တရုတ်တို့ ကိုယ်ချင်းစာတရား ရှိသင့်

by Hla Soewai - Apr 27 2026

တရုတ် နိုင်ငံခြားရေး ဝမ်ယီသည် ကမ္ဘောဒီယား၊ ထိုင်း နှင့် မြန်မာ သို့ ဧပြီ ၂၂ မှ ၂၆ အတွင်း သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ထုတ်ဖေါ် ကြေညာခဲ့သည်။

 

တရုတ်သည် မင်းအောင်လှိုင် မှ ရွေးကောက်ပွဲအား အတုအယောင် လုပ်တော့မည် မှန်း သိသိကြီး နှင့် အချက် နှစ်ချက် ဖြင့် အဓိက ထား ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ပထမ အချက်က ၎င်းတို့၏ "တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမ" စီမံကိန်းကို အမြန် အကောင်အထည် ဖေါ် နိုင်ရန် နှင့် ဒုတိယ အချက်က အမျိုးသား ပြန်လည် ရင်ကြားစေ့နိုင်မည်လား (သို့မှသာ နိုင်ငံတွင်း ၎င်း တို့ လုပ်လိုသည်များ အ‌ ကောင်အထည် ဖေါ်နိုင်မည်လား) ဆိုသည့် မျှော်လင့်ချက် နှင့် ဖြစ်သည်။

 

ထို့အတွက် မင်းအောင်လှိုင် ဖက်ကလည်း ၎င်း ခရီးစဉ် မတိုင်မီ ငြိမ်းချမ်းရေး စကား မဖြစ်မနေ ပြောလာရပြီ ဖြစ်သည်။ တရုတ်သည် ၎င်းတို့ မျှော်လင့်သလို ဖြစ်မလာက အာရက္ခ တပ်တော်ကိုပင် ကျောက်ဖြူကို သိမ်းခွင့် ပေးမည်အထိ လုပ်လာနိုင်သည်ဟု သော အပြောများ ထွက်ပေါ် လာနေပြီ ဖြစ်သည်။

 

ဂျပန် ဝန်ကြီးချုပ် အဆက်ဆက် စစ်ပွဲများအတွင်း အသက်ပေးခဲ့ကြသူများ အတွက် အမှတ်တရ ဂုဏ်ပြုသည့် တိုကျို ရှိ ယာစုကူနီ စစ်သင်္ချိုင်းအား ရောက်ရှိသွားသည့် အခါတိုင်း တရုတ် ခေါင်းဆောင်များ ဆတ်ဆတ်ခါ နာကြည်းကြသကဲ့သို့ပင် ဝမ်ယီ၏ မြန်မာပြည်ခရီးစဉ်သည်လည်း မိမိတို့အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အာဏာရှင်အား ထောက်တိုင်ပြုပေးသည့် လုပ်ရပ်အဖြစ်သာ မြန်မာပြည်သူတို့၏ ရင်ထဲတွင် သမိုင်းတွင်းကျန်ရစ်မည့် နာကျည်းချက် ဖြစ်လာ ပေလိမ့်မည်။

 

၎င်းတို့ ကြွေးကြော်နေသည့် တရုတ်-မြန်မာ ချစ်ကြည်ရေး အား လည်း တရုတ်-မင်းအောင်လှိုင် ချစ်ကြည်ရေး အဖြစ်သာ သဘောထားနေကြပြီ ဖြစ်သည်ကိုလည်း သိသင့်ပေသည်။

 

တရုတ်သည် ဂျပန်၏ စစ်အင်အား တည် ဆောက်လာမှု ကို ကိုင်ရိုကြေညာစာတမ်း၊ ပေါ့စ်ဒမ်ကြေညာချက်၊ ဂျပန်လက်နက်ချစာချုပ် များ ဖောက်ဖျက်သည်ဟု ဒေါသတကြီး ပြောနေသော်လည်း ၎င်းတို့ကိုယ်တိုင်က နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့မှုကို လေးစားရန်၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် အစရှိသည့် အချက် ငါးချက် ပါဝင်သည့် ၁၉၅၅ ခုနှစ်တွင် မြန်မာ အပါအဝင် နိုင်ငံ‌ ပေါင်း ၂၉ နိုင်ငံ ၏ အာရှ-အာဖရိက ညီလာခံ ကြီး မှ သဘောတူ ထွက်ပေါ်လာသည့် သမိုင်းဝင် ကြေညာချက်ကို ဖေါက်ဖျက်နေခြင်း ဖြစ်သည်ကို သိသင့်သည်။

 

မင်းအောင်လှိုင် အတွက် ပြဿနာ က ၎င်း ဖြစ်စေချင်သလို သမ္မတ အတု သာ ဖြစ်လာသော်လည်း နိုင်ငံတကာ က ယခင်က ဆက်ဆံ နေသည့် နိုင်ငံများက လွဲ၍ ပို၍ အသိအမှတ် ပြုလာကြခြင်း လည်း မရှိ၊ အနေအထားကလည်း မည်သို့မျှ ပြောင်းလဲသွားချင်း မရှိသည့် အတွက် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်လွှတ်ပေးလိုက်ရ၍ အရှိန်အဝါ ကျဆင်း သွားခြင်းသာ အဖတ်တင်သွားခဲ့ရသည်။

 

ပြည်တွင်း စစ်ကြီး အရှိန်အဟုန် ပြင်းပြင်း နှင့် ဖြစ်ပွားနေပြီး နယ်မြေ တဝက် ကျော်ကျော်လက်လွှတ်ပေးထားရသည့် နိုင်ငံ တနိုင်ငံတွင် စစ်တပ်ကို တကယ်တမ်း ထိန်းချုပ်ထားနိုင်သူကိုသာ လူတိုင်းက အာရုံစိုက်လာကြမည်သာ ဖြစ်သည်။ 

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ပြောရေးဆိုခွင့်ရှိသူ အော်ရီယန် မဲလက် က ဖမ်းဝရမ်းများကို တရားသူကြီးများအနေဖြင့် လျှို့ဝှက်စွာ ချိတ်ပိတ် ထုတ်ပြန်နိုင်ကြောင်း DVB သို့ အတည်ပြုပြောကြားခဲ့သည် ဆိုသော သတင်းလည်း ထွက်ပေါ်လာသည်။

 

မင်းအောင်လှိုင်အား အချို့နိုင်ငံများက တနိုင်ငံချင်း အလိုက် တကမ္ဘာလုံး တရားစီရင် ပိုင်ခွင့် ဆိုက တရားစွဲဆိုရန် လုံးပမ်းလာနေချိန်တွင် အဓိက တာဝန်ရှိသည့် အိုင်စီစီ မှ တစုံတရာ ထူးခြားမှုမရှိသေးသောကြောင့် အချို့က ဖမ်းဝရမ်းကို လျှို့ဝှက်စွာ ထုတ်ပြန်ပြီးဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ ၎င်းအား ဖမ်းဝရမ်းထုတ်ပြန်ပေးရန် ICC ရှေ့နေချုပ် ကရင်မ်ခန်းက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

 

ဝမ်ယီ ရောက်လာတော့မည် ဖြစ်၍ အာဏာသိမ်း ပြီး သမ္မတ တု ဖြစ်လာသူ မင်းအောင်လှိုင်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် မပါဝင်သေးသည့် တော်လှန်ရေးအဖွဲ့များကို ရက်ပေါင်း ၁၀၀ အတွင်း ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ ပါဝင်ရန် ပြောဆိုလာသည်။

 

၎င်းက “ဆွေးနွေးညှိနှိုင်းမှုတွေမှာ မပါဝင်ရသေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လာမယ့် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကဲ့သို့သော တော်လှန်ရေး အဖွဲ့အစည်းများကို အမည်တပ် ထည့်သွင်းပြောဆိုခဲ့သည်။

 

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ် အုပ်စု ၏ ကမ်းလှမ်းချက်ကို ‌ဗွေဆော်ဦး ပယ်ချခဲ့သည်။

 

၎င်းက “၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက KNU ဟာ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) ကနေ နှုတ်ထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပွဲတွေကို ပြန်သွားဖို့ ဒါမှမဟုတ် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ အစီအစဉ် မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

 

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပို၍ ပြတ်သားသည်၊ 

 

 “ကျွန်တော်တို့ဟာ စစ်အာဏာလွှမ်းမိုးမှုကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အတွက် စစ်ရေး၊ နိုင်ငံရေး အရ တိုက်ပွဲဝင်နေတာဖြစ်လို့ စစ်တပ်ကနေ အရေခွံလဲပြီး သူတို့ကိုယ်သူတို့ ‘အစိုးရ’ လို့ အမည်တပ်ထားတဲ့သူတွေနဲ့ ဆွေးနွေးစရာ ဘာမှမရှိပါဘူး” ဟု ပြောဆိုခဲ့သည်။

 

တရုတ် ထောက်ခံမှု မပါဘဲ နှင့် စစ်တပ်ကို မတိုက်ရဲသူ များ၊ ကိုယ့်အား ကိုယ်ကိုးပြီး မတိုက်ရဲသူ အချောင်သမား များ သာ ရောက်လာကြမည် ဖြစ်သည်။

 

ဧပြီ ၂၁ သည် နှစ်စဉ် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အပြာရောင်အင်္ကျီ (Blue Shirt Day) အထိမ်းအမှတ်နေ့ တ‌ နေ့ ဖြစ်သည်။ ဤနေ့၏ ရည်ရွယ်ချက်မှာ အကျဉ်းထောင်စနစ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုမိုရရှိလာစေရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြရန် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!