ဂျပန် ဝန်ကြီးချုပ် အသစ် ဖြစ်လာမည့် ဆူဂါ

by Hla Soewai - Sep 16 2020

ဂျပန်၏ အာဏာရ ပါတီ အကြီးအကဲ အဖြစ် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ တွင်းမှာ မဲအပြတ် အသတ် (၅၄၄-၃၇၇) နှင့် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူတော့မည့် ပုဂ္ဂိုလ်သည်ကား မစ္စတာ ယိုရှီဟိုင်းဒီ ဆူဂါ ဖြစ်ပါတယ်။

 

ဆူဂါက ရွေးကောက်ပွဲ ခေါ်ဖို့ မရည်ရွယ်ပဲ ဂျပန် တို့ လက်ရှိ ရင်ဆိုင်နေရသည့် ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး နှင့် စီးပွားရေး ကျဆင်းနေမှုများကို ကိုင်တွယ်သွားမယ်လို့ ဆိုပါတယ်။

 

ဆူဂါသည် နိုင်ငံခြားရေး မှာ အတွေ့အကြုံ မရှိသူ ဖြစ်ပြီး ယခုအခါ နိုဝင်ဘာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နဲ့ တရုတ် ရဲ့ ဦးထောင်လာနေမှုများကို ကိုင်တွယ်ရတော့မှာလည်း ဖြစ်ပါတယ်။

 

ယခင်က သူ့လို တစ်ပြေးခဲ့ကြတဲ့ ဘဏ္ဍာရေး ဝန်ကြီး တာရို အာဆို နှင့် ကာကွယ်ရေး ဝန်ကြီး တာရို ကိုနို တို့ကတော့ ရွေးကောက်ပွဲ အသစ် ခေါ်ယူဖို့ အရိပ်အမြွက် ပြောခဲ့ကြပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာ ဂျပန် အစိုးရအဖွဲ့ဟာ လူထု ထောက်ခံမှု တွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် အတိုက်အခံ ပါတီတွေ အားလုံး နိုင်ငံရေး အုပ်စုကြီး တခု အဖြစ် ပူးပေါင်းလိုက်ကြပါတယ်။

 

ဗုဒ္ဓဟူးနေ့မှာ ကျင်းပရန် ရှိတဲ့ ပါလီမန် အထူး အစည်းအဝေးမှာ ဆူဂါကို ဝန်ကြီးချုပ်အဖြစ် ၂၀၂၁ စက်တင်ဘာ အထိ ထမ်းဆောင်နိုင်ရန် တင်မြှောက်ဖို့ ရှိနေပါတယ်။ ဆူဂါက သူ၏ အစိုးရအဖွဲ့အတွင်း ပြုပြင် ပြောင်းလဲရေးသမားများကိုသာ ရွေးချယ်တာဝန်ပေးသွားမှာ ဖြစ်ပြီး အာဏာရ ပါတီ အတွင်းက အုပ်စုများကို မျက်နှာချို သွေးနေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

စီးပွားရေး နဲ့ ပတ်သက်ပြီး စည်းမျဉ်းများ ဖြေလျော့ပေးသွားမှာ ဖြစ်ပြီး ဝန်ကြီးဌာနများ အတွင်း ဂိုဏ်းဂဏ ဖွဲ့နေမှုများ၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုများ၊ အရင် က လုပ်ခဲ့ဖူးသည်များကိုပဲ မျက်စိမှိတ်ပြီး လိုက်လုပ်နေမှုများကို အဆုံးသတ် ပေးတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

အစိုးရလုပ်ငန်း များ အားလုံးကို ဒီဂျစ်တယ် ပြောင်းလဲပြီး ပြည်သူများ အနေနှင့် တရက် နှစ်ဆယ့်လေးနာရီ၊ တပတ် ခုနှစ်ရက် ဆက်သွယ်လုပ်ကိုင်နိုင်အောင် ဖန်တီးသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

 

ဆူဂါသည် အသက် ၇၁ နှစ် ရှိပြီ ဖြစ်ပြီး အောက်လွှတ်တော် အမတ်အဖြစ် ရှစ်ကြိမ်မြောက် အရွေးခံထားရပြီးသူလည်း ဖြစ်ပါတယ်။ အာဏာရ ပါတီရဲ့ ပေါ်လစီရေးရာ ကိုင်တွယ်သူ အဖြစ် လူသိများသူလည်း ဖြစ်ပါတယ်။ အာဏာရ လစ်ဘရယ် ပါတီအတွင်း မည်သည့် အုပ်စုမှာမှ မပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

ကျန်းမာရေး၊ အလုပ်သမားရေး နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနတွေကို ပြန်လည်ဖွဲ့စည်းသွားရန်၊ မိုဘိုင်း ဖုန်း ဘီလ်များကို လျော့ချနိုင်ရန် နှင့် ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ဘဏ်တွေကို တစည်းတလုံးတည်းဖြစ်အောင် ပြုလုပ်သွားရန် စိတ်အားထက်သန်လျှက် ရှိတယ်လို့ သိရပါတယ်။

 

ဆူဂါသည် အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်လည်း ဖြစ်ပြီး ပြည်ထဲရေး နဲ့ ဆက်သွယ်ရေး ဝန်ကြီးလည်း ဖြစ်တာကြောင့် သူလုပ်ခဲ့သမျှ မှတ်တမ်းတွေ အရ ဆိုရင် ပြုပြင် ပြောင်းလဲရေး သမား စစ်စစ်ကြီး ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။

 

လောလောဆယ် ဆူဂါရဲ့ နိုင်ငံခြားရေး ပေါ်လစီ ကို အတိအကျ မသိရသေးပေမယ့် ယခင်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ရဲ့ မူအတိုင်း ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

 

ဆူဂါသည် မနက်မိုးလင်းသည်နှင့် ထိုင်ထ အကြိမ်တရာ လုပ်ပြီး နေ့စဉ်ထုတ် အထင်ကရ သတင်းစာကြီးများကို ဖတ်ရှုလေ့ ရှိပါတယ်။ ပြီးတာနဲ့ အပြင်ထွက်ပြီး မိုးရွာရွာ နေပူပူ မိနစ် လေးဆယ်ခန့် လမ်းလျှောက်တတ်ပါတယ်။

 

သူ၏အိမ်မှာ တခါမှ ညအိပ်ညနေ မနေခဲ့ဖူးလို့ သိရပါတယ်။ အရက်သေစာ သောက်သုံးခြင်း မရှိတဲ့ ဆူဂါအဖို့ တနေကုန် ပင်ပင်ပန်းပန်း လုပ်ပြီး ပါလီမန် အမတ်တွေ အတွက် ပေးထားတဲ့ အဆောင်ရှိ သူ့အခန်းမှာ နောက်ထပ် အကြိမ်တရာ ထိုင်ထ လုပ်ပါတယ်။ ဒါကလည်း အချို အရမ်းကြိုက်တဲ့လူ ဖြစ်လို့ ကိုယ်အလေးချိန် ၇၇ ကီလို အထိ ရှိလာတာကြောင့် ဆရာဝန်တွေရဲ့ အကြံပေးချက်အရ လုပ်တာလို့ ဆိုပါတယ်။

 

စနေ တနင်္ဂနွေ မှာ သာမန် ပြည်သူတွေနဲ့ တွေ့နိုင်သမျှ တွေ့ပြီး သူတို့ ပြောတဲ့ စကားတွေ နားထောင် ပေးလေ့ရှိပါတယ်။ ဂျပန်မှာ အခု ခေတ်စားလာတဲ့ ရထား ဘူတာရုံ ရှေ့မှာ ပါလီမန် အမတ်တွေ လူထုကို မိန့်ခွန်းပြောတဲ့ Soapbox speech ကို ဆူဂါက စတင် တီထွင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

ဆူဂါက အဲ့ဒီအချိန် နိုင်ငံရေး မှာ လက်သစ်ကလေးသာ ဖြစ်သော်လည်း မေးခွန်းစာရွက် ကလေးတွေ ကိုင်ပြီး လူတွေကို စိတ်ဝင်စားမယ့် အကြောင်းအရာတွေ ကို စာရွက်ပေါ်မှာ ဝိုင်းခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ခေတ်တခေတ် စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

 

မိဘများသည် စတော်ဘယ်ရီ စိုက်ပျိုးရေးကို ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရသူများ ဖြစ်ပြီး အာကီတာ ဆိုတဲ့ ကျေးလက် စီရင်စု မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ အထက်တန်းကျောင်းကို အောင်မြင်ပြီးနောက် တိုးတက်မှုကို ရှာဖို့ တိုကျိုကို ရောက်လာခဲ့ပါတယ်။

 

စက်ရုံသေးသေးတခု မှာ နှစ်နှစ်လောက် ဝင်လုပ်ခဲ့ပါတယ်။ ဘဝနာလာတဲ့ ဆူဂါသည် ဟိုဆေး တက္ကသိုလ် ကို ဆက်လက်တက်ခဲ့ပြီး ကျောင်းစရိတ်အတွက် နေ့ဖက် ညဖက်တွေ မှာ ရသမျှ အချိန်လေးကို အချိန်ပိုင်း အလုပ်တွေ ဝင်လုပ်ပြီး ကျောင်းစရိတ် ရှာခဲ့ရသူလည်း ဖြစ်ပါတယ်။

 

တက္ကသိုလ်က ကျောင်းပြီးတာနဲ့ ဇာတိရပ်ရွာကို ပြန်လာပြီး ကုမ္ပဏီတခု မှ ဝင်လုပ်ခဲ့ပြန်ပါတယ်။ ထိုသို့ လုပ်နေရင်းက လောကကြီးကို လှုပ်သွားအောင် လုပ်နိုင်တာ နိုင်ငံရေး ပဲ ဆိုပြီး နိုင်ငံရေး လောကထဲ ဝင်ဖို့ စဉ်းစားလာပါတယ်။

 

နိုင်ငံရေး လောကထဲ ဝင်ဖို့ ကျောထောက်နောက်ခံကလည်း မရှိတာမို့ အဆက်အသွယ် ရလို ရငြား သူရဲ့ တက္ကသိုလ် ရှိရာ ပြန်လာပြီး မိမိနဲ့ သင့်တော်မယ့် အလုပ်မျိုး အကြံပေးတတ်တဲ့ career center ကို ရောက်လာခဲ့ပါတယ်။ စင်တာ မှာ သူအသိချင်ဆုံး မေးခွန်းကိုပဲ စမေးလိုက်ပါတယ်။

 

“ဒီကျောင်းက ဘွဲ့ရပြီး နိုင်ငံရေး သမား ဖြစ်နေတဲ့ လူ တယောက်ယောက်နဲ့ ကျွန်တော်ကို မိတ်ဆက်ပေးလို့ ရမလား”

 

စင်တာက ဘွဲ့ရ ကျောင်းသားဟောင်းများ အသင်းရဲ့ အတွင်းရေးမှူး နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆူဂါရဲ့ လိုလားချက် ပြည့်ဝ သွားခဲ့ပါတယ်။ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ ဆူဂါသည် အောက်လွှတ်တော် အမတ် ဟီကိုဆာဘူရို အိုကိုနိုဂျီ ရဲ့ ရုံးမှာ အတွင်းရေးမှူး အဖြစ် အလုပ်လုပ်ခွင့် ရသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ၁၉၇၅ ခုနှစ် ဖြစ်ပါတယ်။

 

အသက် ၃၈ နှစ်မှာ ယိုကိုဟာမား မြူနီစပယ် လူကြီး အဖြစ် ဝင်ရောက် အရွေးခံခဲ့ပါတယ်။ ကျေးတောသား ဖြစ်တဲ့ ဆူဂါ အဖို့ အောင်နိုင်ဖို့ မျှော်လင့်ချက် နည်းနေပေမယ့် ယိုကိုဟာမားမှာ သူလို တောက တက်ပြီး လာအလုပ်လုပ် နေတဲ့ လူတွေရဲ့ ဝိုင်းဝန်းထောက်ခံမှုနဲ့ အရွေးခံခဲ့ရပါတယ်။

 

ယိုကိုဟာမား မြူနီစပယ် အမတ်အဖြစ် လေးနှစ်သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့ပြီးနောက်မှာတော့ ၁၉၉၈ မှာ တိုကျိုရှိ နာဂါတာချို ခရိုင်ကနေ လစ်ဘရယ် ဒီမိုကရက် ပါတီ ကိုယ်စားပြုပြီး အောက်လွှတ်တော် အမတ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ မှာ အနိုင်ရရှိခဲ့ပါတယ်။

 

လက်ရှိ အစိုးရ အဖွဲ့ အတွင်းဝန်ချုပ် ရာထူးကို ၂၀၁၂ ကတည်းက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

 

(ကိုးကား .. စက်တင်ဘာ ၁၄ ရက်နေ့ထုတ် Nikkei Asian Review စာစောင်ပါ ဆောင်းပါးများမှ စုစည်း တင်ပြသည်)