ဘုရင့် နန်းတော်ရှေ့ ရောက်လာပြီ ဖြစ်သော ထိုင်း ဆန္ဒပြ ပြည်သူများ

by Hla Soewai - Sep 21 2020

ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် ထိုင်းပြည်သူများ၏ ဆန္ဒပြမှုများသည် အရှိန်အဟုန် မြင့်လာသည်နှင့် အမျှ တခါက မထိရဲ မတို့ရဲဖြစ်ခဲ့တဲ့ ထိုင်း ဘုရင်၏ထီးနန်းကိုပါ ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။

 

စနေနေ့တွင် ထိုင်းဘုရင် နန်းတော်ရှေ့က ရင်ပြင်ကြီး မှာ စုရုံးလာကြပြီး စစ်တပ်ဩဇာခံ အစိုးရ ကို ပြောင်းပေးရန်၊ စစ်တပ် ဖွဲ့စည်းပုံ ကို ပြင်ဆင်ရေးဆွဲရန် နှင့် ၎င်းတို့ ခေါင်းပေါ်တင်ကာ အကြောက်တရားနဲ့ ကိုးကွယ်နေရတဲ့ ထီးနန်းကိုပါ အန္တရာယ်များလှသည့်ကြားမှ ဆန့်ကျင်လာနေကြပါတယ်။

 

ဘုရင်ကို ဆန့်ကျင်သူများ သည် တိုင်းပြည်မှ ထွက်ပြေး သွားခဲ့ရရုံမက အချို့မှာအသက်ပင် ဆုံးရှုံးသွားရတဲ့ အထိ ဖြစ်လာနေတာကို လက်မခံနိုင်အောင် ဖြစ်လာပါတယ်။ အချို့ဆိုလျှင် ဝမ်းဗိုက်ထဲကို ကွန်ကရိတွေ လောင်းထည့်ပြီး အသတ်ခံရတယ်လို့ ဆိုပါတယ်။

 

ယခုနှစ် နွေရာသီ အတွင်း ဆန္ဒပြပွဲတွေအတွင်း လူထုကြီး က ငြိမ်ခံမနေတော့ဘဲ ပထမဆုံးအကြိမ် အဖြစ် ထိုင်း တော်ဝင်မိသားစုကို အပြင်းအထန် ဝေဖန်ကန့်ကွက်လာခဲ့ကြပြီ ဖြစ်ပါတယ်။

 

သမ္မာဆက် တက္ကသိုလ် ကျောင်းတိုက်ကြီး အတွင်းရှိ ဘော်လုံးကွင်းမှ အစပျိုးခဲ့တဲ့ ဆန္ဒပြပွဲများသည် သီတင်းအပတ်ကုန် နှစ်ရက်လုံး အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပြီး ၂၀၁၄ စစ်တပ်အာဏာသိမ်းပြီးနောက် တွင် အကြီးကျယ်ဆုံး ဖြစ်တယ်လို့ မီဒီယာများက ဖေါ်ပြခဲ့ကြပါတယ်။

 

ထိုင်း သည် လောလောဆယ်တွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ် အခြေအနေ ကြေငြာထားပြီး ဖြစ်တာကြောင့် လူစုလူဝေး ပြုလုပ်ခြင်း များ သည် တရားမဝင် သဘော သက်ရောက်နေပါတယ်။

 

သို့သော် ဆန္ဒပြသူများဟာ ထရပ်ကားများ ပေါ်မှ ရေပိုက်ကြီးများဖြင့် ဒလကြမ်း ထိုးနှက်နေသည်ကြားမှ ဖြတ်ကျော် ချီတက်သွားနိုင်ခဲ့ကြပြီး ဘုရင်နန်းတော်ရှေ့ရှိ ဆာနမ် လူအမ် ရင်ပြင်ကြီး မှာ စုရုံးနိုင်ခဲ့ကြပါတယ်။ ထိုရင်ပြင်ကြီးအား ၂၀၁၂ ခုနှစ်အတွင်း နန်းတော်အတွက်သာ သုံးရန်ဆိုပြီး အများပြည်သူ အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ကြပါတယ်။ ယခုအခါ ဆန္ဒပြသူများက မိမိတို့ ပြည်သူများပိုင် ရင်ပြင် ဆိုပြီး ပြန်လည် သိမ်းပိုက်လိုက်ကြတာလည်း ဖြစ်ပါတယ်။ ရဲအဖွဲ့သည် ကွင်းထဲမှ ဖယ်ရှားပေးရန် ရာဇသံပေးလာတာကိုလည်း မတုန်မလှုပ် ဆက်လက်စုရုံးနေကြပါတယ်။

 

ဆန္ဒပြသူများသည် နှာခေါင်းစည်းများ တပ်ထားကြပြီး မိုးတဖွဲဖွဲ ရွာနေသည့် ကြားမှ လုပ်အားပေးများက လက်ဆေးရည်များ၊ ထီးများ လိုက်လံဝေငှပေးခဲ့ကြပါတယ်။ ထီးနန်းကို ဆန့်ကျင် ဝေဖန်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ဒဏ် ကျခံရမှာကို အမှုမထားပဲ ရောက်ရှိလာကြသူများလည်း ဖြစ်ပါတယ်။

 

အခြေအနေများက ယခင်လများ နှင့် မတူပဲ ပိုပြီး တင်းမာလာနေသော်လည်း ဆန္ဒပြသူများမှာ အနေအထား မပျက်၊ အိမ်က ယူလာတဲ့ ဖျာများခင်းကာ အေးအေးလူလူ နဲ့ စားသောက်နေကြပါတယ်။ အနီးအနားမှာလည်း ဈေးတန်းပင် ပေါ်လာပြီး တေးဂီတ ဝိုင်းများကလည်း ဆန္ဒပြ သီချင်းများ တီးမှုတ် ဖျော်ဖြေပေးနေကြပါတယ်။

 

ထိုင်းပြည်သူများသည် စစ်တပ်အာဏာသိမ်းမှုများကို လမ်းပေါ်ဆန္ဒပြပွဲများနဲ့ အကြိမ်ကြိမ် အခါခါ တွန်းလှန်လာနိုင်ခဲ့၍ ရွေးကောက်ပွဲ များ ကဲ့သို့ပင် အစိုးရ များ ပြောင်းလဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသူများ ဖြစ်ပါတယ်။ သို့သော် ယခုအခါ ဆန္ဒပြပွဲများသည် ယခင်ကလို ပါတီစွဲများ မပါတော့ပဲ ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက် တိုက်ပွဲဝင်လာနေခြင်း ဖြစ်ပါတယ်။ ထိုင်းသည် ယခင်က ဒီမိုကရေစီ ခံတပ်ကြီး အဖြစ် ဒေသအတွင်း အလံတလူလူ လွှင့်ထားနိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

 

ယခု ဆန္ဒပြပွဲများသည် ထိုင်းနိုင်ငံတွင် မည်သူ ခေါင်းဆောင် ဖြစ်သင့်သည် ဆိုသည်များ နှင့် မပတ်သက်ဘဲ ဒီမိုကရေစီ ကို တန်ဖိုးထားရေး နဲ့ လူဂုဏ်သိက္ခာ တရားများ အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို မဟီဒေါ တက္ကသိုလ်မှ ကထိက တဦးက ပြောပါတယ်။

 

အစိုးရ ထောက်ခံတဲ့ လက်ယာသမားများက အမေရိကန်မှ ဆန္ဒပြသူများကို ပံ့ပိုးပေးနေတယ်လို့ သက်သေ အထောက်အထား မရှိ စွပ်စွဲလာတဲ့ အတွက် ဘန်ကောက်ရှိ အမေရိကန် သံရုံးက အလျှင်အမြန် ကြေငြာချက်ထုတ်ပြီး ငြင်းဆိုခဲ့ရပါတယ်။

 

ထိုင်းဆန္ဒပြပွဲများသည် ကျောင်းသားများကို စစ်တပ်ပုံစံ ဆံပင်တို ထားရန်၊ ဆရာများ ရှေ့ တွင်ကိုယ်ကို ညွှတ်ပြီး သွားရန် အစရှိတဲ့ တင်းကျပ်တဲ့ ကျောင်းစည်းကမ်းတွေအပေါ် ကန့်ကွက်ရာက စတင်လာခဲ့တာ ဖြစ်ပါတယ်။

 

ထိုင်းသည် ယခုအခါ ကော်ရိုနာ ဗိုင်းရပ်စ် ရန်ကို လူ ၆၀ အသေအပျောက်နဲ့ လွန်မြောက်သွားခဲ့သယောင် ရှိလာတာနဲ့ အမျှ ကျောင်းသား ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာနေခဲ့ပါတယ်။

 

ခေါင်းဆောင်မှု မရှိဘဲ စတင်လာခဲ့တဲ့ ဆန္ဒပြပွဲများက ရွေးကောက်ပွဲ အသစ်တဖန် ကျင်းပရန်၊ ဖွဲ့စည်းပုံ ဥပဒေ အသစ် ရေးဆွဲရန် နှင့် နိုင်ငံရေး သဘောကွဲလွဲသူများ ကို ဖမ်းဆီး နှိပ်ကွပ်တာတွေ ရပ်ဆိုင်းရန် ကို အဓိက ထား တောင်းဆိုရာကနေ ဩဂုတ်လအတွင်း မှာတော့ ဘုရင်အား ဥပဒေ အထက် တွင် ရှိရမည် ဆိုသည်ပါ ဖယ်ရှားပေးရန် ပါဝင်တဲ့ အချက် ၁၀ ချက်အထိ တောင်းဆိုလာခဲ့ကြပါတယ်။

 

လွန်ခဲ့တဲ့ အပတ်အတွင်း ထိုင်းဘုရင်၏ တန်ခိုးထွားလာနေတဲ့ အာဏာကို ထိန်းချုပ်ပေးရန် တောင်းဆိုမှု နဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးအား ထောင်ဒဏ် ၇ နှစ် အထိ အပြစ်ပေးနိုင်တဲ့ နိုင်ငံ ပြိုကွဲရေး ပုဒ်မများနဲ့ စွဲချက်တင် ဖမ်းဆီးခဲ့ပါတယ်။

 

ထိုင်း သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ၁၉၃၂ တွင် ပယ်ဖျက်ခံခဲ့ရပြီးနောက် စည်းမျဉ်းခံ ဘုရင်စနစ် နဲ့ အုပ်ချုပ်လာခဲ့ရာက တဖြေးဖြေး တန်ခိုးဩဇာ ကြီးထွားလာခဲ့ပါတယ်။ ယခုအခါ ထိုင်းဘုရင့်မိသားစုသည် ကမ္ဘာတွင် အချမ်းသာဆုံး စာရင်းဝင်လာခဲ့ပြီး အသက် ၆၇ ခုနှစ် ရှိပြီဖြစ်တဲ့ ဘုရင်ဖြစ်သူ ဗီဂျီယာလောင်ကွန်းသည်လည်း ဂျာမဏီရှိ ဘာဗေရီယား အယ်လ်တောင်တန်း အနီး ဟိုတယ်ကြီး တခုတွင် မောင်းမမိဿံများနဲ့ ပျော်ပါးနေဆဲ ဖြစ်ပါတယ်။ ဘုရင် အချစ်တော် ခွေးကိုပင် စစ်ရာထူး ခန့်အပ်ထားတဲ့အတွက် ထိုင်းစစ်သားများက အလေးပြုနေရပါတယ်။

 

စနေညအထိတော့ ဆန္ဒပြသမားများ ၏ စိတ်တွင် ပွဲတော်သွား ပွဲတော်လာ အသွင် ရှိနေကြပေမယ့် ဆန္ဒပြပွဲတိုင်း သွေးထွက်သံယို မှုများ နဲ့ အဆုံးသတ်ခဲ့ရတဲ့ သမိုင်းကြောင်းကိုတော့ မမေ့မပျောက် ရှိကြပုံ ရတယ်လို့ သတိထားမိကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ လက်ရှိဆန္ဒပြပွဲများကို ယခင် ရှပ်နီများ နဲ့ အတွေ့အကြုံရှိပြီးသူများက ဦးဆောင်လာတာ တွေ့ရပါတယ်။

 

၂၀၁၀ အတွင်း ရက်သတ္တပတ်ပေါင်းများစွာ မြို့လယ်ခေါင်ကို သိမ်းပိုက်ထားကြတဲ့ ရှပ်နီများအား လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ၁၀၀ နီးပါး သေဆုံးသွားခဲ့ရဖူးပါတယ်။ ၁၉၇၆ နဲ့ ၁၉၉၂ မှာ ဆန္ဒပြပွဲများကြောင့် တက္ကသိုလ်ကျောင်းသား အများအပြားလည်း သွေးမြေကျခဲ့ရပါတယ်။

 

ယခုအကြိမ်လည်း လူအများအပြား သေဆုံးနိုင်ဖွယ် ရှိနေပေမယ့် မိမိတို့ရဲ့ လူနေမှု ဘဝများ လွတ်လပ်ခွင့် ရရှိအောင်တော့ စွန့်စားတိုက်ပွဲဝင်သွားရမှာ ဖြစ်တယ်လို့ ဆန္ဒပြသူတဦးက ပြောပြခဲ့ပါတယ်။

 

နောက်ဆုံးရရှိသော သတင်းများ အရ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဘုရင် စနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုချက်များကို ရဲအဖွဲ့ အာဏာပိုင်များထံ ပေးအပ်လိုက်ပြီးနောက် မိမိတို့ ဆန္ဒပြမှုများသည် အောင်မြင်ကြောင်း ကြေငြာရင်း နှစ်ရက်ကြာ ဆန္ဒပြမှုများကို လူစုခွဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ် ပရာရွတ် ချန် အို ချန်အိုချာမှ ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်အောင် ပူးပေါင်းခဲ့ကြတဲ့ ရဲအဖွဲ့နဲ့ ဆန္ဒပြသူများကို ကျေးဇူးဥပကာရ တင်ရှိကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

ထိုင်း ဘုရင် များအား ယခင်က နတ်ဘုရား အလား ယုံကြည် သက်ဝင်မှုများအား ပြောင်းလဲရန် သင့်ပြီဟု သော အယူအဆများ ထိုင်းလူထု အကြားတွင် ပျံ့နှံ့လိုက်လာနေပြီလည်း ဖြစ်ပါတယ်။

 

 

(၂၀၂၀ စက်တင်ဘာ ၁၉ ရက် နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာပါ "Protest Shake Bangkok, Challenging Old Guard’s Grip on Thailand” ဆောင်းပါးကို ကိုးကားသည်)