သမ္မတကြီး ဦးဝင်းမြင့်အား အကျယ်ချုပ် ပုံစံမျိုး ထားရှိဟု သတင်းများ ထွက်ပေါ်

by Hla Soewai - Apr 27 2026

ကျန်းမာ ရေး မကောင်းဟု သတင်း များ ထွက် ပေါ်နေသော သမ္မတဟောင်း ဦးထင်ကျော် မှ လက်ရှိ သမ္မတ ဦးဝင်းမြင့် အား လာရောက် တွေ့ဆုံခဲ့သည့် သတင်းဓါတ်ပုံ များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

 

DVB ၏ သတင်း တွင် မူ နေပြည်တော်ရှိ သမ္မတကြီး ဦး ဝင်းမြင့်၏ နေအိမ်အပြင် အခြားသော NLD အမှုဆောင်အဖွဲ့ဝင်များ၏ နေအိမ်များကိုပါ တင်းတင်းကျပ်ကျပ် စောင့်ကြည့်‌ နေကြသည်ဟု ပါရှိလာသည်။ သမ္မတကြီး ဦးဝင်းမြင့်ထံ လာရောက်တွေ့ဆုံသူ မည်သူမဆို ကြိုတင်၍ အသေးစိတ် စစ်ဆေးမှုများကို ခံယူရပြီး ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းနှင့် စစ်ကောင်စီက အသစ်အကောင်အထည်ဖော်ထားသည့် Personal Scrutinization and Monitoring System (PSMS) ဟုခေါ်သော နည်းပညာအသစ်ဖြင့် စစ်ဆေးခြင်းတို့ ပါဝင်သည်။ DVB အနေဖြင့် ယင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သမ္မတဟောင်း ဦးထင်ကျော်နှင့် NLD ထိပ်ပိုင်း ခေါင်းဆောင်အချို့ သွားရောက် တွေ့ဆုံပြီးနောက် စစ်တပ်က မေးမြန်းစစ်ဆေးမှုများနှင့် လုံခြုံရေးချ တားဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ခေတ်သစ်က ရေးသားထားသည်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် နီးစပ်သည့် အဆိုပါ သတင်းရင်းမြစ်ကပင် DVB သို့ ပြောကြားရာတွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်အား သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ မြန်မာသတင်းမီဒီယာများသို့ ပြောကြားခဲ့မှုကြောင့် ဧပြီလ ၁၈ ရက်နေ့တွင် စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

၎င်းတို့ အထူး မခံမရပ် ဖြစ်သွားနိုင်သည်က သမ္မတ ကြီး သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ ခံဝန်ကတိတွင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်း လူထု ကို အသိပေး ပြောဆိုခဲ့မှု ပင် ဖြစ်သည်။ အဆိုပါ ပုဒ်မအရ ပြစ်မှုကျူးလွန်သူသည် ပြစ်မှုထပ်မံကျူးလွန်ပါက ပြစ်ဒဏ်အသစ်အပြင် ယခင်ကျန်ရှိနေသေးသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

 

လက်မှတ် ထိုးသည် ဖြစ်စေ၊ မထိုးသည် ဖြစ်စေ အကြောင်းတခုခု ဖြင့် အချိန်မရွေး ပြန်ဖမ်းဖို့ ဝန်လေးကြမည် မဟုတ်ပေ။

 

သမ္မတကြီး ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာသည့် အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် မင်းအောင်လှိုင်၏ လက်မှ ပြန်လည် လွတ် မြောက်လာနိုင်မည်လား သို့မဟုတ် အကျယ်ချုပ် ဖြင့် နေအိမ်သို့ ပြန်ရွေ့ပေးမည်လား ဆိုသည့် မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။

 

"ဒါဟာ တကယ်ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုပါ" ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးတက္ကသိုလ် (IISS) မှ သုတေသနပညာရှင် မော်ဂန် မိုက်ကယ်လ် (Morgan Michaels) က ပြောခဲ့သည် ဟု စင်္ကာပူ၏ ChannelNews Asia တွင် ဖေါ်ပြထားသည်။ တစ်ဆက်တည်းမှာပင် ၎င်းက "ဒီလို လုပ်ဆောင်ချက်တွေကို ငြိမ်းချမ်းရေး ဒါမှမဟုတ် ပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်တဲ့ စစ်မှန်တဲ့ အလှည့်အပြောင်းတစ်ခုအဖြစ် တလွဲမကောက်ယူသင့်ဘူး" ဟု သတိပေးပြောဆိုခဲ့သည်။

 

ယခုထိ ထိုသို့ လုပ်လာမည့် အရိပ်အယောင်များ မတွေ့ရသေးဟု လေ့လာစောင့်ကြည်သူများက ဆိုသည်။

 

ပြီးခဲ့သည့် သောကြာနေ့ (ဧပြီလ ၁၇ ရက်) က ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင် မှ အကြီးမားဆုံး လျှော့ပေးလိုက်မှုပင် ဖြစ်သည်။

 

လေ့လာဆန်းစစ်သူများကမူ သမ္မတကြီး ဦးဝင်းမြင့်အား လွှတ်ပေးခဲ့မှုသည် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်း၏ဦးဆောင်မှုအား မည်သူမျှ မယှဉ်နိုင်လောက်အောင် ခိုင်မာအားကောင်းနေသည်ကို ပြသသည့် လက္ခဏာရပ်တစ်ခုသာ ဖြစ်သည်ဟု ပြောဆို နေကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရဲသည် အထိ တော့ သတ္တိရှိပုံ မရသေးပေ။

 

လေ့လာဆန်းစစ်သူ မက်သီဆန် ကမူ သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာခြင်းသည် ထို "အာဏာရှင်ဆန်သော ပြဇာတ်" ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်ဟု ဆိုသည်။ "ဒါဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး၊ သူရဲ့ ညစ်နွမ်း စုတ်ပြတ်‌ နေတဲ့ ပုံရိပ်ကို လျှော်ဖွတ်ခြင်း သက်သက်သာ ဖြစ်တယ်" ဟု ၎င်းက မှတ်ချက် ချခဲ့သည်။

 

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များသည် အာဏာသိမ်းပြီးနောက်ပိုင်း အပယ်ခံဖြစ်နေသည့် အခြေအနေမှ ပြန်လည်ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေသော အာဏာရှင် များ အတွက် အဓိကကျသည့် ရှင်သန်ရေး မဟာဗျူဟာတစ်ရပ် ဖြစ်သည်။

 

"သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့ ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ပဋိပက္ခ စီမံခန့်ခွဲမှု မဟာဗျူဟာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်" ဟု လည်း ပြောကြားခဲ့သည်။

 

"အကယ်၍ အချို့သော အတိုက်အခံအဖွဲ့အစည်းများက 'ဒီဂိမ်းထဲမှာ ဝင်ကစားပြီး' နိုင်ငံရေးစင်မြင့်ဘက်ဆီ တစိတ်တပိုင်းဖြစ်စေ ပြောင်းလဲနိုင်မယ်ဆိုရင်၊ သူတို့အနေနဲ့ နောက်ထပ် လျှော့ပေးမှုတွေကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိလာပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

 

"ဒါပေမဲ့ လက်ရှိမှာတော့ အတိုက်အခံအဖွဲ့အစည်း အတော်များများနဲ့ တက်ကြွလှုပ်ရှားသူတွေက အခုဖြစ်ပေါ်နေတဲ့ အပြောင်းအလဲဟာ အဲဒီလိုအခွင့်အရေးမျိုး မပေးနိုင်ဘူးလို့ အခိုင်အမာ ပြောနေကြပါတယ်" ဟု ဆိုသည်။

 

ရန်ကုန်တွင် နေသူ တဦးကမူ လွတ်မြောက်လာသော်လည်း သီးခြားခွဲထားခံရသည့် သမ္မတ ဦးဝင်းမြင့်သည် ၎င်းအား အနီးကပ် စောင့်ကြည့် နေမည် ဖြစ်၍ လူထုကို ပြန်လည်စုစည်းပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ခြေရှိမရှိအပေါ် သံသယဖြစ်နေသည်ဟု မှတ်ချက်ချခဲ့သည်။

 

မင်း‌ အောင်လှိုင်၏ စိုးရိမ် ကြောက်ရွံ့ နေမှုသည် ကား ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက လူထုလှုပ်ရှားမှုများ ပြန်လည် အားကောင်းလာမည့် အရေးပင် ဖြစ်သည်။ တော်လှန်ရေး အင်အားစုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရုံဖြင့် ၎င်းနှင့် ဆွေး နွေးပြီး ပဋိပက္ခများ ပြီးဆုံးသွားမည်ဟု ယုံကြည်၍ မရ ဖြစ်နေသည်။

 

တဖက်တွင်လည်း ၎င်း၏ တရားဝင်မှုကို ပိုမိုခိုင်မာစေလိုလျှင် သို့မဟုတ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို လျှော့ချလိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း သို့မဟုတ် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခြင်းကဲ့သို့သော ယခုထက် ကြီးမားသည့် လျှော့ပေးမှုမျိုး လုပ်ရဖို့ ရှိနေသည်။

 

မင်းအောင်လှိုင်အတွက်မူ ၎င်း၏ 'ဟန်ပြသမ္မတ' ရာထူးဖြင့် သက်တမ်းရှည်‌ ရေးသာ တခုတည်း‌ သော ရည်မှန်းချက် ဖြစ်‌ နေ၍ နိုင်ငံတကာပိတ်ဆို့မှုများ ပြေလျော့ရေးနှင့် တိုင်းပြည် စီးပွားရေး နာလန်ထူလာစေရေးတို့ ကိုမူ ဂရုမစိုက် အားဘဲ ဒုတိယထား စဉ်းစားမည့် ကိစ္စမျိုးသာ ဖြစ်နေသည်။

 

မင်းအောင်လှိုင် အဖို့ကား ၎င်း၏ အလုပ်အကျွေး များ ကျေနပ်စေရန် တခုခု အလျော့ပေး သွေးတိုးစမ်းယုံ ပုံစံမျိုးသာ လုပ်ရဲသူ ဖြစ်သည်။

 

ယခုပင် ဥရောပ နိုင်ငံများ ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများက လက်မှတ်ရေးထိုးပြီး ဥရောပသမဂ္ဂ (EU) အနေဖြင့် မြန်မာ အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု ဘောင်ကို တိုးချဲ့ရန်၊ ၎င်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ပါဝင်လာစေရန် အတွက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ ဘဏ္ဍာရေး ကြားခံဆောင်ရွက်ပေးသူများ၊ အာမခံကုမ္ပဏီများ၊ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ထုတ်ပေးသူများနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကန်ထရိုက်တာများပါ အကျုံးဝင်စေရန် လုပ်ဆောင်ရမည် ဟူ သော တောင်းဆိုချက်ကို အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ မတိုင်မီ ယနေ့ ထုတ်ပြန်လာခဲ့သည်။

 

ဘာတေး လစ်တနာက ဧရာဝတီ တွင် ရေးသား‌ ‌‌ သော ဆောင်းပါးတွင် အဓိက မေးစရာ ရှိလာသည်က ယခုပုံစံသစ်ဖြင့် သွားနေသော အုပ်ချုပ်ရေးယန္တရားတွင် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုနေရာသည် မည်မျှအထိ ခိုင်မာမှုရှိသနည်းဟူသည့် အချက်ပင် ဖြစ်သည်။ ကျွမ်းကျင်ပြီး အရည်အချင်း ရှိသူများ နေရာတွင် မင်းအောင်လှိုင်အပေါ် သစ္စာရှိသူများနှင့် အစားထိုးလာသည့် သုတ်သင်ရှင်းလင်း ပွဲဟု ယူဆရသော လုပ်ရပ်များ အတွင်း စိုးဝင်းမှာ ဘေးဖယ်ခြင်း ခံထားရသည်။ 

 

အစားထိုးသူများထဲတွင် ထောက်လှမ်းရေးအကြီးအကဲ ရဲဝင်းဦးလည်း ပါဝင်ပြီး၊ ၎င်းအား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ မှတ်မှတ်သားသား ဖြစ်စေသကဲ့သို့ အငြင်းပွားဖွယ်ရာလည်း ဖြစ်နေသည်။ အချိန်ကသာ အဖြေပေးသွားမည် ဖြစ်သော်လည်း အကယ်၍ ထိပ်ပိုင်းခေါင်းဆောင်မှုတွင် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့လျှင် ယင်းသည် စစ်တပ်အတွင်းပိုင်းမှသာ လာပေလိမ့်မည်ဟု ဆိုသည်။

 

If the time is not ripe, we have to ripen the time.

 

Dorothy Height

 

"အချိန်မကျသေးဘူး ဆိုရင် ကျလာအောင် ကိုယ့်ဖာသာ ဖန်တီးယူရမယ်"

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!