အစ္စလမ်မာဘတ် ဆွေးနွေးပွဲ ပျက်၊ ထရမ့်က ဟောမုဒ် ကို ပိတ်မည်ဟု ကြုံးဝါး

by Hla Soewai - Apr 19 2026

စနေနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ ဟော်မုဇ် ရေလက်ကြား တစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်ပေးရန်ဖြစ်စေ သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သည့် အတွက် သမ္မတ ထရမ့်မှ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဟော်မုဇ် ရေလက်ကြား ကို ပိတ်ဆို့သွားမည်ဖြစ်ကြောင်းတနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပြီး အီရန်အပေါ် ဖိအားများကို မြှင့်တင်လိုက်သည်။ သို့သော်လည်း နှစ်ဖက်စလုံးက နောက်ထပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ကြသည်။

 

သမ္မတ ထရမ့်၏ ထုတ်ပြန်ချက်ကြောင့် မူလကပင် ပျက်ပြယ်လွယ်သည့် အခြေအနေတွင် ရှိနေသော အပစ်အခတ်ရပ်စဲရေးမှာ ပိုမို မရေမရာဖြစ်သွားခဲ့သည်။ 

 

'မိမိတို့ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ သွားလာနေတဲ့ သင်္ဘောတွေကိုဖြစ်စေ ပစ်ခတ်တဲ့ ဘယ်အီရန် နိုင်ငံသားမဆို ငရဲထိ လွင့်စင်သွားစေရမယ်' ဟု ၎င်း၏ ရေတပ်ပိတ်ဆို့မှု အစီအစဉ်နှင့် ပတ်သက်၍ သမ္မတ ထရန့်က လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ ထို့အပြင် အမေရိကန် ရေတပ်သည် မိုင်းများကို စတင် ရှင်းလင်း နေပြီး အီရန်နိုင်ငံထံ ရေလမ်းဖြတ်သန်းခ ပေးဆောင်ထားသည့် နိုင်ငံတကာရေပြင်ရှိ မည်သည့်သင်္ဘောကိုမဆို ကြားဖြတ်ဟန့်တားရန် ရေတပ်ကို အမိန့်ပေးထားကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

 

အဆိုပါ ခြိမ်းခြောက်မှုကြောင့် ဧပြီလ ၇ ရက်နေ့က ရရှိထားသည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိခိုက်ပျက်ပြားစေခြင်း ရှိ၊ မရှိမှာ ချက်ချင်းဆိုသလို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်အင်အားစုကမူ ရေလက်ကြားကို ပိတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သော်လည်း၊ စစ်သင်္ဘောများ ထိုရေလမ်းကြောင်းသို့ ချဉ်းကပ်လာပါက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဟု သတ်မှတ်မည်ဖြစ်ပြီး 'ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်' ဟု ဆိုသည်။

 

စစ်ပွဲစတင်ကတည်းက အီရန်သည် ၎င်းတို့၏ ကိုယ်ပိုင်သင်္ဘောများနှင့် အခြားသင်္ဘောအနည်းငယ်ကိုသာ ဖြတ်သန်းခွင့်ပြုပြီး ရေလက်ကြား၏ သင်္ဘောအသွားအလာကို ပိတ်ဆို့ထားခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုကြောင့် ပဋိပက္ခအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုက အီရန်အနေဖြင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုခဲ့သလို တီဟီရန်ဘက်က ထိုသို့ပိတ်ဆို့ နိုင် မှသာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းမည်ဟု ကန့်သတ်ချက် ထားရှိခဲ့သည်။

 

သို့သော် ယခုအခါတွင်မူ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ဖြတ်သန်းစီးဆင်းရာ ရေလမ်းကြောင်းကို သမ္မတ ထရမ့် ကိုယ်တိုင်က ပြန်လည်ပိတ်ဆို့ရန် အမိန့်ပေးနေခြင်းဖြစ်သည်။

 

၁၉၇၉ ခုနှစ် အီရန်အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အမေရိကန်နှင့် အီရန်ခေါင်းဆောင်များအကြား အဆင့်အမြင့်ဆုံး လူကိုယ်တိုင်တွေ့ဆုံမှုဖြစ်သည့် အစ္စလာမ္မာဘတ်မြို့ ဆွေးနွေးပွဲများမှာ အီရန်ဘက်က 'ကျွန်ုပ်တို့၏ သတ်မှတ်ချက်များကို လက်မခံရန်' ရွေးချယ်ခဲ့ခြင်းဖြင့် ပြီးဆုံးသွားကြောင်း ဒုတိယသမ္မတ ဗန့်စ်က ပြောကြားပြီး နာရီပိုင်းအကြာတွင် သမ္မတ၏ ပိတ်ဆို့မည် ဆိုသော ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်ကလည်း ယခုတစ်ခေါက် ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် 'အီရန်ကိုယ်စားလှယ်အဖွဲ့၏ ယုံကြည်မှုကို ရယူနိုင်ခြင်းမရှိခဲ့' ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

 

နှစ်နိုင်ငံအကြား ကွဲလွဲနေသည့် ကိစ္စရပ်များသည် အလွန်ရှုပ်ထွေးပြီး သဘောထားကွဲလွဲမှုများမှာလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသဖြင့် ဆွေးနွေးပွဲတစ်ကြိမ်တည်းဖြင့် သဘောတူညီမှုရရန်မှာ အလွန်ပင် မဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။ အဓိက သဘောထားကွဲလွဲမှုများသည် အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံ ပေါင် ၉၀၀ (ကီလို ၄၀၀} နီးပါး၏ အခြေအနေ၊ ပြည်ပတွင် ပိတ်ပင်ခံထားရသည့် အီရန်၏ ဝင်ငွေများနှင့် ဟော်မုဇ် ရေလက်ကြား ကိစ္စရပ်များအပေါ် ဗဟိုပြုနေသည်။

 

တနင်္ဂနွေနေ့က Fox News နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် သမ္မတ ထရမ့်က နိုင်ငံရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် စစ်ပွဲ၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို လျှော့ ပေါ့ ပြောဆိုခဲ့သည်။ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အချိန်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ပြန်ကျနိုင်သလားဟု မေးမြန်းရာတွင် ၎င်းက 'အခုအတိုင်းပဲ ရှိနေနိုင်သလို နည်းနည်းလည်း ပိုမြင့်သွားနိုင်တယ်' ဟု ဖြေကြားခဲ့သည်။ ယင်းမှာ ရေရှည်တည်ငြိမ်သည့် ငြိမ်းချမ်းရေးကို ရရှိခဲ့လျှင်ပင် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး ဂယက်ရိုက်ခတ်မှုများမှာ လပေါင်းများစွာ ဆက်လက် ရှိနေနိုင်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။

 

ထရမ့် ရော ဂါလီဘတ်ဖ်ပါ နောက်ထပ်ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန် အလားအလာကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ၎င်း၏ ခြိမ်းခြောက်ခဲ့ မှုများကြောင့် အီရန်သည် 'ညှိနှိုင်းမှု စားပွဲဝိုင်းသို့ ရောက်ရှိလာခဲ့ရပြီး ထွက်ခွာသွားခြင်း မရှိသေးကြောင်း' ထရမ့်က Fox News သို့ ပြောကြားခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်ထံမှ ၎င်းတို့အလိုရှိသမျှ 'အရာအားလုံး' ကို နောက်ဆုံးတွင် ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

 

ဟော်မုဒ် ရေလက်ကြားကို ပိတ်ဆို့ပြီး အီရန်ကို ကမ္ဘာ့ရေနံဈေးကွက်မှ ဖယ်ထုတ်ပစ်မည်ဖြစ်ကြောင်း သမ္မတ ထရန့်က Fox News တွင် ပြောကြားခဲ့သည်။ 'အီရန်အနေနဲ့ သူတို့နှစ်သက်တဲ့သူတွေဆီ ရေနံရောင်းပြီး ပိုက်ဆံရှာနေတာကို ကျွန်ုပ်တို့ ခွင့်မပြုနိုင်ဘူး' ဟု ၎င်းက ဆိုသည်။ 

 

ထရမ့် ၏ ခြိမ်းခြောက်မှုများသည် ယခုတကြိမ်တွင် လေးနက်သည့် သဘော ဆောင်လာနေသည်။ ပင်တဂွန် အနေဖြင့် ထောင်နှင့်ချီသော မရိန်းတပ်ဖွဲ့ဝင်များကို ထိုဒေသသို့ စေလွှတ်ထားပြီးဖြစ်သလို အင်အားဖြည့်တင်းမှုများလည်း လမ်းခု လတ် တွင် ရောက်နေပြီဖြစ်သည်။ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စင်းသည် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ခုတ်မောင်းနေပြီး ကမ်းတက် တိုက်ခိုက်ရေးအုပ်စုတစုသည်လည်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လာနေသည်။ အဆိုပါ စစ်အင်အားစုနှစ်ခုလုံးသည် အပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်ဆုံးမီ ရောက်ရှိလာမည်ဖြစ်သည်။ 

 

စနေနေ့တွင် အမေရိကန် ဖျက်သင်္ဘောနှစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီး၊ ယင်းမှာ စစ်ပွဲစတင်ကတည်းက အမေရိကန်စစ်သင်္ဘောများ ထိုရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခြင်းဖြစ်သည်။ ၎င်းမှာ ရေလမ်းကြောင်းအတွင်းရှိ အီရန်မိုင်းများကို ရှင်းလင်းသည့် စစ်ဆင်ရေး၏ အစဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။"

 

အီရန်ခေါင်းဆောင်များဘက်ကမူ အမြဲတမ်းငြိမ်းချမ်းရေး မရရှိမချင်း ၎င်းတို့အတွက် အရေးပါသော အကျပ်ကိုင်ဖိအားပေးမှု တခုအဖြစ် ရှုမြင်ထားသည့် ထိုရေလမ်းကြောင်းအပေါ် ထိန်းချုပ်ထားမှုကို လျှော့ချပေးမည့် အရိပ်အမြွက်မျှပင် မပြသေးပေ။ အီရန်၏ အဓိပတိခေါင်းဆောင်၏ အကြံပေးဖြစ်သူ အလီ အက္ကဘာ ဗေလာယာတီကလည်း တနင်္ဂနွေနေ့ အစောပိုင်းက ရေးသားခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ရေလက်ကြား၏ 'သော့ချက်' မှာ 'ကျွန်ုပ်တို့၏ လက်ဝယ်တွင် ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်သည်' ဟု စိန်ခေါ် လာခဲ့သည်။

 

ယခုဆွေးနွေးပွဲများသည် လေးနက်မှုရှိပြီး အနှစ်သာရရှိသည်ဟု သံတမန်များက ဆိုကြသည်။ သတင်းပေါက်ကြားမှုလည်း အနည်းငယ်သာ ရှိခဲ့သည်။ ယခင်က ဆွေးနွေးပွဲများနှင့်မတူဘဲ ထူးခြားကောင်းမွန်သည့်အချက်မှာ နှစ်ဖက်စလုံးက အသေးစိတ်အချက်အလက်များကို ဆွေးနွေးနိုင်ရန် ကျွမ်းကျင်ပညာရှင်အဖွဲ့များကိုယ်စီ ခေါ်ဆောင်လာခဲ့ကြခြင်းပင် ဖြစ်သည်။

 

အစ္စရေးသည် အဆိုပါ ညှိနှိုင်းမှုများတွင် ပါဝင်ခြင်းမရှိခဲ့ဘဲ၊ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း စနေနေ့ညနေပိုင်း မိန့်ခွန်းပြောကြားရာတွင် ထိုဆွေးနွေးပွဲများအကြောင်း တစုံတရာ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ 

 

၎င်းသည် အီရန်နှင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ပြည်တွင်း၌ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ လက်ဘနွန်နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ အစ္စရေးသည် တနင်္ဂနွေနေ့ နံနက်ပိုင်း တွင်လည်း လက်ဘနွန်တောင်ပိုင်းအား အပြင်းအထန် ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်ဆိုင်ရာ အစ္စရေးနှင့် လက်ဘနွန် သံအမတ်ကြီးနှစ်ဦးသည် လာမည့်သီတင်းပတ်တွင် ဝါရှင်တန်ဒီစီ၌ ရှားရှားပါးပါး လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

 

Ref: The New York Times/ The Economist