တနင်္ဂနွေနေ့တွင် သမ္မတ ထရမ့်က အီရန်နိုင်ငံနှင့် ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့တို့ကို ပိုင်းခြားထားသည့် ဟော်မုဇ် ရေလက်ကြား ကို ပိတ်ဆို့ရန် အမိန့်ပေးလိုက်ပြီ ဖြစ်သည်။
တနင်္လာနေ့ တွင် တော့ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးများကို ကြီးကြပ်သည့် အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် က လုပ်ရမည့် အတိုင်းအတာကို လျှော့ချလိုက်ပုံရပြီး၊ အီရန်ဆိပ်ကမ်းများဆီကို သွားမည့် သို့မဟုတ် အီရန်ဆိပ်ကမ်းများမှ ထွက်လာမည့် ကုန်တင် သင်္ဘောများကိုသာ တားဆီးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုဒေသရှိ သင်္ဘောသား များ အတွက် ထုတ်ပြန်သည့် အကြံပေးချက် တွင် တော့ အသေးစိတ် အချက်အလက်များ ကို "လုပ်ဆောင်ဆဲ" ဟု ဖော်ပြထားသည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် က အဆိုပါ ပိတ်ဆို့မှုအား “မည်သည့် နိုင်ငံမှ သင်္ဘောမဆို ဘက်လိုက်မှုမရှိဘဲ တင်းကြပ်စွာ ဆောင်ရွက်သွားမည်” ဟု ပြောကြားခဲ့ပြီး ရေလက်ကြား၏ ဝဲယာနှစ်ဖက်စလုံးရှိ အီရန်ဆိပ်ကမ်းများနှင့် သက်ဆိုင်မည် ဟု ဆိုသည်။
ယင်းပိတ်ဆို့မှုကို လက်တွေ့တွင် မည်သို့မည်ပုံ အကောင်အထည်ဖော်မည်နည်းဟု မေးမြန်းရာ၌ အလယ်ပိုင်းစစ်ဌာနချုပ်က ပိတ်ဆို့မှုနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်နှင့် ဗြိတိသျှ တော်ဝင်ရေတပ်က စီမံခန့်ခွဲသည့် ယူကေ ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးအဖွဲ့ (UKMTO) မှ ထုတ်ပြန်သော အကြံပေးချက်တို့ကိုသာ ရည်ညွှန်းပြောဆိုခဲ့သည်။ အဆိုပါ စာတမ်း နှစ်စောင် စလုံးတွင် ပိတ်ဆို့မှုကို ဖောက်ဖျက်၍ ဖြတ်သန်းရန် ကြိုးပမ်းသည့် ကုန် တင် သင်္ဘောများအား မည်သို့အရေးယူမည်ဟူသော အချက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ရေတပ် ဖျက်သင်္ဘောများသည် ၎င်းတို့၏ ရေဒါများကို အသုံးပြု၍ အီရန်ဆိပ်ကမ်းများအတွင်းသို့ ဝင်ထွက်သွားလာနေသော သင်္ဘောများကို စောင့်ကြည့်နိုင်မည်ဖြစ်သော်လည်း၊ ရှည်လျားလှသော အီရန် တောင်ဘက် ကမ်းရိုးတန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန်အတွက်မူ အမေရိကန်စစ်သင်္ဘော အမြောက်အမြားကို အသုံးပြုရမည်ဖြစ်သည်။ ယင်းအစား အလယ်ပိုင်းစစ်ဌာနချုပ်အနေဖြင့် ဟော်မုဇ်ရေလက်ကြား၏ ဝဲယာနှစ်ဖက်တွင် ဖျက်သင်္ဘောအုပ်စုတစ်စုကိုထားရှိကာ သင်္ဘောများကို တက်ရောက်စစ်ဆေးခြင်းနှင့် ဆိပ်ကမ်းများကို စောင့်ကြည့်ရန်အတွက် ထောက်လှမ်းရေးဒရုန်းများကို အသုံးပြုခြင်းတို့ကို ရွေးချယ်ဆောင်ရွက်နိုင်သည်။
သင်္ဘောတစ်စင်းအား "စောင့်ကြည့်ရန်လိုအပ်သော ပစ်မှတ်" contact of interest အဖြစ် သတ်မှတ်ပြီးပါက ဖျက်သင်္ဘောတစင်းအား ကြားဖြတ်ဟန့်တားရန် စေလွှတ်နိုင်မည်ဖြစ်သည်။ အကွာအဝေး နီးကပ်လာပြီး မျက်စိဖြင့် မြင် နိုင် သော အကွာ အဝေး သို့ ရောက်ရှိလာသည့် အခါ ဖျက်သင်္ဘောသည် ရေကြောင်းသုံး VHF ရေဒီယိုမှတဆင့် အဆိုပါသင်္ဘောအား ဆက်သွယ်မေးမြန်းမည်ဖြစ်သည်။
ထိုသို့မေးမြန်းရာတွင် သတ်မှတ်ထားသော မေးခွန်းများအတိုင်း သင်္ဘောဦးတည်ရာနေရာ၊ နောက်ဆုံးဆိုက်ကပ်ခဲ့သည့်ဆိပ်ကမ်း၊ တင်ဆောင်လာသည့် ကုန်ပစ္စည်း အမျိုးအမည်နှင့် သင်္ဘောပေါ်ရှိ သင်္ဘောသား အရေအတွက် စသည့် အချက်အလက်များကို မေးမြန်းမည်ဖြစ်သည်။
စစ်သင်္ဘောသည် ထိုကုန်တင်သင်္ဘောအား စစ်ဆေးရန်အတွက် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုမည့် "စစ်ဆေးရေးအဖွဲ့" ကို လက်ခံရန် တောင်းဆိုနိုင်သည်။
အကောင်းဆုံးအခြေအနေမှာ အဆိုပါကုန်တင်သင်္ဘောသည် စစ်သင်္ဘော၏ ရေဒီယိုခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားပြီး စစ်ဆေးမှုကို သဘောတူလက်ခံခြင်းပင် ဖြစ်သည်။ ထို့နောက် စစ်ဆေးရေးအဖွဲ့ တက်ရောက်ရာတွင် ပိုမိုဘေးကင်းချောမွေ့စေရန်အတွက် သင်္ဘော၏ လမ်းကြောင်းနှင့် အရှိန်ကို ညှိပေးခြင်း၊ ကြိုးလှေကား ချပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်သည်။
သို့မဟုတ်ပါကလည်း ထိုသင်္ဘောသည် စစ်သင်္ဘော၏ အကြောင်းကြား ချက် များကို လျစ်လျူရှုပြီး ထွက်ပြေးရန် ကြိုးစားနိုင်သည်။
ရေတပ်စစ်ဆေးရေးအဖွဲ့သည် မော်တော်ဘုတ်ဖြင့် ချဉ်းကပ်ပြီးနောက် ပစ်မှတ်သင်္ဘော၏ ဘေးဘက်သို့ အဆင့်ဆင့်ဆွဲဆန့်နိုင်သော တိုင်များ telescoping poles အသုံးပြုကာ လှေကားကို ချိတ်တွဲ၍ တက်ရောက်နိုင်သည်။ သို့သော် ပင်လယ်လှိုင်းကြီးနေချိန်၊ ညဖက်အချိန်မျိုးနှင့် ပစ်မှတ်သင်္ဘောက အတက်မခံရန် အမျိုးမျိုးမောင်းနှင် ဟန့်တားနေချိန်များတွင်မူ ဤလုပ်ငန်းစဉ်သည် ပိုမိုခက်ခဲပြီး အန္တရာယ်များလာပါသည်။
ထိုသို့သောအခြေအနေမျိုးအတွက် အကောင်းဆုံးနည်းလမ်းမှာ စစ်ဆေးရေးအဖွဲ့ကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး "Fast-ropes" ဟုခေါ်သော ကျစ်ဆံမြီးကျစ် ကြိုးတုတ်ကြီးများအတိုင်း သင်္ဘောကုန်းပတ်ပေါ်သို့ လျောဆင်းခြင်းပင် ဖြစ်သည်။ အကယ်၍ ရဟတ်ယာဉ် အသုံးပြုနိုင်ပြီး စစ်ဆေးရေးအဖွဲ့တွင်လည်း လုံလောက်သော လေ့ကျင့်မှုရှိပါက၊ ဤကဲ့သို့ ကြိုးဖြင့်လျောဆင်းတက်ရောက်ခြင်းသည် မော်တော်ဘုတ်မှတစ်ဆင့် "ချိတ်တွဲတက်ရောက်ခြင်း" ထက် ပိုမိုမြန်ဆန်ပြီး ဘေးကင်းလုံခြုံမှု ရှိမည် ဖြစ်သည်။
လတ်တလော အခြေအနေများကို ပြန်ကြည့်လျှင် မရိန်းတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များသည် ကာရစ်ဘီယံပင်လယ်အတွင်း ဗင်နီဇွဲလား ရေနံများ တင်ဆောင်လာသည့် ရေနံတင်သင်္ဘောများပေါ်သို့ ရဟတ်ယာဉ်ပေါ်မှ ကြိုးဖြင့် လျောဆင်းကာ စီးနင်းစစ်ဆေးမှုများကို မကြာခဏ ပြုလုပ်ခဲ့ကြသည်။ သို့သော် အဆိုပါ ရေနံတင်သင်္ဘောများကို ထိန်းသိမ်းထားရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံနေရပြီး ထရမ့်အစိုးရအနေဖြင့်လည်း တရားသူကြီး၏ ခွင့်ပြုချက်မရှိဘဲ ထိုရေနံများကို တရားဝင် ရောင်းချပိုင်ခွင့် မရှိပေ။
၁၉၉၁ ခုနှစ် ပါရှန်းပင်လယ်ကွေ့စစ်ပွဲအပြီးတွင် ကုလသမဂ္ဂသည် အီရတ်နိုင်ငံ၏ ရေနံတင်ပို့ရောင်းချရငွေများကို ၎င်း၏နိုင်ငံသားများအတွက် အကျိုးရှိစေမည့်နေရာများတွင်သာ အသုံးပြုရမည်ဟူသော စနစ်တစ်ခုကို ချမှတ်ခဲ့ပြီး ၎င်းကို "ရေနံနှင့် အစားအစာ လဲလှယ်ရေး" (Oil for Food) အစီအစဉ်ဟု လူသိများသည်။
သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်က ၂၀၀၃ ခုနှစ်တွင် အီရတ်ကို ကျူးကျော်ဝင်ရောက်ရန် အမိန့်မပေးမီအထိ ရေတပ်စစ်သင်္ဘောများသည် ပါရှန်းပင်လယ်ကွေ့ အတွင်းမှ အီရတ်ရေနံများကို ခိုးထုတ်ရန် ကြိုးပမ်းသည့် ရေနံတင်သင်္ဘောများကို ပုံမှန်စီးနင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စီးနင်းစစ်ဆေးမှု အများစုမှာ စစ်ဆေးခံရသည့် သင်္ဘောက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အီရတ်ရေနံများ ခိုးထုတ်နေသည်ဟု ယူဆရသော ရေနံတင်သင်္ဘောများပေါ်သို့ အမေရိကန် ရေတပ်သား အဖွဲ့ငယ်များကို လိုက်ပါလာပြီး၊ Fenway သို့မဟုတ် Comiskey ကဲ့သို့သော နာမည်ကျော် ဘေ့စ်ဘောအားကစားကွင်း အမည်များဖြင့် သင်္ကေတ ပြုထားသည့် ပင်လယ်ကွေ့အတွင်းရှိ သင်္ဘောရပ်နားရာနေရာများသို့ မောင်းနှင်သွားကာ ကျောက်ချရပ်နားစေသည်။
နောက်ဆုံးတွင် ထိုသင်္ဘောများကို ပင်လယ်ကွေ့ရှိ ဆိပ်ကမ်းတခုသို့ ပို့ဆောင်ကာ အိမ်ရှင်နိုင်ငံက သင်္ဘောနှင့် သင်္ဘောသားများအတွက် တာဝန်ယူရသည့် စရိတ်အဖြစ် ထိုရေနံများကို ရောင်းချယူလိုက်သည်။ ရေနံတင်သင်္ဘောများကိုမူ လေလံပစ်ကာ ရောင်းချလေ့ရှိပြီး၊ မကြာခဏဆိုသလိုပင် ယခင်က ထိုသင်္ဘောကို ပိုင်ဆိုင်ခဲ့သော ကုမ္ပဏီကပင် ပြန်လည်ဝယ်ယူသွားတတ်ကြသည်။
၎င်းမှာ ချာလပတ်လည် ဖြစ်နေသည့် ဖြစ်စဉ်မျိုး ဖြစ်လာ နေသည်။
ဟော်မုဇ် ရေလက်ကြား တွင်မူ ထိုသို့ ဖြစ်လာမည် မဟုတ်။
ရေတပ်အနေဖြင့် နိုင်ငံတနိုင်ငံသို့ ဦးတည်သည့် ကုန်စည်စီးဆင်းမှု အားလုံးကို ပိတ်ဆို့ရန် နောက်ဆုံးကြိုးပမ်းခဲ့သည့်အချိန်မှာ ၁၉၆၂ ခုနှစ် အောက်တိုဘာလက ဖြစ်သည်။ ထိုစဉ်က ဆိုဗီယက်ယူနီယံသည် ကျူးဘားကျွန်းနိုင်ငံပေါ်တွင် နျူကလီးယားလက်နက်များ တပ်ဆင်ရန် ပြင်ဆင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းအတွင်း သမ္မတ ဂျွန် အက်ဖ် ကနေဒီက ကျူးဘားကို Quarantine ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ Quarantine နှင့် blockade ဟူသော စကားလုံးများသည် အဘိဓာန်တွင် အဓိပ္ပာယ်ချင်း မတူသော်လည်း သင်္ဘောများကို တားဆီးရာတွင် အသုံးပြုပါက အဓိပ္ပာယ်ချင်း အတူတူပင်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ဥပဒေအရ နိုင်ငံတစ်နိုင်ငံကို ရေတပ်ဖြင့် ပိတ်ဆို့ခြင်းသည် စစ်မက် ခင်းကျင်းသည့် လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
လတ်တလောတွင်မူ ထရမ့်အစိုးရသည် ဗင်နီဇွဲလားနှင့် ကျူးဘားတို့ကို တစ်ခါတစ်ရံ "ပိတ်ဆို့ခြင်း" ဟု ခေါ်ဆိုသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော်လည်း၊ ၎င်းတို့မှာ ရေနံတင်ပို့မှုများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး အီရန်အပေါ် လုပ်ဆောင်နေသည့် အလုံးစုံ ပိတ်ဆို့မှု အတိုင်းအတာမျိုးကိုမူ မမီပေ။
(၂၀၂၆ ဧပြီ ၁၃ ရက် နယူးယောက် တိုင်းမ် သတင်းစာပါ "What the Naval Blockade of Iran Might Look Like" ဆောင်းပါးကို ပြန်လည် တင်ပြသည်)