မင်းအောင်လှိုင် နှင့် sociopath

by Hla Soewai - Apr 27 2026

မင်းအောင်လှိုင် က ၎င်း ဖမ်းဆီး အကျဉ်းချထားသည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေဖျိုး ကို ပြောဆိုခဲ့သည်။ သို့သော် ခက်နေသည်က ၎င်း၏ အပြောကို ကြားရသူ အတော်များများက ယုံကြည်လက်ခံ နိုင်မှု မရှိဖြစ်နေကြခြင်းပင်။

 

ထိုသို့ ဖြစ်နေခြင်း မှာလည်း အဆန်းတကြယ်တော့ မဟုတ်။ အားလုံးက ခေါင်းစဉ်သာ အတိအကျ မပေးနိုင်သော်လည်း သူသည် စိတ်ပိုင်း ဆိုင်ရာ တခုခု ချို့ယွင်း နေသူ အဖြစ် လက်ခံထားကြသော ကြောင့် ဖြစ်သည်။

 

တကယ်တမ်းတွင် မင်းအောင်လှိုင်သည် ယဉ်ယဉ် လေး နှင့် လူမှု ရေးရာ စိတ်ဖေါက်ပြန်မှု ဟု အလွယ်ပြော၍ ရသည့် sociopath ရောဂါ ဝေဒနာ စွဲကပ်နေသူ ပင် ဖြစ်သည်။

 

စိတ်ပညာအရ ယင်း ကို Antisocial Personality Disorder (ASPD) လို့ ခေါ်ဆိုပြီး ယေဘုယျအားဖြင့် ထင်ရှားသည့် လက္ခဏာ လေး ရပ် နှင့် တိုင်းတာလေ့ရှိသည်။

 

၁။ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသော်လည်း ဂရုမစိုက်ခြင်း (Disregard for Rules/Safety)

 

Sociopath တယောက်သည် ဥပဒေ နှင့် လူမှုကျင့်ဝတ်များကို သိရှိသော်လည်း မိမိအကျိုးအတွက်ဆိုရင် အလွယ်တကူ ချိုးဖောက်တတ်သည်။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာမှ ဝိုင်းဝန်း ရှုတ်ချမှုများကို လျစ်လျူရှုပြီး မိမိအာဏာတည်မြဲရေးကိုသာ ရှေ့တန်းတင် နေခြင်းသည် ဒီအချက်နဲ့ ဆက်စပ်နေ ပေသည်။

 

၂။ ကိုယ်ချင်းစာတရား ကင်းမဲ့ခြင်း (Lack of Empathy)

 

မိမိ၏ လုပ်ရပ်ကြောင့် သူတစ်ပါး ခံစားရတဲ့ ဒုက္ခ၊ နာကျင်မှုတွေကို စာနာနိုင်စွမ်း မရှိခြင်း မျိုး ဖြစ်သည်။ လေကြောင်းကနေ အရပ်သားများကို ဗုံးကြဲခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်း အစရှိသည့် လုပ်ရပ်များသည် "အပြစ်မဲ့သူများ သေကျေပျက်စီးနေရခြင်း" ကို တွေ့မြင်ကြားသိ နေပါလျက် နောင်တရသည့် လက္ခဏာ တစုံတရာ မတွေ့ရဘဲ "အကြမ်းဖက်မှု များနှိမ်နင်းခြင်း" လို့သာ ခေါင်းစဉ်တပ်လေ့ရှိခြင်းသည် ကိုယ်ချင်းစာတရား ကင်းမဲ့မှုကို ဖော်ပြနေခြင်း ပင် ဖြစ်သည်။

 

၃။ လှည့်ဖြားခြင်းနှင့် လိမ်လည်ခြင်း (Manipulation and Deceit)

 

မိမိ၏ ရည်မှန်းချက် အောင်မြင်ဖို့အတွက် အလိမ်အညာကို လက်နက်သဖွယ် သုံးစွဲခြင်း ဖြစ်သည်။ ဥပမာအားဖြင့် - "ဒီမိုကရေစီကို ပြန်သွားပါမယ်" ဟု ကတိပေးခြင်း၊ ရွေးကောက်ပွဲလုပ်ပေးမည်ဟု အကြိမ်ကြိမ် ပြောဆိုခြင်းနှင့် အာဏာသိမ်းရခြင်း အကြောင်းရင်းကို "မဲလိမ်မှု" ဟု ခိုင်လုံသော အထောက်အထား မပါဘဲ စွဲကိုင်ထားခြင်းတို့ ဖြစ်သည်။

 

၄။ မာနကြီးခြင်းနှင့် မိမိကိုယ်ကို အမွှမ်းတင်ခြင်း (Grandiosity)

 

မိမိကိုယ်မိမိ နိုင်ငံကို ကယ်တင်မည့်သူ၊ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတဦးအဖြစ် ရှုမြင် နေသူ ဖြစ်သည်။ ဘုရားကျောင်းကန် တည်ထားခြင်း၊ ဘွဲ့တံဆိပ်များစွာ ယူခြင်းနှင့် တိုင်းပြည်၏ ပြဿနာအားလုံးသည် အခြားသူများကြောင့်ဖြစ်ပြီး မိမိကသာ အမှန်ကန်ဆုံးဖြစ်သည်ဟု ယုံကြည်နေတတ်သူ ဖြစ်နေခြင်းပင်။

 

စိတ်ကု ပညာရှင်များက လူနာကို ကိုယ်တိုင် မျက်မြင် စစ်ဆေးမေးမြန်းခြင်း မပြုဘဲ Sociopath လို့ တရားဝင် ရောဂါအမည် တပ်ဖို့ ခက်ခဲနေမည်သာ ဖြစ်သည်။

 

နိုင်ငံရေး သိပ္ပံပညာရှင်အချို့ကတော့ မင်းအောင်လှိုင်အား Sociopath အဖြစ်ထက် အာဏာရှင်တစ်ယောက်၏ "Survival Mode" (အသက်ရှင် ကျန်ရစ်ရေး နည်းဗျူဟာ) ကို ကျင့်သုံး နေခြင်းသာ ဖြစ်သည်ဟု ရှုမြင်ထားကြသည်။ အာဏာလက်လွှတ်လိုက်ရင် ဖြစ်လာမည့် အကျိုးဆက်များကို ကြောက်ရွံ့သည့် အတွက် အစွမ်းကုန် ရက်စက် နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။

 

ခြုံငုံသုံးသပ်ရရင်တော့ လူမှုဗေဒနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အများစုက မင်းအောင်လှိုင်ရဲ့ လုပ်ရပ်များသည် Sociopath တစ်ယောက်တွင် ရှိတတ်သည့် ကိုယ်ချင်းစာတရား ကင်းမဲ့မှု၊ ကိုယ်ကျိုးစီးပွားအတွက် ရက်စက်ရန် ဝန်မ‌ လေး မှု နှင့် လှည့်ဖြားတတ်မှု ဆိုသည့် အချက်များနှင့် အတော်လေး တူညီနေသည်ဟု သတ်မှတ်ကြသည်။

 

ထိုသို့သော လူမျိုး လက်ဝယ်တွင် အသက်အရွယ် ရလာနေပြီ ဖြစ်သော နိုင်ငံ ခေါင်းဆောင်ကြီး ကျရောက်နေခြင်း အတွက် လူထု ကြီး တရပ်လုံးက စိုးရိမ်မကင်း ဖြစ်နေပြီး အသက်ရှိသေး ကြောင်း သက်‌ သေ ထုတ်ပြဖို့ ကို တောင်းဆို နေကြသည်မှာလည်း လွန်စွာမှ သဘာဝ ကျလှပေသည်။

 

ဧရာဝတီ ဆောင်းပါး တပုဒ် တွင် ယခုလို ရေးသားလာခဲ့သည်။

 

တရားဝင်မှုဆိုသည်မှာ နိုင်ငံကို ထိန်းချုပ်နိုင်မှု သို့မဟုတ် အဓမ္မစေခိုင်းမှုတို့ဖြင့် ရရှိနိုင်သောအရာမဟုတ်ဘဲ အုပ်ချုပ်ခံပြည်သူတို့၏ သဘောတူညီချက်ဖြင့်သာ ရရှိနိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူ အများစုကမင်းအောင်လှိုင်ကို တရားဝင် နိုင်ငံ့ခေါင်းဆောင်အဖြစ် လက်မခံကြသည်မှာ ရှင်းလင်းနေပါသည်။ ထို့အတွက် စစ်အုပ်စုနှင့် ပြည်သူများအကြား နက်ရှိုင်းပြီး ကျယ်ပြန့်သော အဟန့်အတားတခုက ဆက်လက်တည်ရှိနေသည်။ မည်သည့် အပေါ်ယံ လုပ်ရပ်များ သို့မဟုတ် "အမှန်တရားအတုအယောင်" များကမျှ ထိုအဟန့်အတားကို ဖုံးကွယ်နိုင်မည်မဟုတ်ပေ။

 

ယခုကဲ့သို့ ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမျိုးက စေတနာအမှန်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများကြောင့်သာ လုပ်ဆောင်ခြင်းဖြစ် နေ၍ ထိုသို့ လုပ်ဆောင်ခြင်းသည်ပင်လျှင် မိမိတို့၌ အုပ်ချုပ်ရေးဆိုင်ရာ တရားဝင်မှု မရှိကြောင်းကို ကမ္ဘာသိအောင် ကြေညာနေသကဲ့သို့ ဖြစ်နေသည်ဟု ထောက်ပြထားသည်။

 

ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကံကြမ္မာသည် မြန်မာ့အနာဂတ်အတွက် အဓိက သော့ချက်အဖြစ် ရှိနေဆဲပင်ဖြစ်သည်။ ၎င်းတို့သည် "သမ္မတဟောင်း"၊ နိုင်ငံတော် အတိုင်ပင်ခံ ဟောင်း" များ မဟုတ်ဘဲ လူထု၏ ထောက်ခံ ယုံကြည်မှုကို ရရှိထားဆဲဖြစ်သည့် လက်ရှိ အရပ်သား ခေါင်းဆောင်မှုကို ကိုယ်စားပြုသူများ ဖြစ်သည်ကို နိုင်ငံတကာက သိနားလည် ထားရန် လိုအပ်သည်ဟု လည်း ရေးသားထားသည်။

 

နိုင်ငံရေးသိပ္ပံ သဘောတရားအရ အာဏာ ရှိရုံနှင့် လုပ်ပိုင်ခွင့် (Authority) မရနိုင်။ လက်နက်ကိုင်ပြီး အင်အားသုံး၍ အာဏာရနိုင် စတမ်း ဆိုက ဗိုလ်နဂါးလို ပုဂ္ဂိုလ်မျိုး သည်လည်း ၎င်းကဲ့သို့ စစ်အင်အားမျိုး ပိုင်ဆိုင်ထားပါက ရွေးကောက်ပွဲ အတုအယောင် လုပ်ပြီး သမ္မတ အဖြစ် ကိုယ့်ဖာသာ တင်မြှောက်နိုင်သည် မဟုတ်ပါလား။

 

ပြည်သူက ကြည်ဖြူစွာ အသိအမှတ်ပြုခြင်း မရှိပါက မည်သည့်နိုင်ငံရေး ကစားကွက် မဆို၊ မည်သို့သော သမ္မတ ရာထူးမျိုး မဆို အနှစ်သာရမရှိ၊ အသိအမှတ်ပြု ခံရခြင်းမျိုးလည်း ရှိမည် မဟုတ် ပေ။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!