ရောက်နှင့်ပြီးသူ နှင့် မရောက်သေးသူတို့၏ ဆုတောင်း

by Hla Soewai - Apr 27 2026

လက်ရှိ နယ်သာလန် နိုင်ငံ ဟိဂ် ရှိ အိုင်စီစီ တရားရုံး တွင် တရားခံ အဖြစ် ရောက်ရှိ တရားဆိုင်နေရသည့် ဖိလစ် ပိုင် သမ္မ‌တ ဟောင်း ဒူဝာာတေး အမှု အား လာမည့် ဧပြီ ၂၂ ရက်နေ့တွင် စီရင်ချက် ချတော့မည်ဟု သိရသည်။

 

တနည်းအားဖြင့် အသက် ၈၀ ရှိပြီ ဖြစ် သော ဒူတာတေး၏ ကြွင်းကျန်သော ဘဝ သက်တမ်း အတွက် အဆုံးအဖြတ် ပေးမည့် အဖြေလည်း ဖြစ်သည်။ ဒူတာတေး သည် ၎င်း၏ အမှု ကို အိုင်စီစီ က စီရင်ပိုင်ခွင့် မရှိဟု ထုချေထားမှု အပေါ် ဆုံးဖြတ်မည် ဖြစ်သည်။

 

ဒူတာတေးသည် ၂၀၁၉ တွင် ဖိလစ်ပိုင်သည် အိုင်စီစီ မှ နှုတ်ထွက်သွားခဲ့၍ ထိုသို့ ထုချေခြင်း ဖြစ်သော်လည်း ၎င်းအာဏာရလာသည့် ၂၀၁၆ မှ ၂၀၁၈ အတွင်း ကျုးလွန်ခဲ့မှု များ အပေါ် အိုင်စီစီက တရားစွဲ ဆို ခဲ့ခြင်း ဖြစ်သည်။

 

၎င်းအား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွင်း ဥပဒေ ပြင်ပမှ သတ်ဖြတ်မှုများ၊ဖမ်းဆီးခံရသူများအပေါ် ရက်စက်စွာ ပြုမူမှုများ၊ အစိုးရ မူဝါဒအဖြစ် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သုံးမှု ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

 

ဖိလစ်ပိုင် အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ ၆,၂၅၂ ဦး သေဆုံးသည် ဆိုသော်လည်း ဖိလစ်ပိုင် လူ့အခွင့်အရေး ကော်မရှင်ကမူ ၂၇,၀၀၀ ကျော် သေဆုံးသည်ဟု ဆိုသည်။

 

မြန်မာ နိုင်ငံ တွင် မူ AAPP (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း) မှ တရားဝင်အတည်ပြုနိုင်သော သေဆုံးသူပေါင်း သည် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၆၊ ဧပြီ ၉ ရက်အထိ ၇,၉၆၇ ဦး ရှိနေသည်။ ဤစာရင်းတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ဆန္ဒပြပွဲအတွင်း ကျဆုံးသူများနှင့် အရပ်သားများသာ ပါဝင်ပြီး စစ်မြေပြင်တွင် ကျဆုံးသည့် လက်နက်ကိုင် အဖွဲ့ဝင်များ မပါဝင်သေးပေ။

 

ဤသည်ကို ကြည့်မည် ဆိုက နိုင်ငံတကာ တရားဥပဒေ ရှု့ဒေါင့်အရ မင်းအောင်လှိုင်သည် ဖမ်းပို့မည့်သူ မရှိသေး၍ လွတ်နေသော တရားခံ ပြေး တဦး သာ ဖြစ် နေသည် မှာ ထင်ရှားနေသည်။

 

မားကို့စ် အစိုးရသည် အစပိုင်းတွင် ဒူတာတေး အား ကာကွယ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးကို အကြောင်းပြကာ ဒူတာတေးကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်၏ ပြစ်မှုများအတွက် တရားမျှတသော စီရင်မှု မရှိသရွေ့ မြန်မာ့သမိုင်းသည် ညစ်ထေးနေသော အမည်းစက်ကြီးနှင့်အတူ နာကျင်စွာ ကျန်ရစ်နေဦးမည် ဖြစ်သည်။

 

လောကအလယ်တွင် စက်ဆုပ်ဖွယ် အပြုအမူများကို ပြုခဲ့သည့်တိုင် ထိုသူအား 'သမ္မတ' ဟူသော ဂုဏ်ပုဒ်ဖြင့် တခမ်းတနား တင်မြှောက်ပေးခဲ့သည့် အသိဉာဏ်မဲ့မှုများအပေါ် တလောကလုံးက အံ့ဩဘနန်း ဖြစ်နေကြရခြင်းမှာလည်း အမှန်တရားပင် ဖြစ်ပါသည်။

 

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတကြီး ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာခြင်းကို ကြိုဆိုလိုက်ပြီး သိသာထင်ရှားသော တိုးတက်မှုဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံး၊ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများကို ပြန်လည်လွှတ်ပေးရန်မှာ အလွန်တရာ အရေးကြီးကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်လောင်းအတည်ပြု ပြောကြားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က ဖြည့်စွက်ဖော်ပြခဲ့သည်။

 

ဖိလစ်ပိုင်သည် ၆ နှစ်လုံးလုံး သမ္မတ အဖြစ် ထမ်းဆောင်ခဲ့သည့် ၎င်းတို့၏ သမ္မတ ကိုပင် အိုင်စီစီ သို့ လွှဲပြောင်း ပေးနိုင်ခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။ ယခု ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူရမည့်အချိန်တွင် မိမိ၏ရပ်တည်ချက်ကို ခိုင်ခိုင်မာမာပြသနိုင်ဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

DVB ပါရှိသော ဆောင်းပါးတပုဒ် တွင်အကျဉ်းသားအချို့အား ဟန်ပြလွှတ်ပေးခြင်းနှင့် လုပ်ကြံဖန်တီးထားသော နိုင်ငံရေး အကူးအပြောင်းများကို အခြေခံ၍ ဒေသတွင်းနိုင်ငံများက မြန်မာ စစ်အုပ်စုအား ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီဟု လက်ခံလိုက်ခြင်းမျိုး မဖြစ်ပေါ်စေရန် တားဆီးပေးဖို့ရာ ဖိလစ်ပိုင်နိုင်ငံတွင် တာဝန်ရှိပါသည်ဟု ထောက်ပြသွားခဲ့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!