တရုတ် နှင့် တင်းမာမှု ‌လျော့ပါးရေး ပျက်ပြားစေမည့် ထရမ့်၏ ပိတ်ဆို့မှု

by Hla Soewai - Apr 19 2026

အီရန် ဆိပ်ကမ်းများမှ ထွက်ခွာမည့် သ‌င်္ဘောများ အား တနင်္လာနေ့က အမေရိကန်၏ ပိတ်ဆို့မှုကို တရုတ်နိုင်ငံက "အန္တရာယ်ရှိပြီး တာဝန်မဲ့ရာရောက်သည်" ဟု ကြေညာခဲ့ခြင်းဖြင့် ထရမ့်ကို စိန် ခေါ်လာခဲ့သည်။ ယင်းကြောင့် တရုတ်နိုင်ငံနှင့် ပေါ်ထွန်းစ တင်းမာမှုလျှော့ချရေး အစီအစဉ်များ မပျက်စီးစေရန် မည်သို့ထိန်းသိမ်းရမည်နည်းဟူသည့် အချက် နှင့် ထရမ့် ရင်ဆိုင်လာခဲ့ရသည်။

 

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးကို အသစ်တစ်ဖန် ပြန်လည်ပုံဖော်ရန် အသေအချာ စီစဉ်ထားသည့် ခရီးစဉ်တစ်ခုအဖြစ် ထရမ့်သည် နောက်ထပ် လေးပတ်အကြာတွင် ဘီဂျင်းသို့ ဆိုက်ရောက်လာမည်ဟု မျှော်လင့်ရသည်။

 

သမ္မတသည် ခရီးစဉ်ကို တကြိမ်ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သော်လည်း၊ ထပ်မံရွှေ့ဆိုင်းရန် ဆွေးနွေးထားခြင်းမရှိကြောင်း အိမ်ဖြူတော်အရာရှိများက အခိုင်အမာ ပြောခဲ့ကြသည်။

 

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများမစတင်မီက အီရန်၏ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်း (တစ်ရက်လျှင် စည်ပေါင်း ၁.၃ သန်းကျော်) ကို တရုတ်က ဝယ်ယူ နေခဲ့သည်။

 

အစောပိုင်းတွင် တရုတ်တို့သည် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ သိသိသာသာ နှုတ်ဆိတ်နေခဲ့ကြသည်။ အကြောင်းမှာ ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးသား ရေနံများနှင့် အရန်သိမ်းဆည်းထားသည့် အရေးပေါ်ရေနံပမာဏ အမြောက်အမြားက ၎င်းတို့အား အခက်အခဲမရှိ ကျော်ဖြတ်စေနိုင်လိမ့်မည်ဟု သိထားသောကြောင့်ဖြစ်သည်။ 

 

ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် စစ်သင်္ဘောများ စေလွှတ်ရန် ထရမ့်၏ တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်စလုံး စစ်ရပ်စဲရန် ကြေညာချက်များကိုသာ အလိုက်သင့် ထုတ်ပြန်ခဲ့ကြသည်။

 

သို့သော် တနင်္လာနေ့တွင် ပိတ်ဆို့မှု စတင်သည်နှင့်တပြိုင်နက် တရုတ်အလံ လွှင့်ထူထားသော ကုန်တင်သင်္ဘောများ (အချို့မှာ တရုတ်သင်္ဘောသားများ လိုက်ပါလာသည့် သင်္ဘောများ) ကို အမေရိကန်ရေတပ်က ပြန်မောင်းထုတ်မည့် အလားအလာနှင့် ရင်ဆိုင်လာရချိန်တွင် တရုတ်တို့ လေသံ ပြောင်းလဲလာခဲ့သည်။

 

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က အင်္ဂါနေ့တွင် စစ်ပွဲနှင့်ပတ်သက်၍ ကမ္ဘာကြီးအနေဖြင့် "တောရိုင်းဥပဒေ" ကျင့်သုံးသည့်စနစ်သို့ ပြန်လည်ရောက်ရှိသွားမည့် အန္တရာယ်ကို အဖြစ်မခံနိုင်ကြောင်း ပထမဆုံး လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့သည်။ 

 

ထရမ့်၏ အမည်ကို ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။ သို့သော် ဇန်နဝါရီလအတွင်းက The New York Times သတင်းစာသို့ "ကျုပ်အတွက် နိုင်ငံတကာဥပဒေ မလိုဘူး" ဟု ပြောကြားခဲ့ပြီး "ကျုပ် က လူတွေကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး" ဟု ထပ်လောင်း ပြောခဲ့သည့် ထရမ့်ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။ မိမိ၏ လုပ်ဆောင်ချက်များအပေါ် မည်သည့်အချိန်တွင် နိုင်ငံတကာ ဥပဒေဆိုင်ရာ ကန့်သတ်ချက်များ သက်ရောက်စေမည်ကို မိမိကိုယ်တိုင်သာလျှင် ဆုံးဖြတ်သူ ဖြစ်ရမည်ဟူသော သဘောထားကိုလည်း ထရမ့်က ပြတ်ပြတ်သားသား ဖော်ပြခဲ့ဖူးသည်။

 

ထရမ့်ဘက်ကမူ ထိုဝေဖန်မှုများကို လျစ်လျူရှုထားပြီး တရုတ်အစိုးရသည် သူ၏လုပ်ဆောင်ချက်ကို တစ်နည်းနည်းဖြင့် ထောက်ခံအားပေးနေသယောင် အနည်းဆုံးတော့ လူသိရှင်ကြား ဟန်ဆောင်ပြနေသည်။

 

“ကျုပ် က ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်ဖွင့်လှစ်ပေးမယ် ဆိုလို့ တရုတ်နိုင်ငံက အရမ်းကို ဝမ်းသာနေတယ်” ဟု ၎င်းက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ “ဒါက သူတို့အတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ ကျွန်တော် လုပ်ပေးနေတာပါ” ဟု ဆက်လက်ရေးသားခဲ့ပြီး နောက်အပတ် အနည်းငယ်အတွင်း ဘီဂျင်းသို့ ရောက်ရှိချိန်တွင် ရှီကျင့်ဖျင်က ၎င်းကို “နွေးနွေးထွေးထွေးနဲ့ ပွေ့ဖက်ကြိုဆိုလိမ့်မယ်” ဟုလည်း ခန့်မှန်းပြောဆိုခဲ့သည်။

 

သို့သော် အီရန်တို့ အတွက် တရုတ်နိုင်ငံက ပုခုံးထမ်း ဒုံးကျည်များ ပေးပို့ထားနိုင်သည်ဟူသော သတင်းအချက်အလက်ကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက ရရှိခဲ့ပြီးနောက်၊ ၎င်းအနေဖြင့် ရှီကျင့်ဖျင်ထံ ကန့်ကွက်ပြောဆိုခဲ့ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။ ထိုထောက်လှမ်းရေးသတင်းမှာ အတည်ပြုနိုင်ခြင်း မရှိသေးသလို တရုတ်ဒုံးကျည်များကို အမေရိကန် သို့မဟုတ် အစ္စရေး တပ်ဖွဲ့များအပေါ် အသုံးပြုခဲ့သည်ဟူသော အထောက်အထားလည်း မရှိသေးပေ။

 

သို့သော်လည်း အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုမည့် တရုတ်လက်နက်များကို အီရန်သို့ ပေးပို့ခြင်းမရှိစေရန် အာမခံချက်တောင်းခံသည့် စာတစ်စောင်ကို ရှီကျင့်ဖျင်ထံ ရေးသားခဲ့ကြောင်း မစ္စတာထရမ့်က ဗုဒ္ဓဟူးနေ့တွင် ထုတ်လွှင့်ခဲ့သော Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့အပြင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “အီရန်ကို လက်နက်တွေ မပို့ဖို့ သူတို့ဘက်က သဘောတူထားပြီးပြီ” ဟု ရေးသားဖော်ပြခဲ့သည်။

 

၎င်းတို့အကြား ဆက်သွယ်ပြောဆိုမှုများကို လျှို့ဝှက်ထားရှိသောကြောင့် တရုတ်၏ ကတိပေးသည်မှာ မှန်ကန်ခြင်း ရှိ၊ မရှိ သို့မဟုတ် ကန့်သတ်ချက်များ ပါဝင်ခြင်း ရှိ၊ မရှိ အတည်ပြုရန် မဖြစ်နိုင်ပေ။ သို့သော် လွန်ခဲ့သော တပတ်ခန့်က လက်နက်များ ပေးပို့နေသည်ဟူသော ထောက်လှမ်းရေးသတင်းများ ထွက်ပေါ်လာချိန်တွင် "ဒီလိုလုပ်နေတာကိုသာ လက်ပူးလက်ကျပ် မိရင် သူတို့အပေါ် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံပစ်မယ်" ဟု ၎င်း၏ အလိုကို ဆန့်ကျင်သော နိုင်ငံတိုင်းအပေါ် အသုံးပြုလေ့ရှိသည့် ခြိမ်းခြောက်မှုမျိုးဖြင့် ပြောကြားခဲ့စဉ်ကထက်စာလျှင် ယခုအခါ ထရမ့်၏ လေသံမှာ ပိုမိုကောင်းမွန်လာခဲ့သည်။

 

ဤအပြန်အလှန် ဆက်ဆံမှုများက လက်ရှိအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ မည်မျှအထိ ထိလွယ်ရှလွယ် ဖြစ်နေသည်ကို ဖော်ပြနေပြီး၊ အီရန်ပဋိပက္ခသည်လည်း အဆိုပါဆက်ဆံရေးကို ပျက်ပြားသွားစေရန် မည်သို့ခြိမ်းခြောက်နေသည်ကို မီးမောင်းထိုးပြ နေသည်။

 

"သမ္မတ ထရမ့်ဟာ သူရဲ့ အကြီးမားဆုံး ရည်မှန်းချက် နှစ်ခုကြား ထိတ်တိုက် ပဋိပက္ခဖြစ်စေမယ့် အခြေအနေမျိုးကို ဖန်တီးလိုက်တာပဲ” ဟု သမ္မတ ဂျိုးဇက် ဘိုင်ဒန် လက်ထက်တွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူကိုယ်တိုင် တည်ထောင်ထားသည့် Asia Group ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ကာ့တ် ကမ်းဘဲလ် က ပြောကြားခဲ့သည်။

 

၎င်းက ဆက်လက်၍ “ပထမ ရည်မှန်းချက်က တရုတ်ရဲ့ ကုန်စည်တွေ အပါအဝင် ရေလက်ကြားက ဖြတ်သန်းသွားလာသမျှ ကုန်စည်အားလုံးကို စောင့်ကြည့်ထိန်းချုပ်ဖို့ ဖြစ်ပြီး၊ ဒုတိယ ကတော့ ဘီဂျင်း ခရီးစဉ်ကို သိသိသာသာ အောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်စေချင်တဲ့ သူ့ရဲ့ ဆန္ဒပဲ ဖြစ်တယ်” ဟု ဆိုသည်။

 

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေးဗစ် ပါဒူး သည် လာမည့်ခရီးစဉ်အတွက် ဆွေးနွေးရန် အင်္ဂါနေ့နှောင်းပိုင်းက အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းသို့ ရောက်ရှိနေခဲ့သည်။ အီရန်ပဋိပက္ခ မဖြစ်ပွားမီကပင် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် သည် နှစ်နိုင်ငံ ကြေညာမည့် စီးပွားရေးဆိုင်ရာ အစီအစဉ်များ၏ အနှစ်ချုပ်ကို ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း အမျိုးသားလုံခြုံရေး အရာရှိများက ပြောကြားခဲ့သည်။

 

အမေရိကန် အရာရှိများ၏ အဆိုအရ ထိုင်ဝမ်၏အနာဂတ်အရေး၊ တရုတ်နိုင်ငံ၏ လျင်မြန်စွာ ကြီးထွားလာ နေသော နျူကလီးယားလက်နက်တိုက်ကြီး သို့မဟုတ် တောင်တရုတ်ပင်လယ်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် ဖိလစ်ပိုင် နှင့် ဖြစ်ပွားနေသည့် ထိပ်တိုက်တွေ့ဆုံမှုများ အပါအဝင် အဓိကကျသော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တိုးတက်မှုရရှိခြင်း အလွန်နည်းပါးနေသေးသည်။

 

ဘီဂျင်း သို့ ထရမ့် ရောက်မလာမီ အကယ်၍ ပိတ်ဆို့မှုများ ဆက်လက်တည်ရှိနေဦးမည်ဆိုပါက—အဆိုပါကိစ္စနှင့် ပတ်သက်၍ ခေါင်းဆောင်နှစ်ဦး မည်သို့ဆွေးနွေးကြမည်က မရေမရာဖြစ်နေဆဲပင်။ ထို့အပြင် ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလက်စ် မာဒူရိုကို ဖမ်းဆီးခြင်းမှ စတင်ခဲ့ပြီးနောက် အီရန်အပေါ် ထရမ့်၏ တိုက်ခိုက်မှုများဖြင့် အမေရိကန်၏ စစ်အင်အားပြသလာမှုများနှင့် ပတ်သက်၍လည်း မည်သို့ဆွေးနွေးကြမည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

 

သို့သော် အမေရိကန်က ထို တိုက်ခိုက်မှုနှစ်ခုစလုံးကို မည်သို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟူသော အချက်အပေါ် တရုတ်စစ်တပ်က အသေအချာ အာရုံစိုက်လေ့လာနေကြောင်း ခိုင်လုံသောအထောက်အထားများ ရှိနေသည်။

 

 စစ်ပွဲစတင်သည့် ပထမဆုံးနာရီပိုင်းအတွင်းမှာပင် အီရန်ခေါင်းဆောင်ပိုင်းကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည့် မြန်ဆန်မှု နှုန်းနှင့် ပတ်သက်၍ တရုတ်အရာရှိများ စိုးရိမ်မကင်းဖြစ်နေပုံရသည်။

 

နှစ် နိုင်ငံ ကြား ပြင်းထန်သော ပြိုင်ဆိုင်မှုများရှိနေသည့် AI ချစ်ပ်ပြားများ သို့မဟုတ် ရှားပါးသတ္တု ကဲ့သို့သော ကိစ္စရပ်များကြောင့် မဟုတ်‌ တော့ ဘဲ “အီရန်အရေးကသာ အဓိကအချက်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

 

အကယ်၍ အမေရိကန်ရေတပ်နှင့် တရုတ်ကုန်တင်သင်္ဘောများကြား ထိပ်တိုက်တွေ့မှုမျိုး ဖြစ်လာခဲ့လျှင် အဆိုပါ ပိတ်ဆို့မှုသည် ၎င်းတို့ နှစ်ဦး အကြား အနေရ အထိုင်ရ ခက်မည့် အခြေအနေမျိုး” ဖြစ်လာနိုင်သည်။ သို့သော် နှစ်ဖက်စလုံးက ထိုအခြေအနေမျိုးကို ရှောင်ရှားလိုပုံရသည်။ ဒုတိယအချက်သည်က အီရန်ကို ကူညီဖို့အတွက် တရုတ်က လက်နက်အကူအညီတွေ ပေးပို့ဖို့ စဉ်းစားနေသည် ဆို‌ သော သတင်းများပင် ဖြစ်သည်။ ထိုသတင်းကို လွှတ်တော်နှင့် ထောက်လှမ်းရေး အဆင့်မြင့်အရာရှိများကလည်း အလေးအနက်ထား စောင့်ကြည့်နေပုံရသည်။

 

(၂၀၂၆ ဧပြီ ၁၄ ရက် နယူးယောက် တိုင်းမ် သတင်းစာပါ "Trump’s Blockade Risks Upending an Emerging Détente With China" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)