ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ဟု မင်းအောင်လှိုင် ဆို

by Hla Soewai - Apr 27 2026

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေဖျိုးသည် နေပြည်‌ တော် တွင် ဗုဒ္ဓဟူးနေ့က မင်းအောင်လှိုင် နှင့် ‌တွေ့ဆုံခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ၎င်း၏အစိုးရအနေဖြင့် "ကောင်းမွန်သောအရာများ" ကို စဉ်းစားဆောင်ရွက်နေကြောင်း ထည့်‌ ပြောသွား ခဲ့သည်ဟု ဆိုသည်။

 

"အာဆီယံနိုင်ငံ အတော်များများဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။ မင်းအောင်လှိုင် ကလည်း ကောင်းမွန်တဲ့အရာတွေကို စဉ်းစားနေတယ်လို့ ပြောတဲ့အတွက် ဒါဟာ အလားအလာ ကောင်း တခု ဖြစ်လာနိုင်ပါတယ်" ဟု ဆီဟာဆက်က ပြောကြားခဲ့သည်။ အသေးစိတ်ကိုမူ ထုတ်ဖေါ် ပြောဆိုခဲ့ခြင်း မရှိပေ။

 

"သူတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဖက် ကို ဦးတည်ရွေ့လျားနေတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေကြတာပါ။ ဒီအချက်တွေက အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အာဆီယံထဲ ပြန်လည်ဝင်ရောက်လာစေချင်လို့ပါ။ ကျွန်တော်တို့ သူတို့ကို ကူညီချင်ပါတယ်၊ ဒါပေမဲ့ သူတို့ကိုယ်တိုင်က သူတို့ကိုယ်သူတို့ မကူညီနိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း ကူညီလို့မရနိုင်ပါဘူး" ဟု ဆီဟာဆက်က ပြောကြားခဲ့သည်။

 

"ကျွန်တော်တို့အနေနဲ့ သူတို့ကို အာဆီယံထဲ ပြန်လည်ဝင်ရောက်လာနိုင်ဖို့ ပံ့ပိုးပေးချင်ပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူတို့ အာဆီယံကို ပြန်လာနိုင်ဖို့အတွက် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ် ဟု သတင်းထောက်များကို ပြောပြခဲ့သည်။

 

ထိုင်းသည် မြန်မာ အား အာဆီယံ နှင့် ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ရန်၊ မင်းအောင်လှိုင်ကို အသိအမှတ် ပြုရန် ကြားဝင် နိုင်ဖို့ ရည်ရွယ်ချက် နှင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်း၏ စကား အသွားအလာကို ကြည့်ရသည်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပြန်လည် လွတ်မြောက်လာရေးသည် အဓိက သတ်မှတ်ချက် ဖြစ်လာသည်ဟု ယူဆရသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးဘဲ မြန်မာနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန်မှာ 'ခက်ခဲလိမ့်မည်' ဟု ဆီဟာဆက် က ယခင်က ပြောခဲ့ဖူးသည်။

 

အာဆီယံ ဥက္ကဌ ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေးသည် "အထူးပင် အရေးကြီးကြောင်း" ကိုလည်း အလေးအနက် ထပ်မံ ပြောကြားလာခဲ့သည်။ ထိုမျှ မကသေး မင်းအောင်လှိုင်လက်မှ နိုင်ငံဝောာ် သမ္မတကြီး ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန က ပုံ နှင့် တကွ တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။ (ပုံတွင် ဖေါ်ပြထား)

 

ရန်ကုန် ရှိ အနောက်နိုင်ငံ သံရုံးများက ၎င်းတို့ အစိုးရများ၏ တောင်းဆိုချက် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန် နှင့် သမ္မတ ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာမှုကို ဝမ်းမြောက် ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်လာကြသည်။ ထိုကြေညာချက်များ တွင် "သမ္မတ ‌ဦးဝင်းမြင့်" ဟု သုံးနှုံးထားသည်ကို တွေ့လာရသည်။

 

မင်းအောင်လှိုင် ကျမ်းသစ္စာ ကျိမ်ဆို ပြီး နှစ်ပတ် အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများစာရင်း တွင်လည်း မြန်မာနိုင်ငံ၏သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟု ဖော်ပြထားဆဲ ဖြစ်သည်။

 

ဤသည်ကပင် မင်းအောင်လှိုင် အတွက် ၎င်း ထင်မှတ်မထားသည့် ပြဿနာကြီး ကြုံလာရပြီ ဖြစ်သည်။

 

လွှတ်တော် တွင်းသို့ ၎င်း စိတ်ကြိုက်လူများသာ မဲပုံး ထောင်ခိုင်းပြီး ထည့်သွင်းကာ သမ္မတ အဖြစ် တင်မြှောက်ခိုင်းခြင်းဖြင့် နိုင်ငံတကာက မဖြစ်မနေ အသိအမှတ် ပြုလာမည်ဟု ယူဆထားသည်။ ထိုသို့ ဖြစ်လာ‌စေရန် သမ္မတကြီး ဦးဝင်းမြင့်အား ပြန်လွှတ်ပေးခဲ့သည်။

 

ယင်းနှင့် ပတ်သက်၍ အမေရိကန်ရှိ ဩဇာကြီးမားသော Foreign Policy မဂ္ဂဇင်းကြီးမှ သုံးသပ်ရာတွင် သမ္မတ ဦးဝင်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူထုထောက်ခံမှု အလုံးအရင်းဖြင့် ရရှိထားသူမျိုး မဟုတ်သည့်အတွက် ၎င်းကို ပြန်လွှတ်ပေးခြင်းသည် ပြည်တွင်း၌ စစ်အုပ်စု အတွက် အန္တရာယ်မရှိစေဘဲ နိုင်ငံတကာ မိတ်ဖက်များကို ကျေနပ်စေရန် လုပ်ဆောင်ရာတွင် ထိရောက်သည့် လုပ်ရပ်တခု ဖြစ်လာမည်ဟု ယူဆခဲ့ပုံ ရသည်ဟု ဆိုသည်။

 

သို့သော် မင်းအောင်လှိုင်သည် အမြဲလို လိုရာ ဆွဲတွေးတတ်သူ ဖြစ်‌၍ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ပြည်တွင်း ပြည်ပ မှ ဖိအားများ တိုးမြှင့်လာပြီး ၎င်းကို အသိအမှတ် ပြုလာရေးဆိုသည့် မျှော်လင့်ချက်သည် ‌အညိုးအတေး ကြီးစွာဖြင့် ချုပ်နှောင်ထားသော လူထု ခေါင်းဆောင် ကို ပြန်လွှတ်မှ ဖြစ်တော့မည့် အနေအထား နှင့် ကြုံလာရ၍ အခံရ ခက်လာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အာဏာပင် သိမ်းရဲသူ ဖြစ်သည့် အားလျှော်စွာ ၎င်းအား တကယ်တမ်း အသိအမှတ် ပြုလာကြမည် ဆိုက လာမည့် ဘေး ပြေးတွေ့ ဆိုကာ ပြန်လွှတ်ကောင်း လွှတ်နိုင်သော်လည်း အောက်က စစ်‌ဗိုလ်ချုပ်များ က စိုးရိမ်တကြီး ဖြင့် ကန့်ကွက်လာကြမည် သာ ဖြစ်သည်။

 

ယခုအချိန်အထိ ၎င်းတို့ အပယ်ခံ ဘဝ ရောက်နေရသည့် အဖြစ်ကို ဂရုဏာ သက်စွာ ဖြင့် ကူညီရန် ရောက်လာသော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး သည်ပင် တွေ့ခွင့် မရဘဲ မင်းအောင်လှိုင်၏ ကျန်းမာရေး ကောင်းပါတယ် ဟု အပြောဖြင့် ပြန်သွားရသည်ကို ကြည့်က ဒေါ်အောင် ဆန်းစုကြည်အား လွှတ်ပေးရန် စိုးရိမ်တကြီး ဖြင့် တောင်းဆိုမှု များ အပြင်းအထန် မြင့်တက်လာတော့မည် ဖြစ်သည်။

 

သို့သော်လည်း ထိုသို့ ဦးဦးဖျားဖျား ‌တွေ့ဆုံခွင့် ကို မကြာမီ ရောက်လာတော့မည် ဝမ်ယီအား ပေးလို၍ ထစ် ထားခဲ့ခြင်းလော ဟူ၍လည်း အကောင်းဖက်က တွေးမည်ဆိုက တွေးနိုင်ပေသည်။

 

‌ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၉၃ နှစ် အရွယ် ၂၀၄၃ မှ လွတ်မြောက်လာရဖို့ ရှိနေသည်။ 

 

ဩစတြေးလျနိုင်ငံ Curtin တက္ကသိုလ်မှ မြန်မာပြည်ဖွား အပြည်ပြည်ဆိုင်ရာ စီးပွားရေးပညာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ဒေါ်အောင်ဆန်းစုကြည်၏ စစ်တပ်အပေါ် အလျှော့မပေးဘဲ အာခံခဲ့သည့် သမိုင်းကြောင်းများအရ သူမသည် "အလျှော့အတင်းလုပ်မည့်အကျယ်ချုပ် အစား အကျဉ်းစံရခြင်းကိုသာ ရွေးချယ်နိုင်သည်" ဟု သုံးသပ်ထားသည်။ "မြန်မာပြည်သူတွေက ချစ်ခင်လေးစားစွာနဲ့ 'အမေစု' လို့ ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိ ပြန်မလွှတ်မချင်း နိုင်ငံရေးအခင်းအကျင်းဟာ ဆက်လက် အေးခဲနေဦးမှာပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ ကြောင်း South China Morning Post သတင်းစာတွင် ဖေါ်ပြထားသည်။

 

နိုင်ငံအိုကြီး၏ မျက်နှာပြင် တခုလုံးတွင်တော့ ၎င်းတို့ ကြောင့် ရောဂါ တခု အလား အဖုအပိမ့်များကဲ့သို့ ပျံ့နှံ့ စွဲကပ်နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!