ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများကို ခုတ်မောင်းဖြတ်သန်းရခြင်း၏ အန္တရာယ်

by Hla Soewai - Apr 27 2026

ဂျာမဏီ နိုင်ငံ ဟမ်းဘတ်မြို့ရှိ အယ်လ်စတာမြစ် ကို အပေါ်စီးမှ မြင်ရသည့် သူမ၏ ရုံးခန်းအတွင်းမှနေ၍ ကပ္ပတိန် ဆီလ်ကာ လင်းကိုစတာ သည် နေ့စဉ်နေ့တိုင်း မေးခွန်းတခုကို အဖြေရှာရန် လုံးပန်းနေခဲ့ရသည်။ ထိုမေးခွန်းမှာ— ပါရှန်းကွေ့အတွင်း ပိတ်မိနေသည့် သူမ ကြီးကြပ်ရသော ကုန်သေတ္တာတင် သင်္ဘောငါးစင်းကို ဟော်မုဇ် ရေလက်ကြား မှတစ်ဆင့် ထွက်ခွာရန် အမိန့်ပေးဖို့ အချိန်တန်ပြီလား၊ ဘေးကင်းရဲ့လား ဆိုသည်ပင် ဖြစ်သည်။

 

သူမသည် သင်္ဘောလုပ်ငန်းကြီးဖြစ်သော Hapag-Lloyd ၏ ရေယာဉ်စုစီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် သင်္ဘောအစင်းရေ ၃၁၀ ကို ကြီးကြပ်နေရသူ ဖြစ်ပြီး တရားဝင်အကြံပေးချက်များကို အကဲဖြတ်ခြင်း၊ ထောက်လှမ်းရေးသတင်းရင်းမြစ်များနှင့် ချိတ်ဆက်ခြင်း၊ သင်္ဘောသားများနှင့် ဆက်သွယ်ပြောဆိုခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

 

နှစ်လနီးပါးစလုံး ထိုမေးခွန်း၏ အဖြေမှာ "No" ဟူ၍သာ ရှိ နေခဲ့သည်။ သို့သော် ယခုအပတ် အစောပိုင်းတွင်မူ သူမသည် အခွင့်အလမ်းကောင်းတစ်ခုကို မြင်တွေ့ခဲ့ပြီး သင်္ဘောတစင်းကို ရေလက်ကြားအား ဖြတ်ကျော်ရန် မီးစိမ်းပြ ခွင့်ပြုချက် ပေးခဲ့သည်။

 

တနင်္လာနေ့ သန်းခေါင်ယံအချိန်၊ လကွယ်ည လေငြိမ် နေခိုက် တွင် သူမ၏ သင်္ဘောတစင်းဖြစ်သော Tema Express သည် ဟော်မုဇ်ရေလက်ကြားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ အိုမန်နိုင်ငံ၊ မတ်စကတ် မြို့ ကမ်းလွန်တွင် ကျောက်ချရပ်နားထားသည့် ထိုသင်္ဘောသည် စစ်ပွဲစတင်ကတည်းက အဆိုပါ ရေလမ်းကြောင်းကို ပထမဆုံးအကြိမ် ဖြတ်ကျော်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

အခြား ကုန်သင်္ဘောများမှာမူ ကံမကောင်းခဲ့ကြ။ ဗုဒ္ဓဟူးနေ့တွင် ဥရောပပိုင် သင်္ဘောနှစ်စင်းကို အီရန်တပ်ဖွဲ့များက ကြားဖြတ်တားဆီးကာ သိမ်းဆည်းခဲ့ပြီး၊ ထိုအထဲမှ သင်္ဘောတစ်စင်းမှာ ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါသင်္ဘောများကို အီရန်ကမ်းရိုးတန်းအနီး၌ ထိန်းသိမ်းထားသည်။

 

မတ်လကတည်းက အဆိုပါရေလက်ကြား တဝိုက် ကုန်သင်္ဘောပေါင်း ၂၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ပြီးနောက် မကြာမီမှာပင် တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ပြီး၊ အီရန်စစ်တပ်က သွားလာမှုများကို ပိတ်ဆို့ကန့်သတ်ခဲ့သည်။

 

ထိုတိုက်ခိုက်မှုများကြောင့် သင်္ဘောသား ၁၀ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ သင်္ဘောလိုင်းကုမ္ပဏီများမှာလည်း ယခုကဲ့သို့ အန္တရာယ်များသော ရေပြင်ကို ဖြတ်သန်းသွားလာရန် ဝန်လေးနေကြသဖြင့် သင်္ဘောအစင်းရေ ၁,၆၀၀ ခန့်ပေါ်ရှိ သင်္ဘောသားပေါင်း ၂၀,၀၀၀ ခန့်မှာ ရေလက်ကြားအတွင်းနှင့် အနီးတဝိုက် ၌ ပိတ်မိနေသည်။ အဆိုပါ ရေလမ်းကြောင်းမှာ စစ်မဖြစ်မီက ကမ္ဘာ့ရေနံထွက်ရှိမှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ နေရာတစ်ခုလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန် ရေတပ်သည် အာရေဗျပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အီရန်အလံလွှင့်ထူထားသော သင်္ဘောများကို တက်ရောက်စီးနင်းပြီး ထိန်းချုပ်လိုက်သည်။ ကြာသပတေးနေ့တွင်မူ သမ္မတ ထရမ့်က ဟော်မုဇ်ရေလက်ကြားအတွင်း ရေမိုင်းထောင်သည့် မည်သည့်လှေကိုမဆို ပစ်ခတ်ရန် ရေတပ်ကို အမိန့်ပေးထားကြောင်း ပြောကြားခဲ့သည်။

 

ကပ္ပတိန် လင်းကိုစတာ ကမူ "တကယ်တမ်းတော့ လက်နက်မဲ့နေတဲ့သူတစ်ယောက်ကို စစ်တလင်းထဲ လွှတ်လိုက်သလိုပါပဲ” ဟု ပြောခဲ့ပြီး ကျန်ရှိနေသည့် သင်္ဘောလေးစင်းကို ဆက်လက်ထွက်ခွာရန် အမိန့်မပေးမီ ရေလမ်းကြောင်း ဘေးကင်းလုံခြုံမှုရှိကြောင်း အမေရိကန်နှင့် အီရန် နှစ်နိုင်ငံလုံးထံမှ ရှင်းလင်းပြတ်သားသော အာမခံချက်များအပြင်၊ ရေလက်ကြားအတွင်း ထောင်ထားသည့် ရေမိုင်းများကို မည်သို့ရှောင်ကွင်းရမည်ဆိုသည့် အသေးစိတ်အချက်အလက်များ လိုအပ် နေသည်ဟု ဆိုသည်။

 

Tema Express သင်္ဘောသည် ရေလက်ကြားကို မည်သည့်လမ်းကြောင်းမှ ဖြတ်သန်းခဲ့သည်ဆိုခြင်းနှင့် ပတ်သက်၍မူ ကပ္ပတိန် လင်းကိုစတာ က ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော် လုပ်ငန်းကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများကမူ ထိုသင်္ဘောသည် အိုမန်ကမ်းရိုးတန်းနှင့် ကပ်လျက်လမ်းကြောင်းမှ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ အဆိုပါလမ်းကြောင်းသည် ရေလက်ကြားအပေါ် တင်းကျပ်သော ထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်လာသည့် အီရန်အရာရှိများထံမှ ခွင့်ပြုချက်မယူဘဲ ဖြတ်သန်းရာတွင် အချို့သော သင်္ဘောများ အသုံးပြုလေ့ရှိသည့် လမ်းကြောင်းလည်း ဖြစ်သည်။

 

ပိတ်မိနေသော Hapag-Lloyd သင်္ဘောလေးစင်းပေါ်တွင် ယူကရိန်း၊ ရုရှား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ရိုမေးနီးယား၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံသားများအပါအဝင် သင်္ဘောသား ၁၀၀ ခန့်ရှိနေပြီး၊ ၎င်းတို့အားလုံးမှာ အိမ်ပြန်ရန် အလွန်ဆန္ဒစောနေကြကြောင်း သူမက ပြောကြားခဲ့သည်။

 

၎င်းတို့အတွက် ရပ်နေသည့် သင်္ဘောပေါ်တွင် နေရခြင်းသည်ကလည်း အန္တရာယ် ရှိနေပြန်သည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က Hapag-Lloyd သင်္ဘောတစင်းပေါ်ရှိ သင်္ဘောသားများသည် နံနက်အစောပိုင်းတွင် မီးသတ် အချက်ပေးသံ ကြောင့် နိုးလာခဲ့ကြသည်။ အီရန်၏ ဒုံးကျည် သို့မဟုတ် ဒရုန်းမှ လွင့်စင်လာသော အပိုင်းအစများ သင်္ဘောပေါ်သို့ ကျရောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း သင်္ဘောမှာမူ ပြုပြင်နေဆဲဖြစ်ပြီး ခက်ခဲစွာဖြင့်သာ ခုတ်မောင်းသွားလာနိုင်တော့မည် ဖြစ်သည်။

 

သင်္ဘော ကပ္ပတိန်များသည် သင်္ဘောသားများ စိတ်ဓာတ်မကျစေရန်အတွက် barbecues ပါတီပွဲများ ကျင်းပပေးခြင်း၊ ဖူးစဘော ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့် ကာရာအိုကေနှင့် ရုပ်ရှင်ညပွဲများ ဖန်တီးပေးခြင်းတို့ဖြင့် အားပေးနေကြသည်။ တစ်ဖက်တွင်လည်း ပရိဘောဂများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် အေးခဲထားသော ငါးနှင့် အသားများ ပါဝင်လေ့ရှိသည့် ကုန်စည်များကို စစ်ဆေးခြင်း၊ ကင်းစောင့်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပုံမှန်အလှည့်ကျ တာဝန်များကိုလည်း ဆက်လက်လုပ်ဆောင်နေကြရသည်။

 

ပါရှန်း ပင်လယ် ကွေ့အတွင်း အသွားအလာများအပေါ် အပြိုင်အဆိုင် ပိတ်ဆို့မှုများနှင့် ကန့်သတ်ချက်များ ချမှတ်ထားကြသည့် အမေရိကန်နှင့် အီရန်အာဏာပိုင်များ၏ ရှေ့နောက်မညီသော သတင်းစကားများကြောင့်၊ ရေလက်ကြားဖြတ်သန်းမှု၏ အန္တရာယ်အတိုင်းအတာကို ခန့်မှန်းရန် ခက်ခဲစေခဲ့သည်။ ယခုဆိုလျှင် သုံးပတ်ထဲသို့ ရောက်ရှိလာပြီဖြစ်သော စိုးရိမ်စရာကောင်းသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း၊ အဆိုပါရေလက်ကြားကို တခါတရံတွင် ဖွင့်လှစ်ထားကြောင်း ကြေညာလိုက်၊ နောက်တခဏတွင် ပိတ်ထားကြောင်း ကြေညာလိုက်နှင့် ဖြစ်နေသည်။

 

ငြိမ်းချမ်းသော ကာလများတွင်ပင်လျှင် ဟော်မုဇ်ရေလက်ကြားကို နာရီပေါင်းများစွာ ကြာအောင် ဖြတ်သန်းမောင်းနှင်ရခြင်းမှာ အလွန်ပင် ရင်ထိတ်စရာ ကောင်းနေ ရသည်။ အဆိုပါ ရေလက်ကြားမှာ ကျဉ်းမြောင်းလှပြီး အကျဉ်းဆုံးနေရာ၌ ၂၁ ရေမိုင်သာ ကျယ်ဝန်းကာ သင်္ဘောအသွားအလာ အလွန်ထူထပ်သည်။ သင်္ဘောကပ္ပတိန်များသည် ငါးဖမ်းစက်လှေငယ်လေးများနှင့် ရေနံစင်များကို ရှောင်ကွင်း၍ ခုတ်မောင်းကြရသည်။ ထို့ပြင် အပူရှိန်ကြောင့် လေထုမှာလည်း မကြာခဏဆိုသလို မှုန် ဝါးနေတတ်သည်။

 

ရေလက်ကြားတစ်ဝိုက်ရှိ သင်္ဘောသားများအတွက် အခက်ခဲဆုံး ရင်ဆိုင်နေကြရသည်က ယခုလို ထိပ်တိုက်ရင်ဆိုင်နေမှုများ မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို တပ်အပ်သေချာ မပြော နိုင် ခြင်းပင်ဖြစ်ကြောင်း ဟမ်းဘတ်မြို့ရှိ ကပ္ပတိန် လင်ကိုစတာ က ပြောခဲ့သည်။

 

“ကျွန်မတို့ သင်္ဘောပေါ်က ဖိလစ်ပိုင်သင်္ဘောသား တယောက် အဖို့ အစ္စရေး၊ အီရန်နဲ့ အမေရိကန်တို့ကြားက ပြဿနာတွေနဲ့ ဘာဆိုင်လို့လဲ” ဟု သူမက ဆိုသည်။ “သူတို့မိသားစုတွေကို ကျွေးမွေးဖို့အတွက် ငွေရှာဖို့ အဲဒီကို ရောက်နေကြတာလေ။” ဟု ဆိုသည်။

 

ကုမ္ပဏီ၏ လုပ်ငန်း ထိန်းချုပ် ရေး ခန်းမအတွင်း၌ ဝန်ထမ်းများသည် ကွန်ပျူတာများမှတစ်ဆင့် မိုးလေဝသအခြေအနေများကို စောင့်ကြည့်နေကြပြီး၊ သင်္ဘောများ၏ တည်နေရာကို အချိန်နှင့်တစ်ပြေးညီ (real time) ပြသနေသည့် ဧရာမမျက်နှာပြင်ကြီးပေါ်တွင် ဟော်မုဇ်ရေလက်ကြားအတွင်းရှိ အသွားအလာများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ ကမ္ဘာတစ်ဝန်းရှိ အခြားသော သင်္ဘောလိုင်းကုမ္ပဏီများတွင်လည်း ယခုကဲ့သို့သော ထိန်းချုပ်ရေးစခန်းများ ရှိကြပြီး၊ တကမ္ဘာလုံးရှိ သင်္ဘောလုပ်ငန်းကဏ္ဍတစ်ခုလုံး၏ အာရုံစိုက်မှုမှာ ဤရေလက်ကြားတစ်ခုတည်းအပေါ်၌သာ ကျရောက်နေပါသည်။ ကမ္ဘာ့စီးပွားရေးအပေါ် လွှမ်းမိုးမှုရှိသော ဟောမုဒ် ၏ အရေးပါပုံမှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ထင်ရှားလာခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၆ ဧပြီ ၂၄ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာတွင် ပါရှိသော The Peril of Piloting Ships Through the Strait of Hormuz ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)