နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(31)

by Hla Soewai - Apr 19 2026

နယ်လ်ဆင် မင်ဒဲလား အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည့် ရီဗိုးနီးယား တရားခွင် 

**********

၁၉၆၁ ခုနှစ်၊ ဇွန်လတွင် အာဖရိကအမျိုးသားကွန်ဂရက် (ANC) ၏ အဆင့်မြင့်အရာရှိကြီးများသည် တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့၌ စုရုံးခဲ့ကြသည်။ ထိုအစည်းအဝေး၏ ရည်ရွယ်ချက်မှာ ANC အနေဖြင့် ၎င်းတို့ကျင့်သုံးလာခဲ့သည်မှာ ကြာပြီဖြစ်သော အကြမ်းမဖက်ရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းသွားရန် ရှိ၊ မရှိ ဆွေးနွေးရန်ဖြစ်သည်။ ANC အစည်းအဝေးများ၏ ထုံးစံအတိုင်းပင် ထိုအစည်းအဝေးကိုလည်း ညအချိန်တွင် လျှို့ဝှက်နေရာတ‌‌ နေရာ ၌ ပြုလုပ်ခဲ့သည်။

 

ထိုညတွင် တက်ရောက်လာကြသော အရာရှိများထဲတွင် နယ်ဆင် မင်ဒဲလားသည် မဟာဗျူဟာ ပြောင်းလဲရန်အတွက် အဓိက တိုက်တွန်းနှိုးဆော်သူ ဖြစ်ခဲ့သည်။ ANC အဖွဲ့ဝင်အများအပြားက အကြမ်းမဖက်ရေးကို ချိုးဖောက်၍မရသော မူဝါဒတစ်ခုအဖြစ် မှတ်ယူထားသော်လည်း မင်ဒဲလားကမူ လုံးဝဆန့်ကျင်ဘက် ဖြစ်သင့်သည်ဟု ယုံကြည်ထားသည်။ 

 

၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သော "လွတ်လပ်ရေးသို့ ခရီးရှည်" (Long Walk to Freedom) တွင် ရေးသားခဲ့သည့်အတိုင်း "အကြမ်းမဖက်ရေးဆိုသည်မှာ အလုပ်မဖြစ်တော့သည့်အချိန်တွင် စွန့်လွှတ်ရမည့် နည်းဗျူဟာတစ်ခုသာဖြစ်သည်" ဟု မင်ဒဲလားက ယူဆလာသည်။ ၎င်း၏ အမြင်တွင်မူ အကြမ်းမဖက်ရေးမှာ အလုပ်မဖြစ်တော့ပေ။

 

ANC ပါတီသည် အပါသိုက် (Apartheid) ခေါ် လူမျိုးရေးခွဲခြားမှု စနစ်ကို တိုက်ဖျက်ရာတွင် မည်သို့မျှ ခရီးမပေါက်ဘဲ ဖြစ်နေသည်။ အစိုးရ၏ လက်နက်ကိုင် တိုက်ခိုက်မှုများကို ခံနေရသည့် ANC အဖွဲ့ဝင်များအတွက် အခြားရွေးချယ်စရာ လမ်းစတခုတ‌ လေ မျှ ဖော်ဆောင်ပေးနိုင်ခြင်း မရှိဘဲ လက်ပိုက်ကြည့်နေခြင်းသည် မှားယွင်းရုံသာမက "ကိုယ်ကျင့်တရား ပျက်ယွင်းရာ" လည်း ရောက်သည်ဟု မင်ဒဲလားက ယူဆသည်။ "သားရဲတိရစ္ဆာန်ရဲ့ ရန်ပြုမှုကို လက်ဗလာနဲ့တော့ ခုခံကာကွယ်လို့ မရနိုင်ဘူး" ဟု မင်ဒဲလားက အခိုင်အမာ ပြောဆိုသည်။ 

 

ယခုအခါ လူထု ၏ အသက်များကို ကယ်တင်ရန်အတွက် အုပ်ချုပ်သူများ ၏ ဖိနှိပ်ချုပ်ချယ်မှု ပြယုဂ်များကို တိုက်ခိုက်ရမည့် အချိန်ရောက်ပြီဟု သူက ဆိုသည်။

 

သို့သော် လူတိုင်းက မင်ဒဲလား၏ အယူအဆကို သဘောမတူကြပေ။ ထိုစဉ်က ANC တွင် သြဇာအရှိဆုံးပုဂ္ဂိုလ်မှာ ဥက္ကဋ္ဌ အဲလ်ဘတ် လူသူလီ ဖြစ်ပြီး၊ သူ၏အမြင်တွင် အကြမ်းမဖက်ရေးဝါဒသည် ဗျူဟာတစ်ခုမျှသာ မဟုတ်ဘဲ အရေးကြီးသည့် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူတစ်ခု ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် မင်ဒဲလား၏ ရပ်တည်ချက်က အောင်မြင်သွားခဲ့သည်။

 

ANC သည် အဖွဲ့အစည်းပုံစံသစ် တခုအဖြစ် ပြောင်းလဲတော့မည်ဖြစ်သည်။ မင်ဒဲလားအား အေအန်စီ၏ တိုက်ရိုက်ထိန်းချုပ်မှု နှင့် လွတ်ကင်း‌ သော သီးခြားစစ်ဘက်ဆိုင်ရာ လက်ရုံးတစ်ခုကို ဖွဲ့စည်းရန် လုပ်ပိုင်ခွင့် ပေးလိုက်ကြသည်။ ထိုအဖွဲ့ကို “အွမ်းခွန်တို ဝီ ဆစ်ဇ်ဝေး” (Umkhonto we Sizwe) သို့မဟုတ် “နိုင်ငံတော်၏ လှံတံ” ဟု ခေါ်တွင်စေခဲ့သည်။

 

ထိုသို့ တောင်အာဖရိက ကံကြမ္မာ ကို အလှည့်အပြောင်းဖြစ်စေခဲ့သော ANC ခေါင်းဆောင်များ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် တောင်အာဖရိကသမိုင်းတွင် အထင်ရှားဆုံးသော တရားစီရင်မှုဆီသို့ ရှောင်လွှဲမရဘဲ ဦးတည်သွားခဲ့သည်။ ထိုတရားခွင်သည် နယ်လ်ဆင် မင်ဒဲလားနှင့် ၎င်းနှင့်အတူ တရားစွဲဆိုခံရသူ ကိုးဦးတို့ အသက် ချမ်းသာခွင့် ရမည်လား၊ သေရမည်လားဆိုသည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

 

သို့သော် ထို တရားစီရင်မှုသည် လူဆယ်ဦး၏ ကံကြမ္မာထက်ပင် ကျော်လွန်၍ တောင်အာဖရိက လူ့အဖွဲ့အစည်းအပေါ် နက်ရှိုင်းပြီး ရေရှည်တည်တံ့မည့် သက်ရောက်မှုများ ရှိလာခဲ့သည်။ အမှန်စင်စစ် ယင်းကို “တောင်အာဖရိကကို ပြောင်းလဲစေခဲ့သော တရားခွင်” ဟု လူသိများလာခဲ့သည်။

 

နောက်ခံအကြောင်းအရာအချို့မှ စတင်ကြပါစို့။ ANC ၏ စစ်ရေးကဏ္ဍ ခေါင်းဆောင်အဖြစ် မင်ဒဲလား ပထမဆုံး လုပ်ဆောင်ခဲ့သည့် အလုပ်တစ်ခုမှာ တောင်အာဖရိက သတင်းစာများထံ စာတစောင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

 

အကယ်၍ အစိုးရအနေဖြင့် အမျိုးသား အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံတစ်ခုကို ခေါ်ယူရန် သဘောမတူပါက အစိုးရအား ဆန့်ကျင်သည့် ဖောက်ခွဲဖျက်ဆီးရေး လှုပ်ရှားမှုအသစ်များကို စတင်တော့မည်ဖြစ်ကြောင်း ထိုစာထဲတွင် သူက သတိပေးခဲ့သည်။ ထိုကဲ့သို့သော တောင်းဆိုချက်မျိုးကို အစိုးရက မည်သို့မျှ လိုက်လျောမည်မဟုတ်ကြောင်းကိုလည်း မင်ဒဲလားက ကောင်းစွာ သိထားပြီးလည်း ဖြစ်သည်။

 

ဤသို့ဖြင့် "နိုင်ငံတော်၏ လှံတံ" အဖွဲ့သည် စစ်ဆင်ရေးအစီအစဉ်များကို စတင်ရေးဆွဲခဲ့ကြသည်။ ပထမဆုံးအကြိမ် တိုက်ခိုက်မှုမှာ ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့ပြီး ဖောက်ခွဲရေးသမားများက လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။ နောက်ထပ် ၁၈ လတာ ကာလအတွင်း အစိုးရအဆောက်အအုံများကို တိုက်ခိုက်ခြင်း အပါအဝင် အဖျက်အမှောင့်လုပ်ငန်းပေါင်း ဒါဇင်နှင့်ချီ၍ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

 

အစိုးရ၏ မှတ်တမ်းများအရဆိုလျှင် လက်နက်ကိုင်များမှာ အဖျက်အမှောင့်လုပ်ငန်းပေါင်း ၂၃၅ ခုအထိ သီးခြားစီ ကျူးလွန်ခဲ့ကြသည်။

 

မင်ဒဲလားသည် ထိုအဖျက်အမှောင့် စစ်ဆင်ရေးကာလ၏ အစောပိုင်းလများ တွင် "ဒေးဗစ်" ဟူသော အမည်ဝှက်ဖြင့် ANC ၏ လုံခြုံစိတ်ချရသော ဂေဟာတစ်ခုတွင် နေထိုင် လှုပ်ရှားခဲ့သည်။ ထိုဂေဟာမှ ထွက်ခွာသည့်အခါတိုင်း များသောအားဖြင့် ညဖက်တွင်သာ ရုပ်ဖျက်၍ သွားလာတတ်သည်။ ထိုဂေဟာသည် ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ခြံဝင်းအတွင်းမှ အိမ်တလုံး ဖြစ်သည်။

 

ထိုအိမ်သို့သွားရာ လမ်းသည် လမ်းကွေ့တစ်ခုအနီးမှ စတင်ပြီး "ရီဗိုးနီးယား" ဟု ရေးထားသော လမ်းညွှန်ဆိုင်းဘုတ်တစ်ခု ရှိသည်။ တောင်အာဖရိက ပြည်သူများအတွက်မူ "ရီဗိုးနီးယား" ဆိုသည်မှာ လမ်းဆိုင်းဘုတ်ပေါ်က အမည်တစ်ခုထက်မက သော အဓိပ္ပာယ်ရှိလာခဲ့သည်။ ၎င်းသည် ANC ၏ လျှို့ဝှက်ဂေဟာအမည် ဖြစ်လာသလို၊ တကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည့် တရားခွင် အဖြစ် နာမည် တွင်လာခဲ့သည်။

 

မင်ဒဲလားသည် ရီဗိုးနီးယားတွင် ရှိနေစဉ်အတွင်း တောင်အာဖရိက အစိုးရကို ပြန်လည်တိုက်ခိုက်မည့် ပြောက်ကျားစစ် ဆင်နွှဲရေး ဗျူဟာများနှင့် အစီအစဉ်များကို ရေးဆွဲခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ လူမည်းများသာ အုပ်ချုပ်သည့် အစိုးရတစ်ရပ် တည်ထောင်ရန်မဟုတ်ဘဲ တောင်အာဖရိကကို လူမျိုးပေါင်းစုံပါဝင်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲရန် ဖြစ်သည်။ 

 

ထိုဒီမိုကရေစီစနစ်သည် လူမည်းမိသားစုများကို ခွဲပစ်ခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ခြင်းနှင့် အခြားသော အခြေခံလူ့အခွင့်အရေးများကို ပိတ်ပင်ထားသည့် "အပါသိုက်" ခေါ် လူမျိုးရေးခွဲခြားမှုစနစ်၏ ဖိနှိပ်ချုပ်ချယ်သော ဥပဒေများကို ဖျက်သိမ်းမည့် စနစ်မျိုး ဖြစ်သည်။

 

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် မင်ဒဲလားသည် ANC အဖွဲ့၏ ရည်မှန်းချက်များအတွက် နိုင်ငံတကာအစိုးရများထံမှ ထောက်ခံမှုရရှိရန် တောင်အာဖရိကနိုင်ငံမှ ထွက်ခွာခဲ့သည်။ ၎င်းသည် အီသီယိုးပီးယားနိုင်ငံ၊ အာဒစ်အာဘာဘာမြို့တွင် ခြောက်လကြာ အချိန်ကုန်ဆုံးခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ သင်ယူခဲ့သည်။ ဩဂုတ်လတွင် တောင်အာဖရိကသို့ ပြန်ရောက်ပြီးနောက်၊ သူ၏ အာဖရိကခရီးစဉ်အကြောင်းကို အစီရင်ခံရန် စစ်ဌာနချုပ် ရှိရာ ဒါဘန်မြို့သို့ သွားရောက်ခဲ့သည်။ 

 

သို့သော် နောက်တစ်နေ့ ရီဗိုးနီးယားသို့ အပြန်လမ်းတွင် မင်ဒဲလား၏ ကားကို ရဲများက တားဆီးစစ်ဆေးခဲ့သည်။ တစ်စုံတစ်ဦးက သတင်းပေးလိုက်ခြင်း ကြောင့် ဖြစ်သည်။မင်ဒဲလားသည် လူထုသပိတ်မှောက်ရန် လှုံ့ဆော်မှု၊ နိုင်ငံကူးလက်မှတ်မရှိဘဲ ပြည်ပသို့ ထွက်ခွာမှုတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည်။ 

 

ထိုနေ့မှစ၍ နောက်ထပ် ၂၇ နှစ်ကျော်တိုင်အောင် သူသည် လွတ်လပ်ခွင့်နှင့် ဝေးကွာသွားခဲ့ရတော့သည်။ "နိုင်ငံတော်၏ လှံတံ" အဖွဲ့သည် မင်ဒဲလား၏ ဦးဆောင်မှု မရှိတော့သော်လည်း ဖောက်ခွဲဖျက်ဆီးရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။ တောင်အာဖရိက တရားဥပဒေစိုးမိုးရေးအဖွဲ့များသည်လည်း ကျန်ရှိနေသည့် လက်နက်ကိုင်ခေါင်းဆောင်များကို ရှာဖွေရန် အသည်းအသန် ကြိုးပမ်းလာကြသည်။ ၁၉၆၃ ခုနှစ် ဇူလိုင်လတွင်မူ ထိုသို့ ရှာဖွေ နေမှု အား ကူညီပေးမည့် သတင်းပေးတဦးကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။