တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် ယနေ့ နေပြည်တော်သို့ ရောက်ရှိလာပြီး မင်းအောင်လှိုင်နှင့် တွေ့ခဲ့သည်။ ထူးခြားသည်က ၎င်း၏ ရွေးကောက်တင်မြှောက်ခံရမှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည့်အပေါ် အထူးကျေနပ်အားရမိကြောင်း မင်းအောင်လှိုင်က ဝမ်ယိအား ပြောကြားခဲ့သည်ဟု သတင်းများ တွင် ဖော်ပြထားခြင်းပင် ဖြစ်သည်။
ဝမ်ယီ ကလည်း “မင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံသည် ရေရှည်၌ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း” မင်းအောင်လှိုင် သဘောကျ မြှောက်ပင့် ပြောဆိုသွားခဲ့သည်။
ဝမ်ယီ၏ ခရီးစဉ် နှင့် ပတ်သက်၍ အထက်ပါ ခေါင်းစဉ် ဖြင့် ဧရာဝတီ မှ ယခုလို ရေးသားလာခဲ့သည်။
ဝမ်ယီ၏ ခရီးစဉ်သည် သံတမန်ရေးရာ ထက် ပို၍ အဓိပ္ပါယ် များစွာ ရှိနေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ သတိထားကိုင်တွယ်ခဲ့သည့် မင်းအောင်လှိုင်ကို ယခုအခါမြန်မာ့နိုင်ငံရေး၏ ဗဟိုချက်အဖြစ် တဖြည်းဖြည်းချင်း သံတမန်ရေးအရ ပြန်လည်အသိအမှတ်ပြု ဆက်ဆံလာသည့် နောက်ထပ် ထင်ရှားသော ခြေလှမ်း လှမ်းလာခြင်းလည်း ဖြစ် ပေသည်။
ဝမ်ယီသည် ၂၀၂၂ ဇူလိုင်လက ပုဂံမြို့ကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး လန်ချန်း-မဲခေါင် အစည်းအဝေးကို တက်ရောက်ခဲ့စဉ်က ဝဏ္ဏမောင်လွင်နှင့်သာ တွေ့ဆုံသွားခဲ့သည်။ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည်အထိ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားခဲ့ခြင်းသည့် အရေးပါသည့် အချက်ပင် ဖြစ်သည်။ တရုတ်သည် စစ် အုပ်စု နှင့် အဆက်အသွယ် မဖြတ်ခဲ့သော်လည်း အာဏာသိမ်းခေါင်းဆောင်ကို မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ် မရှိသော ခေါင်းဆောင်အဖြစ် အလျင်စလို အသိအမှတ်ပြုဖို့ ဝန်လေးနေသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာ့နွေဦးတော်လှန်ရေးကြောင့် စစ်အုပ်စုသည် မလူးသာ မလွန့်သာ ဖြစ် နေရာမှ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်လာခဲ့သည့် အချိန်တွင်တော့ ဘီဂျင်းဖက်က အပြောင်းအလဲများ တွေ့လာရသည်။
တရုတ်နှင့် နီးစပ်မှုရှိသည်ဟု အများက ယူဆထားကြသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှင့် အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးထိုးစစ်များသည်မည်သည့် အခါကမျှ မတွေ့ခဲ့ရဘူးသည့် စစ်တပ်၏ အားနည်းချက်များကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင်တော့ စစ်အုပ်စုသည် စစ်တိုင်း ဌာနချုပ်ကြီး နှစ်ခု လက်လွှတ်လိုက်ရသည်အထိ အကြီးအကျယ် အရေးနိမ့်လာခဲ့သည်။
ပြည်သူများကြားတွင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့အား "ရှုံးမဲညီနောင်" ဆိုပြီး လှောင်ပြောင် သရော်နေကြပြီ ဖြစ်သည်။ ထိုကဲ့သို့ လှောင်ပြောင် သရော်ခဲ့ခြင်းမှာလည်း ခိုင်လုံသည့် အကြောင်းများ ရှိနေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် ရှေ့တန်းစစ်မျက်နှာများတွင် သေဆုံး၊ ဘက်ပြောင်းခိုလှုံ၊ လက်နက်ချ အစရှိသည့်အင်အားပြုန်းတီးမှု ဒဏ်ကို အလူးအလဲ ခံနေရချိန်လည်း ဖြစ်သည်။
နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) ရဲ့ အခုနောက်ဆုံး ခန့်မှန်းချက်အရ စစ်တပ်ရဲ့ လက်ရှိအင်အားသည် တာဝန်ထမ်းဆောင်နေသူ ၁၃၄,၀၀၀ ခန့်သာ ရှိတော့ပြီး၊အာဏာမသိမ်းခင်က ရှိခဲ့သည့် အင်အားထက် အဆမတန် လျော့နည်းသွားခြင်းပင် ဖြစ်သည်။
အချိန်အတော်ကြာအောင် ခြံစည်းရိုး ခွထိုင်ခဲ့သည့် ဘီဂျင်းသည် ယခုအခါမှာတော့ ပြဿနာအသစ်တစ်ခုနဲ့ ရင်ဆိုင်လာရပါပြီ ဖြစ်သည်။ နယ်စပ် မတည်ငြိမ်မှုများကို ထိန်းညှိဖို့ထက်ထစစ်ကောင်စီ ပြိုလဲမသွားအောင် ဘယ်လိုတားဆီးမလဲဆိုသည် အပေါ် ခေါင်းစားလာရသည်။ ထို့နောက်တွင် တော့ တရုတ်သည် ခြံစည်းရိုး ပေါ်က နေ စစ်အုပ်စုဖက် ခုန်ဆင်းလာပေတော့သည်။
၂၀၂၄ ဩဂုတ်လတွင် ဝမ်ယီသည် နေပြည်တော် ကို ရောက်လာပြီး မင်းအောင်လှိုင်နှင့် မျက်နှာခြင်းဆိုင် တွေ့ဆုံလာခဲ့သည်။ ၂၀၂၄ နိုဝင်ဘာလတွင်တော့ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားခွင့် ရသွားခဲ့သည်။ ထိုခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချန်းက မြန်မာနိုင်ငံ၏ "နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနဲ့ အကူးအပြောင်း ကြိုးပမ်းမှုများ" ကို ထောက်ခံကြောင်း အရိပ်အယောင် ပြလာခဲ့သည်။
ဘီဂျင်းသည် "ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကနေ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေး" ဟု သုံးနှုန်းလာခြင်းသည် ကြားနေခြင်း မဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုမျာလက်မခံဘဲ ပယ်ချထားသည့် ၂၀၀၈ စစ်တပ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအောက်ကို ပြန်သွားဖို့ ညွှန်ပြ ပြောဆိုလာခြင်းပင် ဖြစ်သည်။
သံတမန်ရေးအရ မင်းအောင်လှိုင်အား သိဓ္ဓိ တင် ပေးလာမှုသည် ၂၀၂၅ အတွင်း ပိုမိုထင်ရှားလာခဲ့သည်။ မင်းအောင်လှိုင်သည် မေလတွင် မော်စကို၌၎င်း၊ ဩဂုတ်လတွင် တီယန် ကျင်းမြို့၌၎င်း ရှီကျင့်ဖျင်နှင့် တွေ့ဆုံခွင့် ရသွားခဲ့သည်။ ယင်းသည် ကမ္ဘာ့နိုင်ငံအများစုက ဖယ်ကြဉ်ထားခြင်းခံရသည့် အာဏာသိမ်းခေါင်းဆောင် တဦးအတွက် အင်အားကြီးနိုင်ငံတနိုင်ငံ၏ ထိပ်သီးခေါင်းဆောင်နှင့် တိုက်ရိုက်ထိတွေ့ခွင့်ရရှိသွားခဲ့သည့် ထူးခြားသည့် အခြေအနေ တရပ် အဖြစ် ထွက်ပေါ်လာခဲ့သည်။
ယခု လထဲတွင်တော့ စစ်အုပ်စုက တင်းကြပ်စွာ ထိန်းချုပ် ထားသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အပြီးတွင် မင်းအောင်လှိုင်သည် စစ်ကောင်စီဥက္ကဋ္ဌအဖြစ်မှ အရပ်ဝတ်လဲထားသည့် "သမ္မတ" အဖြစ် ရာထူးတိုးမြှင့်ယူခဲ့ပြီးနောက်၊ ဘီဂျင်းက ချက်ချင်းလိုပင် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
အဖြစ်အပျက်များ ထိုကဲ့သို့ အစဉ်လိုက် ဖြစ်ပေါ်လာပုံသည် အရေးပါလှသည်။ ဝမ်ယီ၏ ယခု ခရီးစဉ်သည် သတိထား ဆက်ဆံရုံမျှ အဆင့်ကနေ ပွင့်ပွင့်လင်းလင်း ထိတွေ့ဆက်ဆံသည့် အဆင့်၊ ထိုမှတဆင့် နိုင်ငံရေးအရ အကာအကွယ်ပေးသည့် အဆင့်၊ ယခု အခါ ဒေသတွင်း ပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်ပေးမည့် အဆင့်အထိ တဆင့်ချင်း တက်လှမ်းလာသည့် လှေကားထစ်များပင် ဖြစ်သည်။
ဘီဂျင်းက ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်သည့် သံတမန်ရေးလို့ ဆိုသော်လည်း တကယ်တမ်းတွင် တရုတ်သည် ကြားနေ ဖျန်ဖြေပေးသူ မဟုတ်ဘဲ စစ်အုပ်စု၏ အဓိက သံတမန်ရေးရာ အသက်သွေးကြောနှင့် လက်နက် ထောက်ပံ့ပေးသူဖြစ်သလို၊ မြန်မာ့အရေး ရလဒ်သည် ၎င်းတို့အတွက် ပထဝီနိုင်ငံရေး အရ တိုက်ရိုက် အကျိုးစီးပွား ရှိနေသည့် အင်အားကြီး နိုင်ငံလည်း ဖြစ်သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ အာဏာသိမ်းပြီးကတည်းက တရုတ်သည် မြန်မာစစ်တပ်၏ အဓိက ပြည်ပလက်နက် အတွက် အားကိုးရာဖြစ်နေပြီး တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဆက်သွယ်ရေး နည်းပညာများနှင့် စစ်အုပ်စု၏ ပြည်တွင်း လက်နက်ထုတ်လုပ်မှုကို အထောက်အကူပြုသည့် စက်မှုကုန်ကြမ်းပစ္စည်း များကအစ ထောက်ပံ့ပေးနေသည့် နိုင်ငံ ဖြစ်နေသည်။
ဘီဂျင်း၏ လုပ်နည်း လုပ်ဟန်သည် ရွေးချယ်ပြီး ချဉ်းကပ်ပုံ မျိုး ဖြစ်သည်။ ၎င်းတို့အကျိုးစီးပွားများ ရှိနေသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ၊ မြေရှားသတ္တု တူးဖော်ရေးဇုန်များ၊ ပိုက်လိုင်းများနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ဆက်စပ်နေသည့် စီမံကိန်း ဒေသများတွင်သာ တည်ငြိမ်မှု ရှိစေချင်သည်။
ထို့အတွက် ကြောင့် လည်း လိုအပ်သည့် အခါ နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ များကို ဖိအားပေးခြင်း၊ ယာယီအပစ်အခတ်ရပ်စဲရေးများ ဖြစ်လာအောင် ကြားဝင်စေ့စပ် ပေးခြင်း၊စစ်အုပ်စု ပြိုလဲမသွားအောင် ထိန်းမပေးခြင်းမျိုးများကိုသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ တမျိုးသားလုံးနှင့် ဆိုင်သော နိုင်ငံရေးအကျပ်အတည်းကို ဘက်စုံ ဖြေရှင်းပေးဖို့သည်က တရုတ်၏ ရည်မှန်းချက် များ တွင် မပါဝင်ပေ။
၎င်းတို့၏ အထင်ကရ စီးပွားရေး ရည်မှန်းချက်များအတွက် မင်းအောင်လှိုင်၏ နိုင်ငံရေး အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဆောင်ပေးနေသလို တစ်ဖက်မှာလည်း ရပ်တန့်နေသည့် ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) ရဲ့ အဓိက အစိတ်အပိုင်းများ အောင်မြင်အောင် တွန်းအားပေးလာနေသည်။
လက်တွေ့ တွင် တော့ ရထားလမ်းနဲ့ ဆိပ်ကမ်း စင်္ကြံလမ်းကြောင်းများသည် လက်ရှိ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တခြားသော တော်လှန်ရေး အင်အားစု အများစု ထိန်းချုပ်ထားသည့်ပဋိပက္ခ နယ်မြေများကို တိုက်ရိုက် ဖြတ်သန်းသွားသည်။ ၎င်းတို့၏ မဟာမိတ် နယ်စပ်လက်နက်ကိုင် အဖွဲ့များ နှင့် ညှိနှိုင်းပေးထားသည့် "ငြိမ်းချမ်းရေး" ဆိုသည်ကလည်း ရထားလမ်းခင်းဖို့နှင့် ကွန်ကရစ် လောင်းဖို့အတွက် ယာယီ အပစ်ရပ်ခိုင်းခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားနေသည့် စစ်ပွဲများ၏ အဓိကအကြောင်းရင်းများ ဖြစ်သည့် မည်သို့မည်ပုံ အာဏာခွဲဝေမည်နည်း၊ တိုင်းရင်းသားလူနည်းစုများ အနေနှင့် အဓိပ္ပာယ်ရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရမည်လား၊ စစ်တပ်ကို နိုင်ငံရေးထဲကနေ ထာဝရ ဖယ်ထုတ်နိုင်မည်လား ဆိုသည့် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
တရုတ်သည် စစ်ပွဲ အရှိန်အဟုန်ကို ပုံဖော်ပေးနိုင်ပြီး စစ်အုပ်စုကို အထီးကျန်မဖြစ်အောင် ကူညီပေးနိုင် သော်လည်း၊ ပြည်တွင်းပြည်ပက ကျယ်ပြန့်တဲ့ အသိအမှတ်ပြု ထောက်ခံမှုကိုတော့ ဖန်တီးပေးနိုင်မည် မဟုတ် ပေ။ ၎င်းတို့စစ်အုပ်စု ကို သိသိသာသာ ပံ့ပိုးပေးလေလေ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည် အောင် လုပ် ပေး နေသည်ဟု ယူဆထားကြသည့် မြန်မာ ပြည်သူလူထုကြားမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပိုမို ကြီးမားလာလေလေပင် ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း တရုတ် စေ့စပ်ပေးသည့် တည်ငြိမ်ရေးသည် ရေပွက်ပမာသာ ဖြစ်ပြီး မင်းအောင်လှိုင်အား နိုင်ငံရေးအရ ပုံဖော်ပြင်ဆင် ပေးမှုများသည်လည်း တည်တံ့နိုင်ခြေ မရှိပေ။
မြန်မာ့သမိုင်းတွင် ၁၃ ရာစု ပုဂံခေတ်က နရသီဟပတေ့မင်းအား "တရုတ်ပြေးမင်း" ဟု ထင်ရှားခဲ့သည်။ မင်းအောင်လှိုင်သည် တရုတ်ရန်ကနေ ထွက်ပြေးနေခြင်း မဟုတ်ဘဲ တရုတ်ကိုပဲ မှီခိုအားထားနေရ၍ မြန်မာပြည်သူ အများစု အတွက် ၎င်းသည် "တရုတ်လုပ်မင်း" သာ ဖြစ်သည်။ ဆိုလိုသည်က ဖိအားပေးကျင်းပတဲ့ ရွေးကောက်ပွဲ များ နှင့် သံတမန်ရေးရာ ပြုပြင်မွမ်းမံမှုများကတစ်ဆင့် ပြည်ပမှာ တပ်ဆင်ထုတ်လုပ်လိုက်သည့် "Made-in-China သမ္မတ" တဦးပင် ဖြစ်သည်။
တရုတ်အတွက် သမ္မတရာထူးဆိုသည်က အာဏာသိမ်း စစ်အုပ်စု ထက်စာလျင် ကြည့်ကောင်းရုံသက်သက်သာရှိပြီး ပိုပြီးခိုင်မြဲလာမည်က မဟုတ်။
ဤသည်ကို ကြည့်မည် ဆိုက တရုတ်၏ စွက်ဖက်မှုသည် ပြင်းထန်သည် ဆိုသော်လည်းမြန်မာ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်မည် မဟုတ်။ အထူးသဖြင့် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျသည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေး ကဲ့သို့ ဗဟိုချက် ဒေသများတွင် တော်လှန်ရေးအင်အားစုများသည် ကိုယ်ပိုင် ရပ်တည် နိုင်သည့် အားအင်များ ရှိနေသည်။
စစ်ပွဲ၏ ရေရှည်ရလဒ်ကို နေပြည်တော် သို့မဟုတ် ကူမင်းရှိ ဟိုတယ် အစည်းအဝေးခန်းမများတွင် ဆုံးဖြတ် နိုင်မည် မဟုတ်ဘဲ အဲမြေပြင်တိုက်ပွဲများကသာ ဆုံးဖြတ်ပေးမည် ဖြစ်သည်။
တရုတ်တို့ ဖန်တီးလာဖို့ရှိသည့် ငြိမ်းချမ်းရေးသည် ဆင်းရဲသည့် နိုင်ငံများတွင် ရောင်းချရန် တင်ပို့ နေသည့် တရုတ် ဖြစ် ကုန်ပစ္စည်းအချို့လို—အပေါ်ယံ ပြောင်လက်ပြီး ခိုင်ခံ့မှုမရှိ၊ ခဏတာသုံးဖို့သာ ဖြစ်နေပေလိမ့်မည်။
A nation of sheep will beget a government of wolves.
Edward Murrow
"သိုးများကဲ့သို့ (ခေါင်းငုံ့ခံတတ်သော) လူမျိုးသည် ဝံပုလွေကဲ့သို့ (ရက်စက်သော) အစိုးရကိုသာ မွေးဖွားပေးလိမ့်မည်။"
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!