၂၀၂၁ ခုနှစ်ကတည်းက မင်းအောင်လှိုင်၏ အကျဉ်းချ ခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားများ ပြသရန် “Proof of Life” (အသက်ထင်ရှားရှိကြောင်း သက်သေပြရေး) လှုပ်ရှားမှုမှတဆင့် စစ်အုပ်စု အပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာနေသည်။ သူမနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ သားဖြစ်သူ ကင်အဲရစ် က "မြန်မာပြည်သူတွေက ကျွန်တော့်အမေကို ကျွန်တော့်နည်းတူပဲ ချစ်ကြပါတယ်" ဟု AsiaNews သို့ ပြောခဲ့သည်ဟု သတင်း ပါရှိလာခဲ့သည်။
အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော ဖိလစ်ပိုင် မှ အာဆီယံ အဖွဲ့ကြီး ကိုယ်စား ကြေညာချက် ထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် တိုက်တွန်းနေပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်သည် အားလုံးပါဝင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ပြည်သူလူထု၏ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၁ နှစ်ထဲ ချဉ်းနင်း ဝင်ရောက်လာနေပြီ ဖြစ်သည်။
အာဆီယံ နှင့် ရင်ကြားစေ့ပေးရန် ရောက်လာသော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး အား "ကျန်းမာရေး ကောင်းမွန်ကြောင်း" မင်းအောင်လှိုင်၏ အပြော သာ နောက်ဆုံး အဖြစ် ထွက် ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်တစ်စုံတစ်ရာ မရှိသေးပေ။ ထို့ကြောင့် "All In One Piece" လှုပ်ရှားမှုအဖွဲ့က ဦးဆောင်၍ အာဆီယံနှင့် ကုလသမဂ္ဂတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များကလည်း ထောက်ခံအားပေးထားသည့် “Proof of Life” (အသက်ထင်ရှားရှိကြောင်း သက်သေပြရေး) လှုပ်ရှားမှုကို စတင်လိုက်ခြင်း ဖြစ်သည်။
“ ‘Proof of Life’ လှုပ်ရှားမှုရဲ့ အနှစ်သာရကတော့ ရိုးရှင်းပြီး အလွန်ပဲ လူသားဆန်တဲ့ တောင်းဆိုမှုတစ်ခုပါပဲ” ဟု သားဖြစ်သူ ကင်အဲရစ်က AsiaNews သို့ ယခုလို ပြောခဲ့သည်။
“သားတယောက်အနေနဲ့ ကျွန်တော့်အမေရဲ့ အခြေအနေ ဒါမှမဟုတ် ဘယ်မှာရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အခုထိ ဘာသတင်းမှ မရသေးပါဘူး။ စစ်အာဏာပိုင်တွေဘက်က ဆက်ပြီး နှုတ်ဆိတ်နေတဲ့အတွက် သူ အသက်ရှိထင်ရှား ရှိနေသေးရဲ့လားဆိုတာကို ကျွန်တော် အလွန်စိုးရိမ်မိသလို သိလည်းသိချင်မိပါတယ်”
“မြန်မာပြည်သူတွေဟာ ကျွန်တော့်အမေကို ကျွန်တော့်နည်းတူ ချစ်ကြသလို ကျွန်တော့်လိုပဲ စိုးရိမ်ပူပန်နေကြတယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါဟာ တဦးတယောက်တည်းရဲ့ တောင်းဆိုမှု မဟုတ်ပါဘူး။ မိမိတို့ ချစ်ခင်ရသူတွေနဲ့ ပတ်သက်ပြီး မသေချာမရေရာမှုတွေကြားမှာ ရှင်သန်နေရတဲ့ မိသားစုများစွာကိုယ်စား စုပေါင်းတောင်းဆိုလိုက်တဲ့ အသံပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကင် အဲရစ်က ဆက်လက် ပြောဆိုရာတွင် “ကျွန်တော့်အမေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ဘယ်လို လမ်း ကြောင်းမျိုး မှာ မဆို အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နိုင်တယ်ဆိုတာကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် တကမ္ဘာလုံးက နားလည်ထားကြပါတယ်။
“သူမကို ဆက်လက်ဖျောက်ဖျက်ထားတာနဲ့ သီးသန့်ခွဲထားတာတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မရေရာမှုတွေကို ပိုမိုဆိုးရွားစေရုံပဲ ရှိပါတယ်။ အသက်ထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုတာဟာ လူသားဂုဏ်သိက္ခာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတို့အတွက် အခြေခံအကျဆုံး တောင်းဆိုချက်တစ်ခုပါ။ ရှင်းလင်းပြီး ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ မရရှိမချင်း ကျွန်တော်တို့ ဆက်လက်တောင်းဆိုသွားမှာပါ” ဟု ၎င်းက ဆိုသည်။
သို့ သော် လူသားဂုဏ်သိက္ခာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတို့ဆိုသည်ကို နားကန်းတလုံးမျှ နားမလည်ဘဲ တိုင်းပြည်ကို ဓါးမိုး၍ အုပ်ချုပ် နေသော စစ်အုပ်စုကတော့ သူမ နှုတ်မှ ထွက်လာမည့် စကားလုံးများကို အထူး ကြောက်ရွံ့နေသည် ဆိုသည်မှာ ထင်ရှားနေပေသည်။
သူမအား နေပြည်တော်တွင် တံခါးပိတ် တရားစီရင် ပြီး ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ၏ အခြေအနေနှင့် ပတ်သက်၍ စစ်အုပ်စု ဘက်မှ နောက်ထပ် တရားဝင်ထုတ်ပြန်ချက် တခုတ လေ မျှ မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သဖြင့် နိုင်ငံတကာမှ ဧည့်သည်များနှင့် တွေ့ဆုံခြင်း သို့မဟုတ် သံတမန်ရေးရာ အစည်းအဝေးများတွင် ပါဝင်ခြင်းတို့ကို ပြုလုပ်နိုင်မည်မဟုတ်ဟုသာ အကြောင်းပြလာ ခဲ့ကြသည်။
ထိုသို့ ပြောဆိုနေသော်လည်း ၂၀၂၃ ဇူလိုင်လအတွင်းက ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမွတ်ဝီနိုင်းသည် သူမအား အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့ပြန်သည်။ ထိုသို့ တွေ့ဆုံခဲ့သည့် သတင်းမှာလည်း နောက်ပိုင်း အာဆီယံအစည်းအဝေး တခုအတွင်းမှသာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူမ၏ အခြေအနေနှင့် ပတ်သက်သမျှ အချက်အလက်အားလုံးမှာ စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက်များသာ ဖြစ်နေသည်။ သူမအား ထိန်းသိမ်းထားသည့် တိကျသော နေရာကိုပင် ယခုတိုင် လျှို့ဝှက်ထားဆဲ ဖြစ်သည်။
မင်းအောင်လှိုင် လက်မှ လွတ်မြောက်လာသော သမ္မတကြီး ဦးဝင်းမြင့်အား ချက်ချင်းဆိုသလို ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများကို မေးမြန်းခဲ့ရာ သူမ၏ အခြေအနေကို သူလည်း တစုံတရာ မသိရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
ကုလသမဂ္ဂနှင့် ယခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင် နိုင်ငံခြား ရေး ဝန်ကြီး တို့က နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားကြသည်။ ကုလသမဂ္ဂ အထွေထွေဘအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ဥရောပသမဂ္ဂ (EU) ကလည်း မကြာသေးမီက မြန်မာ့ရိုးရာ သင်္ကြန်နှစ်သစ်ကူးပွဲတော်နှင့် ဆက်စပ်၍ ပြုလုပ်ခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်ကို ကြိုဆိုသော်လည်း အကျဉ်းသားအားလုံးကို အပြည့်အဝ လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်း ပြောဆိုလာခဲ့သည်။
ထိုသို့ တောင်းဆိုနေသည့် ကြားမှပင် အာဏာသိမ်း ခေါင်းဆောင် အဖြစ်မှ သမ္မတ တက်လုပ်လာသူ မင်းအောင်လှိုင်သည် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ဒေသများတွင် လုံခြုံရေး ပိုမိုတင်းကျပ်ရန် ရည်ရွယ်၍ မြို့နယ်ပေါင်း ၆၀ တွင် စစ်အုပ်ချုပ်ရေး အမိန့်များ ထုတ်ပြန်ကာ စစ်တပ်၏ ထိန်းချုပ်မှုကို တိုးမြှင့်လိုက်သည်။
ဤသည်ကလည်း ၎င်းတို့ ခြေချခွင့်ပင် မရသော ကချင်၊ ကယား၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်း ဒေသကြီးများရှိ မြိုနယ်များ ပါဝင်နေ၍ ၎င်းတို့ အုပ်ချုပ်နိုင်မှု ရှိ နေ သယောင် အယောင်ဆောင်လာခြင်းပင် ဖြစ်သည်။ အုပ်ချုပ် ရေး၊ တရားစီရင်ရေး တာဝန်များကို ၎င်း၏ တပည့် ရဲဝင်းဦးက ရက်ပေါင်း ၉၀ တာဝန်ယူရမည်ဟု ဆိုသည်။ ဆိုလိုသည်က ပြစ်မှု ကျူးလွန်သည် ဆိုကာ ၎င်း အမိန့်ဖြင့် သေဒဏ်ချမှတ် နိုင်သည်ဟု ခြိမ်းခြောက်လာခြင်း ပင် ဖြစ်သည်။
တဖက် တွင်လည်း မင်းအောင်လှိုင်သည် တော်လှန်ရေး အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရက်ပေါင်း ၁၀၀ သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များပါ ဆွေးနွေးပွဲတွင် ပါဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ရှေ့နောက်မညီ လုပ်ရပ်များကို ကြည့်မည် ဆိုက မင်းအောင်လှိုင်သည် ပြည်တွင်း စစ်ကို အနိုင်ရရန် ကြံမိကြံရာ ကြံစည်နေသည် ဆိုသည်မှာ ထင်ရှားနေသည်။
အရေးကြီးဆုံး အချက်သည်က ပြည်သူများ ကော ၊ နိုင်ငံတကာ က ပါ ၎င်းတို့ ၏ မလောက်လေး မလောက်စား အသိဉာဏ် လေး ဖြင့် ချ ချ ပြလာသည်များ နောက် မျောပါမသွားသည်ကို တွေ့လာရခြင်းပင် ဖြစ်သည်။
အမေရိကန် အစိုးရသည် ထိုင်း-မြန်မာ နယ်စပ် အနီး မင်းလက်ပန်ကျေးရွာရှိ စက်မှုဇုန်အဆင့်အတန်းရှိသော "ရွှန်တာပတ်ခ်" အဆောက်အအုံဝင်းမှ နေ၍ ကျားဖြန့် လုပ်ငန်းများ ကြီးကြပ် ကွပ်ကဲနေသူ တရုတ် နိုင်ငံသား နှစ်ဦး ကို တရားစွဲဆို လိုက်ပြီ ဖြစ်သည်။
"ဒီရာဇဝတ်ကောင်တွေက နိုင်ငံရပ်ခြားမှာရှိနေလို့ သူတို့ကို ဘယ်သူမှ မထိနိုင်ဘူးလို့ ထင်နေကြတာပါ။ ဒီနေ့မှာတော့ သူတို့ထင်တာ မှားနေကြောင်း ကျွန်တော်တို့ သက်သေပြလိုက်ပြီဖြစ်သလို ဒါဟာ စတင်ရုံပဲ ရှိပါသေးတယ်" ဟု အမေရိကန် အစိုးရ ရှေ့နေ ဂျနင်း ပီးရိုး က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားလိုက်ပြီ ဖြစ်သည်။
The lack of a sense of history is the damnation of the modern world.
Robert Penn Warren
သမိုင်း၏ အသိလိမ္မာ တရား ကင်းမဲ့ခြင်းသည်ခေတ်သစ် ကမ္ဘာအတွက် အကြီးမားဆုံးသော ကြမ္မာဆိုး ဝင်မှု ပင် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!