိုင်းသူများ ကိုယ်တိုင်ပါ အထိနာသွားနိုင်သည့် အန္တရာယ်ရှိလာသည်။

 

သို့သော် အဖြစ်နိုင်ဆုံး ရလဒ်မှာမူ ထိုမျှလောက်အထိ ရင်သပ်ရှုမောဖွယ် ဖြစ်မလာနိုင်ဘဲ၊ ပင်လယ်ကွေ့စစ်ပွဲအသစ် တစ်ကျော့ပြန်မဖြစ်အောင် တားဆီးပေးပြီး နောက်ထပ် ဆွေးနွေးပွဲများအတွက် အချိန်ဆွဲပေးနိုင်မည့် သဘောတူညီချက်မျိုးသာ ဖြစ်နိုင်ပါသည်။

 

အီရန်ရှိ “ယဉ်ကျေးမှုယန္တရားတစ်ခုလုံး” ကို ဖျက်ဆီးပစ်မည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။ ပြီးခဲ့သည့် အင်္ဂါနေ့အထိ အရှေ့အလယ်ပိုင်းဒေသသည် ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိသွား‌ တော့မည့် အလား စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ထရမ့်က နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သော်လည်း အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများသည် ပင်လယ်ကွေ့နိုင်ငံများပေါ်သို့ မိုးသီးမိုးပေါက်များအလား ဆက်လက် ကျရောက်နေဆဲပင် ဖြစ်သည်။

 

သို့သော် သောကြာနေ့ ညနေပိုင်းတွင် တော့ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘေကာ ကာလီဘတ်ဖ် သည် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်ရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းတခု တွင် လေယာဉ်ပေါ်မှ ဆင်လာသည် ကို တွေ့လိုက်ကြရသည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၎င်း နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးသည် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့ကို ကြိုဆိုရန်အတွက် နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေး ရရှိရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ပါကစ္စတန်၏ သြဇာကြီးမားသော စစ်ဦးစီးချုပ် အာဆင် မူနီယာ က စစ်ဝတ်စုံ အပြည့် ဖြင့် ရောက်ရှိနေခဲ့သည်။

 

နောက်တနေ့ နံနက်တွင်မူ ၎င်းသည် အမေရိကန် ဒုတိယသမ္မတ မစ္စတာ ဗန့်စ် ကို ကြိုဆိုရန်အတွက် အနောက်တိုင်း ဝတ်စုံ ကို လဲလှယ်ဝတ်ဆင်ခဲ့သည်။ မွန်းလွဲပိုင်းတွင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များသည် စီရီနာ ဟိုတယ်၌ အခြေချခဲ့ကြပြီး ကနဦးအနေဖြင့် နှစ်နာရီကြာ တွေ့ဆုံခဲ့ကြသည်။ ဆွေးနွေးပွဲများကို တနင်္ဂနွေနေ့အထိ ဆက် လုပ်သွားဖွယ် ရှိသည်။

 

ဆွေးနွေးပွဲများ လုံးဝဖြစ်မြောက်လာမည်မဟုတ်ဟု စိုးရိမ်မှုအချို့ ရှိခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက အီရန်ဘက်က အမေရိကန်များနှင့် တွေ့ဆုံရန်အတွက် ကြိုတင်သတ်မှတ်ချက်များ စ ပြောလာခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အီရန်က နှစ်ပတ်ကြာ စစ်ရပ်စဲမှုအတွင်း လက်ဘနွန်နိုင်ငံ၌ အစ္စရေး၏ စစ်ဆင်ရေးများကို ရပ်တန့် ပေးရမည်ဟု ဆိုသည်။ သောကြာနေ့ညနေပိုင်းတွင် ဗန့်စ် လေယာဉ် ပေါ်က မဆင်းမီ မှာပင် အီရန်က နောက်ထပ် တောင်းဆိုချက်တစ်ခုကို ထပ်မံထည့်သွင်းလာခဲ့သည်၊ ၎င်းမှာ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားဘဏ်များတွင် ပိတ်မိနေသည့် အီရန်၏ ရေနံဝင်ငွေ ဒေါ်လာ ဘီလီယံပေါင်း များစွာကို အမေရိကန်က ပြန်ထုတ်ပေးရန် ဖြစ်သည်။

 

အမေရိကန်ဘက်က အဆိုပါ အချက်နှစ်ချက်လုံးကို သဘောတူခဲ့သည်ဟု အီရန်တို့က ဆိုသည်။ သို့သော် အမေရိကန်ဘက်ကမူ ဒုတိယအချက် (ငွေကြေးကိစ္စ) ကို ငြင်းပယ်ခဲ့ကြောင်းနှင့် လက်ဘနွန်ရှိ အစ္စရေး၏ တိုက်ခိုက်မှုများကို လုံးဝရပ်တန့်ရန် မဟုတ်ဘဲ ကန့်သတ်ရန်သာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည် (အမှန်တကယ်လည်း အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းကို ဆက်လက် ဗုံးကြဲနေဆဲပင် ဖြစ်သည်)။

 

သို့သော် ဤကဲ့သို့ အခြေအနေကို အစွန်းရောက်အောင် တွန်းပို့ပြီး အသာစီးရယူရန် ကြိုးပမ်းမှု Brinkmanship မျိုးကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ အီရန်တို့အနေဖြင့် ဆွေးနွေးပွဲ တက်ရောက်ရုံသက်သက်အတွက်ပင် အလျှော့ပေးရန် တောင်းဆိုလေ့ရှိသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။

 

ဇာတ်ရှိန်တက်လာနေသော်လည်း နှစ်ဖက်စလုံးက အောင်မြင်ဖို့ အလေးအနက်ထားပုံရသည်။ အီရန်တို့အတွက်မူ ဗန့်စ် ကိုယ်တိုင် ရောက်လာခြင်းမှာ အားတက်စရာ ဖြစ်နေသည်။ ယခင်က ထရမ့်၏ သံကြီး ဖြစ်သော စတိဗ် ဝစ်ကော့ဖ် နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် ၎င်းတို့သည် ဝစ်ကော့ဖ်ထက် ဗန့်စ်နှင့်သာ ဆွေးနွေးရန် အခိုင်အမာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

 

အီရန်တို့က ဗန့်စ်သည် သဘောတူညီချက် တခု ရရှိရန် ပိုမိုစိတ်အားထက်သန်သူအဖြစ် ရှုမြင်ကြသည်။ ဗန့်စ်ကိုယ်တိုင်ကလည်း ၎င်းသည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများ သည် မဖြစ်သင့်ဟု သံသယရှိနေသည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသူဖြစ်ပြီး၊ ၂၀၂၈ ခုနှစ် သမ္မတ ဖြစ်ရန် မျှော်မှန်းထားသူလည်း ဖြစ်သည်။ အစ္စလာမ္မာဘတ် ဆွေးနွေးပွဲ အောင်မြင်ခဲ့လျှင် သူ၏ အခွင့်အလမ်းကို ပို၍ တောက်ပြောင် လာမည်ဖြစ်သော်လည်း၊ ကျရှုံးခဲ့ပါက သူ၏ အနာဂတ်ကို ထိခိုက်စေမည် ဖြစ်သည်။

 

အီရန်ဘက်ကလည်း အင်အားတောင့်တင်းသော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုအဖွဲ့တွင် နျူကလီးယားဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးမှူးဟောင်း အလီ ဘာဂါရီ ကာနီ နှင့် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဆွေးနွေးမှုတိုင်းတွင် အဓိကပါဝင်မည့် ဗဟိုဘဏ်ဥက္ကဋ္ဌ အာဒူနာဆာ ဟမ်မာတီ တို့ ပါဝင်သည်။ အရေးပါဆုံး အချက်သည်က ယခုအကြိမ်သည် တီဟီရန်ရှိ အလီ ခါမေနီ ၏ အရိပ်အာဝါသ လွှမ်းမိုးမှုမရှိဘဲ အီရန်နိုင်ငံအနေဖြင့် ၃၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးခွင့်ရရှိခြင်းပင် ဖြစ်သည်။

 

သေဆုံးသွားပြီ ဖြစ်သည့် အယာတိုလာ သည် အမေရိကန်များနှင့် စကားပြောဆိုခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ လွန်စွာ မနှစ်မြို့သူ အဖြစ် သိထားကြသည်။ ‌ဆွေးနွေးမည် ဆိုကလည်း တိုက်ရိုက် မဟုတ်ဘဲ ကြားခံလူများမှ တဆင့်သာ လုပ်စေလိုသည်။

 

ထို့ပြင် သူသည် ကိုယ်စားလှယ်များကို မည်သည့်ကိစ္စတွင်မဆို ကတိကဝတ် ပြုရန် လွတ်လပ်ခွင့် အနည်းငယ်သာ ပေးလေ့ရှိသည်။ ယခုအခါ ခါမေနီ မရှိတော့သည့်အတွက် အီရန်တို့အနေဖြင့် အမေရိကန်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန်နှင့် လိုအပ်ပါက ဆုံးဖြတ်ချက်များကို ထိုနေရာတွင်ပင် ချက်ချင်းချမှတ်နိုင်ရန် ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့် များ ရရှိထားကြပြီ ဖြစ်သည်။

 

ယခုအခါတွင် အီရန် တို့ ထိုသို့ လုပ်ပိုင်ခွင့် များ ရရှိထားဖို့ လိုအပ်နေပြီ ဖြစ်သည်။ ၂၀၁၀ ပြည့်လွန်နှစ်များအတွင်းက ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အီရန်နှင့် နျူကလီးယား သဘောတူညီချက်ရရှိရန် ဆွေးနွေးခဲ့ကြစဉ်က နှစ်နှစ်နီးပါး အချိန်ယူခဲ့ရပြီး၊ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲများအတွက် အတ္တလန်တိတ်သမုဒ္ဒရာကို ၆၉ ကြိမ် တိုင် ဖြတ်ကျော် ခရီးနှင် ခဲ့ကြရသည်။

 

ယနေ့ ဆွေးနွေးနေကြသည့် သဘောတူညီချက်မှာမူ ယခင်ကထက် များစွာ ပိုမိုကျယ်ပြန့်လာသည်။ ဆွေးနွေးညှိနှိုင်းသူများသည် အီရန်၏ ဒုံးကျည်အစီအစဉ်၊ ဟစ်ဘိုလာ နှင့် ဟူသီများကို ထောက်ပံ့နေမှု၊ ဟော်မုဇ် ရေလက်ကြား ကိစ္စ၊ အီရန်ဘက်က တောင်းဆိုထားသည့် စစ်လျော်ကြေးများနှင့် ဘက်စုံပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေး အပါအဝင် အခြားသော အကြောင်းအရာများစွာကိုပါ ထည့်သွင်းဆွေးနွေးလိုကြသည်။ ထို့ကြောင့် ဤကဲ့သို့သော သဘောတူညီချက်မျိုးကို နှစ်ပတ်အတွင်း အပြီးသတ်နိုင်မည်ဆိုသည်မှာ မတွေးဝံ့စရာပင် ဖြစ်သည်။

 

သို့သော် နှစ်ဖက်စလုံးတွင် လျင်လျင်မြန်မြန် လုပ်ဆောင်ကြရန် အကြောင်းပြချက်များ ကိုယ်စီ ရှိနေကြသည်။ ထရမ့် အနေဖြင့် စွမ်းအင်ဈေးကွက်၏ ဖိအားများကို လျှော့ချနိုင်ရန် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ပြန်လည်သွားလာနိုင်ရေး အသည်းအသန် လိုအပ်နေသည်၊ အကြောင်းမှာ မြင့်တက်လာသော ကုန်ဈေးနှုန်းများက မဲဆန္ဒရှင်များ၏ မကျေနပ်မှုကို မီးထိုးပေးနေသောကြောင့်ဖြစ်သည်။

 

ရှေ့ သို့ ကြိုပြီး အရောင်းအဝယ် လုပ်ကြသည့် ဈေးကွက် Futures markets များသည် ထူးဆန်းစွာပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သော်လည်း ဇွန်လတွင် ပေးပို့မည့် Brent ရေနံစိမ်းတစ်စည်ဈေးမှာ ယခုအပတ်တွင် ၉၄ ဒေါ်လာအထိ ကျဆင်းသွားသည်။ လက်ငင်းရေနံဈေးကွက် တွင်မူ ဖိအားများ ပြလာနေသည်။ အကျပ်အတည်း အဆိုးရွားဆုံးအချိန်၌ အချို့သော ရေနံစိမ်းအမျိုးအစားများ၏ လက်ငင်းဈေး မှာ တစ်စည်လျှင် ၁၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ယခုတိုင် စံသတ်မှတ်ထားသော ဈေးနှုန်းများထက် မြင့်မားနေဆဲ ဖြစ်သည်။ အမေရိကန်တွင် ဓာတ်ဆီဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့၍ မတ်လအတွင်း နှစ်ပတ်လည် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃.၃ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်လက ၂.၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။

 

အီရန်သည် အချိန်မှာ ၎င်းတို့ဘက်၌ ရှိနေသကဲ့သို့ အပေါ်ယံ ဟန်ရေးပြလာ နိုင်သည်။ စစ်မဖြစ်မီကပင် အီရန်၏ စီးပွားရေးသည် ငွေကြေးဖောင်းပွမှု ၅၀ ရာခိုင်နှုန်းနီးပါး ရှိနေပြီး ငွေကြေးတန်ဖိုးမှာလည်း လုံးဝနီးပါး အသုံးမကျတော့သည့်အထိ အောက်သို့ ထိုးဆင်းနေခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါတွင်မူ အမေရိကန်နှင့် အစ္စရေးတို့သည် သံမဏိစက်ရုံများ၊ ရေနံဓာတုစက်ရုံများမှသည် တံတားများ၊ ရထားလမ်းများနှင့် ခရီးသည်တင် လေယာဉ်များအထိ အရာအားလုံးကို ဗုံးကြဲဖျက်ဆီးခဲ့ကြသည်။ ကုမ္ပဏီပေါင်း ထောင်နှင့်ချီ၍ အလုပ်သမားများကို လျှော့ချရမည့် အခြေအနေနှင့် ရင်ဆိုင်နေရနိုင်သည်။ အီရန်နိုင်ငံအနေဖြင့် ဤနောက်ဆက်တွဲ အကျိုးဆက်များကို ဖြေရှင်းနိုင်ရန် ငွေကြေး အသည်းအသန် လိုအပ်နေသည်၊ သို့မဟုတ်ပါက တစ်ကျော့ပြန် အုံကြွမှုများ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိနေသည်။

 

ထိုအချက်များက ထွက်ပေါ်လာနိုင်သော ယာယီသဘောတူညီချက် တခု၏ အကြမ်းထည်ပုံစံကို ဖော်ပြနေပါသည်။ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောအရေအတွက် အကန့်အသတ်တစ်ခုအထိ ဖြတ်သန်းသွားလာခွင့်ပြုရန်နှင့် ၎င်းတို့ထံမှ အဆမတန် မြင့်မားသော အခကြေးငွေများ တောင်းခံခြင်းကို ရှောင်ကြဉ်ရန် ကတိပြုရမည်ဖြစ်သည်။ အမေရိကန်ဘက်ကမူ ကာတာနိုင်ငံတွင် ပိတ်မိနေသော အီရန် ပိုင် ဒေါ်လာ ၆ ဘီလီယံကို ထုတ်ယူသုံးစွဲခွင့်ပြုခြင်းကဲ့သို့သောပိတ်ဆို့အရေးယူမှု အကန့်အသတ် ဖြင့် လျှော့ချပေးရမည်ဖြစ်သည်။

 

ဤကဲ့သို့သော ရလဒ်မျိုးသည် အားရကျေနပ်စရာ မကောင်းလှဟု ထင်ရသော်လည်း၊ ၎င်းသည် နှစ်ဖက်စလုံးအတွက် အရေးတကြီး လိုအပ်နေသော အချက်များကို ဖြေရှင်းပေးနိုင်မည်ဖြစ်သလို အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုကိုလည်း တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။ 

 

ထို့ပြင် ၎င်းသည် နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုများအတွက် အချိန်ဆွဲပေးနိုင်မည်ဖြစ်ပြီး (နှစ်ဖက်သဘောတူညီချက်ဖြင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးနိုင်သည်)၊ ဆွေးနွေးပွဲများ ပျက်ပြားသွားပါကလည်း မူလအခြေအနေသို့ အလွယ်တကူ ပြန်လည် ရောက်ရှိသွား နိုင်သောကြောင့် ဖြစ်သည်။

 

ယင်းကဲ့သို့သော သဘောတူညီချက်မျိုးသည် နှစ်နိုင်ငံ စလုံး အတွက် လတ်တလော အဆင်ပြေနိုင်‌ သော်လည်း ဒေသတွင်းနိုင်ငံအချို့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာ ပေလိမ့်မည်။ ယာယီသဘောတူညီချက်တစ်ခုသည် အီရန်ကို ဟော်မုဇ်ရေလက်ကြားအပေါ် တစုံတရာ ထိန်းချုပ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့ပြင် လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်နီးပါးအထိ သန့်စင်ထားသော ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကျော် အီရန်တွင် စုဆောင်းထားရှိမှုကဲ့သို့သော အခြားအရေးကြီးသည့် ကိစ္စရပ်များကိုလည်း ရွှေ့ဆိုင်းထားသလို ဖြစ်သွားစေမည်ဖြစ်သည်။

 

အာရပ်နိုင်ငံအချို့မှ သံတမန်များကမူ ဤအခြေအနေသည် ဂါဇာစစ်ပွဲကို အဆုံးသတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် ဆင်တူသွားမည်ကို စိုးရိမ်နေကြသည်။ ထိုစဉ်က အပစ်အခတ်ရပ်စဲရေးသည် အဆိုးရွားဆုံး တိုက်ပွဲများကို ရပ်တန့်ပေးနိုင်ခဲ့သော်လည်း ရှုပ်ထွေးလှသော ပြဿနာများကိုမူ နောင်လာမည့် ဆွေးနွေးပွဲများတွင် ဖြေရှင်းရန် ချန်ထားခဲ့သည်။ ခြောက်လကြာလာသည်အထိ အဆိုပါ ဆွေးနွေးပွဲများမှာ စတင်နိုင်ခြင်း မရှိသေးပေ။

 

(၂၀၂၆ ဧပြီ ၁၁ အီကောနော်မစ် မဂ္ဂဇင်းပါ "America and Iran start a high-stakes negotiation to end their war" ဆောင်းပါး ကို ပြန်လည် တင်ပြသည်။)