အမေရိကန် တွင် အမြဲတမ်းနေထိုင်ခွင့် Green Card လျှောက်မည့်ဆိုက မိခင်နိုင်ငံ ရှိ သံရုံးက တဆင့် လျှောက်ရမည်ဟု ထရမ့် အစိုးရ ကြေညာ

by Hla Soewai - May 25 2026

အမေရိကန် အစိုးရ က အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေအရ အမေရိကန်နိုင်ငံထဲ ရောက်ရှိနေပြီးသား ယာယီဗီဇာ ကိုင်ဆောင်ထားသူတွေ (ဥပမာ - ကျောင်းသား၊ ကမ္ဘာလှည့်ခရီးသည် သို့မဟုတ် အလုပ်ဗီဇာသမားများ) အနေနှင့် အမြဲတမ်းနေထိုင်ခွင့် Green Card လျှောက်ထားလိုပါက မိမိတို့၏ မိခင်နိုင်ငံ သို့ ပြန်ပြီးမှသာ သံရုံးကတစ်ဆင့် လျှောက်ထားရမည်ဟု သတ်မှတ်လိုက်ပြီ ဖြစ်သည်။

 

ယခင်ကကဲ့သို့ အမေရိကန်နိုင်ငံထဲမှာတင် နေထိုင်ရင်း Green Card အဖြစ် အဆင့်ပြောင်းလဲလျှောက်ထားခွင့် (Adjustment of Status) ကို H-1B ကဲ့သို့ Dual Intent ဗီဇာရှိသူများ သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့် ရထားသူများ မှ လွဲရင် အထူးကိစ္စအဖြစ်သာ သတ်မှတ်စဉ်စားမည် ဖြစ်ပြီး ကျန် လျှောက်ထားသူများ ပိတ်ပင်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု နယူးယောက် တိုင်းမ် သတင်းစာတွင် ယနေ့ ပါရှိလာခဲ့သည်။

 

ယင်းသည် ထရမ့် အစိုးရ မှ ယဉ်‌ယဉ် ကလေး ရုံခါ လိုက်ခြင်းပင် ဖြစ်သည်။

 

 လက်ရှိ အမေရိကန်တွင် ရောက်နေသည့် မြန်မာနိုင်ငံသားများအဖို့ အဓိက သတိပြုရမည့် အချက်များ ရှိလာသည်။

 

မြန်မာပြည် ပြန်ပြီးမှ Green Card လျှောက်ထားရမည့်အခြေအနေ ကြုံလာရရင် အောက်ပါအချက်တွေကြောင့် အလွန်အန္တရာယ်များပြီး အခက်အခဲရှိလာနိုင်သည်။

 

လက်ရှိ Trump အစိုးရ၏ မူဝါဒ များ အရ နိုင်ငံအတော်များများက ရောက်လာမည့် သူများကို ပြည်ဝင်ခွင့် ကန့်သတ်ထားခြင်း၊ သို့မဟုတ် Immigrant Visa ထုတ်ပေးမှုကို ဆိုင်းငံ့ ထားခြင်းမျိုး ရှိနေသည်။

 

 မြန်မာပြည်ပြန်ပြီး ဗီဇာလျှောက်တဲ့အခါ အချိန်အကြာကြီး စောင့်ရဖို့ ရှိနေခြင်း သို့မဟုတ် ဗီဇာအပယ်ခံရပြီး အမေရိကန်သို့ ပြန်မလာနိုင်တော့သည့် ရှေ့မတိုးသာ မနောက်ဆုတ်သာ အခြေအနေမျိုး ဖြစ်သွားနိုင်သည်။

 

အမေရိကန်တွင် ဗီဇာသက်တမ်းကျော်ပြီး တရားမဝင် ဆက်လက်နေထိုင်ခဲ့ဖူးသူများ အနေနှင့် အမေရိကန်နိုက ထွက်ခွာလိုက်သည်နှင့် တပြိုင်နက် (၃) နှစ် သို့မဟုတ် (၁၀) နှစ်အထိ အမေရိကန်ပြည်ထောင်စုထဲ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ ဥပဒေ နှင့် ချက်ချင်းလို အကျုံးဝင် သွားမည် ဖြစ်သည်။

 

အမေရိကန်နိုင်ငံသားနှင့် လက်ထပ်ထားသူ ဖြစ်စေဦးတော့၊ ယခု ဥပဒေသစ်အရ မြန်မာပြည်ပြန်ပြီးမှ ဗီဇာစောင့်ရမည်ဆိုက ဗီဇာကျဖို့ လပေါင်းများစွာ သို့မဟုတ် နှစ်ချီကြာမြင့်နိုင်သည့် အတွက် လင်မယားချင်း သို့မဟုတ် မိသားစုချင်း ရေရှည်ကွဲကွာရမည့် အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်။

 

လက်ရှိ အမေရိကန်ရောက် မြန်မာများ အတွက် ယခုဥပဒေသစ်သည် အလွန်နောက်ကျောမအေးစရာ ကောင်းပြီး ရှုပ်ထွေး‌ နေတာ ကြောင့် မြန်မာပြည်သို့ မပြန်ခင် သို့မဟုတ် အဆင့်တစ်ခုခု မလုပ်ဆောင်ခင် ကျွမ်းကျင်တဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးရှေ့နေ နှင့် မဖြစ်မနေ အမြန်ဆုံး တိုင်ပင်ဆွေးနွေးရမည် ဖြစ်သည်။

 

မိမိ၏ လက်ရှိ ဗီဇာအမျိုးအစား သည် ဥပဒေသစ်အရ ကင်းလွတ်ခွင့်ရသည့် အထဲ ပါဝင်သလား ဆိုတာကို သေချာစစ်ဆေးရမည် ဖြစ်သည်။

 

တရားဝင် ဗီဇာသက်တမ်း ရှိနေသေးပါက သက်တမ်းကုန်ဆုံးမသွားအောင် စနစ်တကျ ထိန်းသိမ်းထားရမည်။ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားဆဲ သို့မဟုတ် ရရှိထားသူ ဖြစ်ပါက ယခု ဥပဒေ၏ သက်ရောက်မှု ရှိမရှိ ရှေ့နေနဲ့ သေချာတိုင်ပင်ရမည် ဖြစ်သည်။

 

ယခု ဥပဒေသည် အမေရိကန်နိုင်ငံတွင်းရှိ တရားဝင် ဗီဇာနဲ့ ရောက်နေသူများကိုပါ အကြီးအကျယ် သက်ရောက်မှုရှိစေတာမို့ ဥပဒေကြောင်းအရ မိမိကိုယ်ကို အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံး ပြင်ဆင်ထားကြရမည် ဖြစ်သည်။