ဒေါ်နယ်ထရန့်၏ အီရန်စစ်ဗျူဟာတွင် မျက်ကွယ် ပြု‌ နေ သည့် အန္တရာယ်ရှိသော အားနည်းချက်

by Hla Soewai - Apr 27 2026

အမေရိကန်သည် နိုင်ငံခြားသားတို့၏ ယုံကြည်ချက်နှင့် တန်ဖိုးထားမှုများကို အလေးဂရုပြုမှု နည်းပါးလွန်းနေသည်။ ယင်းမှာ မကြာခဏ တန်ဖိုးကြီးစွာ ပေးဆပ်နေရသည့် အမှားတစ်ခုပင် ဖြစ်သည်။

 

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ၊ အထူးသဖြင့် အီရန်အရေးနှင့် ပတ်သက်လာလျှင် အမြဲတမ်းလိုလို လွဲချော်နေတတ်သည့် အချက်မှာ တဖက်နိုင်ငံသားတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများကို နားလည်မှု အားနည်းခြင်းပင် ဖြစ်သည်။ ဒေါ်နယ်ထရန့်၏ ဗျူဟာတွင်လည်း ဤ "မျက်ကွယ်ပြုမိနေသော အချက်" (Blind Spot) မှာ အထင်အရှား ရှိနေပါသည်။

 

အမေရိကန်သမ္မတ၏ လေသံမှာ ပြတ်သားခက်ထန်နေပြီး ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာလည်း ရှင်းပါသည်။ ရက်ပိုင်းမျှသာ ကြာမြင့်မည်ဟု ခန့်မှန်းခဲ့သော စစ်ပွဲသည် ယခုအခါ ၆ ပတ်ကျော်အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

 

သမ္မတက အမေရိကန်စစ်သည်များကို မိန့်ခွန်းပြောရာတွင်- သူတို့သည် "ယုတ်ညံ့သော" ရန်သူများကို တိုက်ခိုက်နေရခြင်းဖြစ်ပြီး ထိုရန်သူများ၏ "ရူးသွပ်သော အကြံအစည်များ" ကို မဖြစ်မနေ အနိုင်ယူရမည်ဟု ဆိုသည်။ ရန်သူ့ခေါင်းဆောင်များက ခေါင်းမာနေကြသော်လည်း "သူတို့ အထိနာမည့်နေရာကို ငါတို့ အပြင်းအထန် ထိုးနှက်နေပြီ" ဟု သမ္မတက ပြောကြားခဲ့သည်။

 

သမ္မတသည် အမေရိကန်၏ ယဉ်ကျေးမှုနှင့် စွမ်းဆောင်ရည်မှာ အခြားသူများထက် သာလွန်သည်ဟူသော အမြင်ကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။ အမေရိကန်စစ်တပ်သည် "မည်သူမျှ မလုပ်နိုင်သည့်အရာများ" ကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ငြိမ်းချမ်းရေးနှင့် တခါမျှ စည်းလုံးခဲ့ခြင်းမရှိသော ထိုဒေသကို ပုံစံသစ်ဖြင့် ပြန်လည်တည်ဆောက်ရန်အတွက် စစ်သည်များသည် အမိမြေနှင့် ဝေးရာတွင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန်ကဲ့သို့ စည်းလုံးညီညွတ်ပြီး အင်အားတောင့်တင်းသော လူ့အဖွဲ့အစည်းမှ ဆင်းသက်လာသည့်အတွက် "ဘုရားသခင်ကို ကျေးဇူးတင်သင့်ကြောင်း" သမ္မတက တိုက်တွန်း ပြောဆိုခဲ့သည်။

 

အမေရိကန် စစ်တပ်က ဗုံးတွေ ဘယ်လောက်ကြဲပြီးပြီ၊ ဘာတွေ ဖျက်ဆီးပြီးပြီလို့ ကိန်းဂဏန်းတွေနှင့် ထုတ်‌ ဖေါ် ပြနေ သော်လည်း တကယ်တမ်းတွင် ရန်သူက ယခုထိ အလျှော့မပေးဘဲ ဆက်တိုက်နေဆဲ ဖြစ်သည်။ ဤသည်ကပင် ရန်သူ့၏ စိတ်ဓာတ်ကို အမေရိကန်က အထင်သေးခဲ့မိ သည် ဆိုသည်ကို ပြဆို နေခြင်းပင် ဖြစ်သည်။

 

ဝေဖန်သူတွေရဲ့ အမြင်မှာတော့ အီရန်စစ်ပွဲတွင် အမှားမှား အယွင်းယွင်း ဖြစ်နေသည့် အဓိက အကြောင်းရင်းများသည် ဒေါ်နယ် ထရန့်မ့်၏ စရိုက်များ ဖြစ်သည့် မောက်မာခြင်း၊ စိတ်မရှည်ခြင်း၊ ခြိမ်းခြောက်မှုကိုသာ အားကိုးခြင်း:၊ အင်အားအလွန်အကျွံသုံးခြင်း နှင့် နားလည်ဖို့ မကြိုးစားခြင်း:တို့ကြောင့် ဖြစ်သည်။

 

နားလည်ဖို့ ကြိုးစားမှုမရှိခြင်း ဆိုရာတွင် နိုင်ငံခြားသားများ တကယ်တမ်း ဘယ်လို တွေးသလဲ၊ ဘာကို တန်ဖိုးထားသလဲဆိုတာကို သိချင်စိတ် လုံးဝမရှိခြင်း ဖြစ်သည်။ ယင်းသည် အဓိက အထိနာစေသည့် အချက်ဖြစ် နေသည်။

 

ယခုမှသာမဟုတ်၊ သမ္မတ ကလင်တန် လက်ထက် ၁၉၉၉ တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲကို နမူနာ ပြရမည် ဖြစ်သည်။

 

ယခင် ယူဂိုဆလားဗီးယားနယ်မြေဖြစ်သော ကိုဆိုဗိုဒေသတွင် အယ်လ်ဘေးနီးယားလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်နေမှုကို ရပ်တန့်စေရန်အတွက် အမေရိကန်နှင့် နေတိုး မဟာမိတ်များသည် ဆားဘီးယားခေါင်းဆောင် စလိုဘိုဒန် မီလိုဆီဗစ်ကို လေကြောင်းအင်အားသုံး၍ တိုက်ခိုက်ခဲ့ကြသည်။

 

အမေရိကန် စစ်ရေး စီမံကိန်းရေးဆွဲသူများက မီလိုဆီဗစ်ကို ယဉ်ပါးသွားအောင် လုပ်ဖို့ ၃ ရက်ခန့်သာ ကြာမြင့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ လေကြောင်းတိုက်ခိုက်မှုများကို ၇၉ ရက်တိုင်တိုင် တိုးမြှင့်လုပ်ဆောင်ခဲ့ရသည်။ နေတိုးတပ်ဖွဲ့များ၏ မြေပြင်ကျူးကျော်စစ် ဆင်နွှဲတော့မည်ဆိုသည့် ခြိမ်းခြောက်လာသည့် အခါ မှသာ ဆားဘီးယား အမျိုးသားရေး ဝါဒီအစိုးရသည် လက်နက်ချ အရှုံးပေးခဲ့ခြင်း ဖြစ်သည်။

 

ကိုဆိုဗို ပဋိပက္ခကို ယခု အခါ ပြန်ပြီး သတိရဖို့ ကောင်းလှသည်။ "ကမ္ဘာကြီးက ဆားဘီးယားကို အလွယ်တကူ လက်နက်ချအရှုံးပေးလိမ့်မယ်လို့ ထင်မှတ်ထားချိန်မှာပဲ၊ ဆားဘီးယားဟာ မိမိထက် အဆပေါင်းများစွာ သာလွန်တဲ့ စစ်အင်အားကို ရင်ဆိုင်အန်တုပြခြင်းအားဖြင့် အောင်ပွဲကို ရှာဖွေတွေ့ရှိသွားလိမ့်မယ်။" ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။

 

သမ္မတ ထရမ့်၏ စစ်မီးမွှေးခဲ့မှုများကို ပွင့်ပွင့်လင်းလင်း သုံးသပ်ကြည့်မည် ဆိုက စိတ်ပျက်စရာကောင်းသည့် အမှန်တရားတစ်ခုကို တွေ့ရလိမ့်မည် ဖြစ်သည်။

 

၎င်းတွင်ရှိသည့် အားနည်းချက်အချို့သည် ၎င်း၏ ပင်ကိုယ်စရိုက်များပင် ဖြစ်သည်။ ဥပမာအားဖြင့်- ရက်ရက်စက်စက် ခြိမ်းခြောက် ရသည်ကို ဝါသနာပါခြင်း၊ စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်းနှင့် ၎င်းသဘောမကျသည့် အမှန်တရား များကို ပြောလာရင် လက်မခံနိုင်ခြင်း တို့ ဖြစ်သည်။ အချိန်ကြာလာသည် နှင့်အမျှ ထရမ့်သည် ခေတ်သစ် စစ်သေနာပတိချုပ်တစ်ဦးနှင့် မတူတော့ဘဲ ဒေါသထွက်နေသည့် "ဘုရင်အိုကြီး" တစ်ပါးလို ပိုပိုပြီး ပြုမူလာနေသည်။

 

သို့ပေသည့် ထရမ့် ကျူးလွန်သလိုမျိုး အလားတူ အမှားများကို ၎င်းနှင့် စရိုက်ချင်း လုံးဝမတူသည့် ယခင် သမ္မတများလည်း ကျူးလွန်ခဲ့ဖူးသည်။ သမ္မတ ကလင်တန် သာ မဟုတ်၊ ၎င်းနှင့် ပါတီတူ ဒီမိုကရက်တစ် သမ္မတများ ဖြစ်ကြသည့် ဂျွန် အက်ဖ် ကနေဒီ နှင့် လင်ဒန် ဘီ ဂျွန်ဆင် တို့သည် လည်း ဗီယက်နမ်လူမျိုးများသည် အမေရိကန်ကို ကွန်မြူနစ်ဝါဒအား တိုက်ထုတ်ပေးမည့် မဟာမိတ်အဖြစ် ကြိုဆိုကြလိမ့်မည်ဟု ထင်ခဲ့ကြသည်။ တကယ်တမ်းတွင် ဗီယက်နမ်လူမျိုး အတော်များများက အမေရိကန်ကို ၎င်းတို့ နိုင်ငံကို နောက်ဆုံးမှ ထပ်မံရောက်ရှိလာသည့် "နယ်ချဲ့ကျူးကျော်သူ" များအဖြစ်သာ မြင်ခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ပိုင်းတွင်လည်း ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုများကို အမေရိကန်တို့ဘက်မှ စိတ်မရှည်နိုင်ဖြစ်မှုများကြောင့် အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် ဆိုးရွားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

 

အမေရိကန် စစ်ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်များသည် နိုင်ငံခြားတွင် ကြုံတွေ့ရသည့် အခက်အခဲများကို "နားလည်အောင် ဖြတ်သန်းကျော်လွှားရမည့် နယ်မြေဒေသ" ဟု မမြင်ဘဲ၊ "ဖြေရှင်းရမည့် ပြဿနာ" သို့မဟုတ် "ချေမှုန်းရမည့် ပစ်မှတ်" များအဖြစ်သာ မြင်တတ်သည့် အလေ့အထရှိသည်။

 

အမေရိကန်တို့သည် ၁၉၄၅ ခုနှစ်နောက်ပိုင်းတွင် ဂျာမနီနှင့် ဂျပန်တို့ကို ဒီမိုကရေစီမဟာမိတ်များအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ကို အလွယ်တကူ ပြန်လည်အမှတ်ရလေ့ရှိကြပြီး၊ အခြားနိုင်ငံများတွင်လည်း ထိုကဲ့သို့ပင် ထပ်မံလုပ်ဆောင်နိုင်လိမ့်မည်ဟု ယူဆလေ့ရှိကြသည်။

 

သို့သော် ထိုသို့ပြောင်းလဲနိုင်ရန်အတွက် "အလုံးစုံစစ်ပွဲ" (Total War) ကို ဆင်နွှဲခဲ့ရပြီး အနုမြူ ဗုံး နှစ်လုံးအထိ အသုံးပြုခဲ့ရသည်ဟူသော အချက်ကိုမူ မေ့လျော့နေတတ်ကြသည်။

 

သမ္မတ ထရမ့်သည် ယခင်သမ္မတများက အရှေ့အလယ်ပိုင်းနိုင်ငံများကို လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများဖြစ်အောင် ပြောင်းလဲရန် ကြိုးပမ်းခဲ့ကြခြင်းကို လှောင်ပြောင်ရှုတ်ချလေ့ရှိသည်။ ၎င်းက အစ္စရေးနှင့်ပူးပေါင်းကာ အီရန်ထိပ်တန်းခေါင်းဆောင် အများအပြားကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် "ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသော" ခေါင်းဆောင်သစ်များ ပေါ်ထွက်လာရန် အားပေးခြင်းဖြင့် အီရန်တွင် အစိုးရအပြောင်းအလဲ ကို လုပ်ဆောင်ပြီးပြီဟု မှားယွင်းစွာ ပြောဆိုနေသည်။

 

သို့သော် ထရမ့် အစိုးရအဖွဲ့သည် အီရန်နိုင်ငံတွင် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာရန် အမှန်တကယ်ပင် ရည်ရွယ်နေခြင်းဖြစ်သည်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ် ၏ ပြောကြားချက်အရ ထရမ့်သည် အီရန်ကို "သာမန်နိုင်ငံတစ်နိုင်ငံကဲ့သို့" ပြုမူနေထိုင်စေလိုသည်ဟု ဆိုသည်။ ယင်းမှာ အစ္စလာမ်မစ် အမျိုးသားရေးဝါဒီ တို့၏ ခံယူချက်ထက် စီးပွားရေးနှင့် ကုန်သွယ်ရေး အကျိုးစီးပွားများကို ဦးစားပေးသည့် နိုင်ငံအဖြစ် ပြောင်းလဲရန် ဆိုလိုခြင်းဖြစ်ပြီး လက်ရှိ အီရန်၏ သဘောထားနှင့်ကြည့်လျှင် လွန်စွာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ် နေသည်။

 

အဆိုးမြင်ဘက်ကနေ သုံးသပ်ရမည်ဆိုလျှင် - ထရမ့် စစ်ဆင်နွှဲပုံသည် ယခင် အမေရိကန်သမ္မတများ ကျူးလွန်ခဲ့ဖူးသည့် ယဉ်ကျေးမှုဆိုင်ရာ အမှားဟောင်းများ အားလုံးကို ပြန်လုပ်နေခြင်းပင် ဖြစ်သည်။ ထူးခြားသည်က ထရန့်သည် အရင်လူများလို "စံပြလောကကြီး ဖြစ်ရမယ်" ဆိုသည့် စိတ်ကူးယဉ်ဆန်သည့် ဝါဒ (Idealism) မျိုး မရှိခြင်းပင် ဖြစ်သည်။

 

မကြာသေးခင်ကအထိ နိုင်ငံခြားအစိုးရများသည် အမေရိကန်သမ္မတတွေ "စေတနာကောင်းနဲ့ လုပ်ပါတယ်" ဆိုသည်အချက် (လက်တွေ့မှာတော့ အမှားမှားအယွင်းယွင်း ဖြစ်နေတာမျိုး) ကို ညည်းညူခဲ့ကြသည်။ ယခု ထရမ့်က "စေတနာကောင်း" ဆိုသည်ကို ညည်းညူ စရာ မလိုအောင် ဖြေရှင်းပေးလိုက်ပြီ ဖြစ်သည်။ ထရမ့်တွင် ထိုကဲ့သို့သော စေတနာမျိုး နကိုယ်ကတည်းက မရှိခဲ့၍ ဖြစ်သည်။ ထရမ့်သည် တကယ်လည်း ဒီပြဿနာတစ်ခုတည်းကိုသာ ဖြေရှင်းနိုင်ခြင်း ဖြစ်ပုံရသည်။

 

(၂၀၂၆ ‌ဧပြီ ၂၁ အီကောနော်မစ် မဂ္ဂဇင်းပါ A dangerous blind spot in Donald Trump’s Iran war strategy ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)