သုံးကြိမ်မြောက် လုပ်ကြံခံရမှု

by Hla Soewai - Apr 27 2026

ပြီးခဲ့သည့် စနေနေ့ညက အိမ်ဖြူတော် သတင်းထောက်များအသင်း၏ ညစာစားပွဲ ကျင်းပနေသည့် ဟိုတယ်အတွင်း သေနတ်သံများ ထွက်ပေါ်လာပြီးနောက် သမ္မတ ထရမ့်အား စင်ပေါ်မှ အမြန်ဆုံး ခေါ်ထုတ်သွားခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ နောက်ပိုင်း နာရီအနည်းငယ်အကြာ အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လက်နက်အများအပြား ကိုင်ဆောင်ထားသည့် သူတစ်ဦးသည် လုံခြုံရေး စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု မစ္စတာ ထရမ့်က ရှင်းပြခဲ့သည်။

 

လျှို့ဝှက်တာဝန်ထမ်း Secret Service အရာရှိတဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ၎င်းဝတ်ဆင်ထားသည့် ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သမ္မတက ပြောကြားခဲ့သည်။ တိုက်ခိုက်သူမှာ တကိုယ်တော်လှုပ်ရှားသူ ဖြစ်သည်ဟု ယူဆရသော်လည်း ၎င်း၏ ရည်ရွယ်ချက်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ထရမ့်က ဆိုသည်။

 

ရဲဖက်မှ အရာရှိနှစ်ဦးက ဖမ်းဆီးထားသူမှာ ကာလီဖိုးနီးယားပြည်နယ်၊ တောရင့်စ်မြို့မှ အသက် ၃၁ နှစ်အရွယ် ကိုးလ် တောမတ်စ် အလန် ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။ မစ္စတာ ထရမ့်သည် တိုက်ခိုက်သူဟု ယူဆရသူအား ဖမ်းဆီးထားသည့် ဓာတ်ပုံနှစ်ပုံကို Truth Social တွင် တင်ခဲ့ပြီး ရဲ အရာရှိများသည် ကာလီဖိုးနီးယားရှိ သေနတ်သမား၏ တိုက်ခန်းသို့ သွားရောက်နေပြီဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

 

၎င်းသည် ဟိုတယ်တွင် တည်းခိုနေသည့် ဧည့်သည်တဦးဖြစ်ပြီး သေနတ်ဖြင့် တချက်ပစ်ခတ်ခဲ့သည်ဟု အာဏာပိုင်များက ယူဆထားသော်လည်း စုံစမ်းစစ်ဆေးမှုမှာ အစပိုင်းသာ ရှိနေသေးသည်။ သေနတ်ဒဏ်ရာရရှိခဲ့သည့် Secret Service အရာရှိသည် ၎င်း၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ မသိရသေးပေ။

 

လောလောဆယ် တွင် တရားခံ ဟု ယူဆရသူကို အကြမ်းဖက်မှု ကျူးလွန်စဉ်အတွင်း လက်နက်ကိုင်ဆောင် အသုံးပြုမှု၊ အန္တရာယ်ရှိသော လက်နက်ဖြင့် ဖက်ဒရယ်အရာရှိတစ်ဦးအား ရန်ပြုတိုက်ခိုက်မှု စသည့် စွဲချက်နှစ်ခုဖြင့် တရားစွဲဆိုထားသည်။ တရားခံအား တနင်္လာနေ့တွင် ဖက်ဒရယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ပြီး နောက်ထပ်စွဲချက်များလည်း ထပ်မံထွက်ပေါ်လာဖွယ် ရှိနေသည်။ သေနတ်သမားသည် တစုံတရာ ထိခိုက် ဒဏ်ရာရခြင်း မရှိခဲ့ဟု သိရသည်။

 

ထရမ့်သည် ညစာစားပွဲကျင်းပရာ ဝါရှင်တန် ဟီလ်တန် ဟိုတယ်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြေးလာသည့် အမျိုးသားတဦးအား မြင်နေရသော ဗီဒီယို မှတ်တမ်းကိုလည်း တင်ခဲ့သည်။ ဗီဒီယိုထဲတွင် အေးဂျင့်များက သေနတ်များထုတ်ယူကာ စတင်ပစ်ခတ်နေသည်ကို တွေ့ရသည်။

 

ညစာစားပွဲစတင်ပြီး ၅ မိနစ်ခန့်အကြာတွင် ခန်းမအနောက်ဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်သူမှာ ခန်းမအတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ထရမ့်က ပြောကြားသည်။ အစပိုင်းတွင် ဆူညံသံကို လင်ဗန်းတစ်ခု ကြမ်းပြင်ပေါ် ကျသွားခြင်းဟု ထင်မှတ်ခဲ့သဖြင့် ချက်ချင်း ဝပ်ပြီး ပုန်းအောင်းခြင်းမျိုး မလုပ်ခဲ့ဘဲ "ဘာဖြစ်နေတာလဲဆိုတာ ကျွန်တော် စောင့်ကြည့်နေခဲ့တာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

 

သမ္မတနှင့်အတူ လိုက်ပါသွားကြသည့် အိမ်ဖြူတော် သတင်းထောက်အဖွဲ့၏ အဆိုအရ Secret Service အဖွဲ့ဝင်တစ်ဦးက "သေနတ်နဲ့ပစ်နေပြီ" ဟု အော်ဟစ်ခဲ့ကြောင်းနှင့် သေနတ်များ ကိုင်ဆောင်ထားသော အေးဂျင့်များသည် သမ္မတထံသို့ရောက်ရှိရန် လူသွားလမ်းများကြားမှ အပြေးအလွှား လာရောက်ခဲ့ကြကြောင်း သိရသည်။

 

ခမ်းမထဲရှိ ဧည့်သည်များသည် ၎င်းတို့ထိုင်နေသည့် စားပွဲအောက်များသို့ ငုံ့လျှိုးပုန်းအောင်းခဲ့ကြသည်။ လက်နက်များ အသင့်ကိုင် ဆောင်ထားသည့် လုံခြုံရေးအရာရှိများသည် စင်မြင့်ပေါ်သို့ ရောက်ရှိလာပြီးနောက် သမ္မတနှင့် သမ္မတကတော် မီလန်နီယာထရမ့်တို့ကို အမြန်ဆုံး အပြင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။

 

ထရမ့်သည် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဟိုတယ်မှ ထွက်ခွာသွားခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ၌ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအတွင်း ကျည်ဆန် ရှပ် ထိခံခဲ့ရဖူးပြီး၊ လပိုင်းအကြာတွင်လည်း ဖလော်ရီဒါရှိ ၎င်း၏ ဂေါက်သီးရိုက်ကလပ်၌ လက်နက်ကိုင်ဆောင်ထားသူတစ်ဦးကို ဖက်ဒရယ်အေးဂျင့်တစ်ဦးက ပစ်ခတ်ခဲ့စဉ်အတွင်း ဘေးကင်းရာသို့ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရဖူးသည်။

 

 Ref: The New York Times