မြန်မာ စစ် ခေါင်းဆောင်များက မြေရှား သတ္တု အကြောင်းပြ၍ ထရမ့် နှင့် ပလူးပလဲ လုပ်ချင်နေသော်လည်း Quad ကတော့ ထိုသို့ ဖြစ်လာမည် မဟုတ်ဟု သက်သေ ပြလိုက်ပြီ ဖြစ်သည်ဟု မြန်မာ အရေး လေ့လာသုံးသပ်သူ ဂျိမ်းရွှေက DVB တွင် ရေးသားလာသည်။
ရဲဝင်းဦးသည် မြေသား သတ္တု နှင့် နယ်ခြားကုန်သွယ်ရေး အကြောင်းပြ၍ စစ်အုပ်စု သက်ဆိုး ရှည် ဖို့ လောင်းကြေးထပ် ကစားလာနေပြီ ဖြစ်သည်။
မြေပုံပေါ်တွင် နယ်မြေပြန်စိုးမိုးဖို့တင်မကဘဲ တရုတ်နယ်စပ်တောက်လျှောက် ရှိ မြေရှားသတ္တုခါးပတ်ဇုန်ကို သိမ်းပိုက် ရန် နှင့် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ဆီ ဦးတည်သည့် အဓိက လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ရန် အတွက် ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေထဲကို လူအင်အား၊ ဗုံး များ ငွေကြေး အမြောက်အမြား ပုံအော သုံးစွဲ လာခဲ့သည်။
၎င်းတို့ စိတ်ကူး ဖဲရိုက် နေသည်က သတ္တုတွင်းများကို ပြန်လည်သိမ်းပိုက်၊ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပြီး ဒေါ်နယ်ထရမ့် အစိုးရဆီ ချဉ်းကပ်ကာ ၎င်းတို့ကို "မဟာဗျူဟာမြောက် မိတ်ဖက်" အဖြစ် သတ်မှတ်ပေးလာ စေရန် အတွက် အမေရိကန်က လိုလားနေသည့် "အရေးပါသော တွင်းထွက်သတ္တု များ ကို ကမ်းလှမ်းဆွေးနွေးနိုင်ရန်ပင် ဖြစ်သည်။
သို့သော် မေလ ၂၆ ရက်နေ့ နယူးဒေလီ တွင် ပြုလုပ်ခဲ့သည့် အမေရိကန်၊ ဩစတေးလျ၊ ဂျပန် နှင့် အိန္ဒိယ လေး နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားသည့် QUAD နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှ ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များ ချေဖျက်လိုက်ပြီ ဖြစ်သည်။
လွတ်လပ် ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြသည့် အဆိုပါ လေး နိုင်ငံ မှ ကိုယ်စားလှယ် များသည် "အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ မူဘောင်အသစ်" တခုနှင့် အတူ မြန်မာနှင့် ပတ်သက်ပြီး ပြတ်သားသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြသည်။
QUAD မှ ပေးလိုက်သည့် သဝဏ်လွှာကတော့ ရှင်းလင်း ပြတ်သားလှ ပေသည်— "ကမ္ဘာ့နိုင်ငံ များသည် မြန်မာ့သယံဇာတ များ အတွက် ပြိုင်ဆိုင်ကြလိမ့်မည်၊ သို့သော် နေပြည်တော်က လူတွေနဲ့ တော့ လူသိရှင်ကြား ပူးပေါင်းရပ်တည်ဖို့ ဘယ်သူမှ အဆင်သင့်မဖြစ်သေးဘူး" ဆိုသည်ပင် ဖြစ်သည်။
QUAD ၏ ကြေညာချက်တွင် ယခုလို ပါရှိလာခဲ့သည်။
“မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ၎င်းကြောင့် ဒေသတွင်းအပေါ် သက်ရောက်မှုများအပေါ် ကျွန်ုပ်တို့ ဆက်လက်စိုးရိမ်မိပါသည်။ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ ထပ်လောင်းထောက်ခံပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက် လျော်ကန်အဆင်ပြေသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအားလုံး၊ ထိခိုက်ခံစားရသည့် အုပ်စုအားလုံးအကြား ဆွေးနွေးပွဲများ ဖော်ဆောင်ရန် တောင်းဆိုပါသည်။ ထို့အပြင် ဤအကျပ်အတည်းကြောင့် ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပြန့်နှံ့လာခြင်းတို့အပေါ်တွင်လည်း ကျွန်ုပ်တို့ စိုးရိမ်ပူပန်မိပါသည်။”
အဆိုပါ ကြေညာချက်ကို လေ့လာဆန်းစစ်ကြည့်မည် ဆိုက အရေးပါသော အချက် သုံးချက်ကို အထင်အရှား တွေ့ကြရမည် ဖြစ်သည်။
ပထမအချက်သည်က၊ Quad သည် မြန်မာ့အရေးကို စစ်အုပ်စု အောက်တွင် “တည်ငြိမ်နေပြီဖြစ် သော” နိုင်ငံ တနိုင်ငံ အဖြစ် မရှုမြင်ဘဲ၊ ဆက်လက်ဖြစ်ပွား နေသည့် “ပဋိပက္ခ” တခုအဖြစ် ပြတ်ပြတ်သားသား ပုံဖော်သုံးနှုန်းထားခြင်း ဖြစ်သည်။ ထိုသို့ သုံးနှုန်း လိုက်ခြင်းကပင် စစ်ဗိုလ်ချုပ်များ အလွန်အမင်း ဆာလောင်မွတ်သိပ်နေသည့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုကို ငြင်းပယ်လိုက်ခြင်း ပင် ဖြစ်သည်။
ထို နိုင်ငံသည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသည့် “ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခ” တခုကို ဦးဆောင်နေသည့် နိုင်ငံမျိုးသည် မိတ်ဖက်တဦး အဘယ်သို့များ ဖြစ်လာနိုင်ပေမည်နည်း၊ ထိန်းကျောင်းကိုင်တွယ်ရမည့် “ပြဿနာကြီး ” အဖြစ် သာလျှင် ရှိနေပေလိမ့်မည်။
ဒုတိယအချက် အဖြစ် Quad သည် တော်လှန်ရေးအင်အားစု များ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များက ၂၀၂၁ ခုနှစ်ကတည်းက တောင်းဆိုလာခဲ့သည့် အဓိကတောင်းဆိုချက် များကို ထပ်လောင်းပြောကြားလာသည်ကို တွေ့ရမည် ဖြစ်သည်။
ဤသည်ကပင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာ လုပ်ဆောင်နေခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းနှင့် အကူအညီ များကို ပိတ်ဆို့ဖြတ်တောက်နေခြင်း စသည့် စစ်အုပ်စု၏ လက်ရှိကျင့်သုံးနေသည့် မဟာဗျူဟာများနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေသည်။
တတိယအချက်သည်ကား စစ်ဗိုလ်ချုပ်များ ဖက်က အမြင်မျိုး လိုက်ပါ လုပ်ဆောင်မည့် အစား၊ QUAD သည် ၎င်းတို့၏ ချဉ်းကပ်မှုကို အာဆီယံ (ASEAN) ၏ ကြိုးပမ်းအားထုတ်မှု များ နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တို့အပေါ်မှာသာ အခြေခံထားသည်ကို တွေ့လာရမည် ဖြစ်သည်။
ထိုအချက်များသည် လွန်စွာ မှပင် အရေးပါလှသည်။ အဘယ့်ကြောင့်ဆိုသော် သံတမန်ရေးရာ “လုပ်ငန်းလည်ပတ်မှုစနစ်” သည် မင်းအောင်လှိုင်၏ စစ်တပ် အားကိုးနေသည့် အုပ်ချုပ်ရေးယန္တရားကို တရားဝင်မှုပေးရန် မဟုတ်ဘဲ၊ ၎င်းတို့ အပေါ် ဆက်လက်ဖိအားပေးရန် နှင့် ပဋိပက္ခ တွင် ပါဝင် ပတ်သက်နေသည့် အခြားအင်အားစု အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံဖို့အပေါ်မှာသာ အခြေခံ တည်ဆောက်ထားဆဲ ဖြစ်သည် ကို ဖေါ်ကျုး နေ၍ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများကို ပေါ်ပေါ်ထင်ထင် ထောက်ခံအတည်ပြုပေးလိုက်တာမျိုးတော့ မဟုတ်။ သံခင်းတမန်ခင်း ဆိုသည်က ညှိနှိုင်းဆွေးနွေးဖို့ လမ်းစအနည်းငယ် ရှိ နေသေးသည်ဟု ယူဆနေသရွေ့ လူသိရှင်ကြား မည်သို့မျှ ပြောလေ့ပြောထ မရှိကြ၍ ဖြစ်သည်။
QUAD ၏ ကြေညာချက်သည် စစ်ဗိုလ်ချုပ်များ လိုလားသည့် ၎င်းတို့အား မြေရှားသတ္တုဆိုင်ရာ မိတ်ဖက်အဖြစ် လက်ခံကြိုဆို လိုသည့် အသုံးအနှုန်းမျိုးနှင့် တော့ အဝေးကြီး လိုနေ ပေသေးသည်။
ဆောင်းပါးရှင်က ဆက်လက် ထောက်ပြထားသည် မှာ ထိုသို့သော ကြေညာချက်မျိုးကို "အလကားပါ၊ ဘာမှ ထူးမခြားနား" ဟု မမှတ်ယူသင့်။
မည်သည့် အင်အားကြီး နိုင်ငံ အစိုးရကမျှ စစ်အုပ်စုကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် မထောက်ခံသေးသရွေ့ စစ်ဗိုလ်ချုပ်များ ရှုံးနိမ့် နေဆဲ ဆိုသည်ကို သဘော ပေါက်ကြရမည် ဖြစ်သည်။ စစ်အုပ်စုသည် ကြားညပ်နေသည့် အခြေအနေဆိုးတရပ်တွင် ပိတ်မိနေကြခြင်းသာ ဖြစ်သည်။— လူသတ်နိုင်လောက်အောင် အာဏာရှိသော်လည်း၊ တရားဝင်အသိအမှတ်ပြု ခံရဖို့အတွက်မူ လုံးဝ ညစ်နွမ်းလွန်းနေသူများအဖြစ် ရှိနေကြသည်။
နှစ်စဉ်နှစ်တိုင်း ထပ်ခါတလဲလဲ ထုတ်ပြန်နေသည့် စေ့စပ်သေချာစွာ ထည့်သွင်းထားသည့် "စိုးရိမ်ပူပန်မှု" များ ဆိုသည်က အလကားသက်သက်တော့ မဟုတ်။ ယင်းသည် စီးပွားရေးပိတ်ဆို့မှုများ၊ လက်နက်ပိတ်ဆို့မှုများ နှင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည့် သံခင်းတမန်ခင်း၏ "အခြေခံအုတ်မြစ်" ပင် ဖြစ်သည်။
တော်လှန်ရေးအင်အားစုများကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ထောက်ခံကြောင်း ကြေညာချက်တစ်စောင်တွင် တွေ့ရဖို့ထက် တကယ်တမ်း အရေးကြီးသည်က ငွေကြေး စီးဆင်းနေမှု ကို မည်သို့ ပိတ်ဆို့ နေသနည်း၊ ဘယ်လို အင်အားစုတွေကို အစည်းအဝေးတွေထဲ ဖိတ်ခေါ်နေသနည်း၊ ဘယ်သူ တွေ၏ ပတ်စပို့စ်တွေကို ဗီဇာတုံး ထုပေးနေသလဲ၊ ဘယ်သူ တွေ၏ ဘဏ်အကောင့်များကို ပိတ်ဆို့ ထိန်းချုပ် ထားသလဲ ဆိုသည်ပင် ဖြစ်သည်။
အဓိက ရန်သူသည်က သယံဇာတ ထုတ်ယူရေး ဦးစားပေး စီးပွားရေးစနစ် ပင် ဖြစ်သည်။ စစ်အုပ်စုသည်သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် မြေရှားသတ္တု များအား ထို မြေပေါ် တွင် နေထိုင်ကြသည့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ်ထက် ပိုပြီး တန်ဖိုးရှိသည်ဟု သတ်မှတ်ထားသည့် စနစ်ဆိုးပင် ဖြစ်သည်။
တော်လှန်ရေး အင်အားစု များ ခံယူရမည့် အချက် သုံးချက်ကိုလည်း ဆောင်းပါးရှင်က ထောက်ပြသွားခဲ့သည်။
ပထမအချက်အဖြစ် လက်ရှိ ကချင်၊ ချင်းနှင့် ကရင်ပြည်နယ်များ တွင် ပြုလုပ်နေသည့် စစ်ဆင်ရေးများသည် အောင်မြင်မည်ဟု ယုံကြည်ချက်ရှိ၍ လုပ်နေခြင်းမျိုး မဟုတ်ဘဲ ရေနစ်သူ လက်လှမ်းပြသလို မျှော်လင့်ချက်ကုန်ခမ်းလာ၍ အသည်းအသန် ရုန်းကန်နေရသည့် လက္ခဏာပင် ဖြစ်သည်။
စစ်အုပ်စုသည် တရားဝင်မှု လုံးဝ ဆုတ်ယုတ်ပျက်ပြယ်နေသည့် အခြေအနေ နှင့် ရင်ဆိုင်နေရ၍ တွင်းထွက်သတ္တုများ နှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ကို အသုံးချပြီး အဖတ်ဆယ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။
ဤသည်ကို ကြည့်၍ မိမိတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို လျော့ပါးစေမည့် အစား ပိုမိုခိုင်မာပြတ်သားလာအောင် တွန်းအားပေးရမည် ဖြစ်သည်။
ဒုတိယအချက် သည်က Quad အဖွဲ့၏ မြန်မာ အပေါ် သုံးနှုန်းချက်များအရ — အဆိုပါအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ အတွက် အရေးပါသည့် တွင်းထွက်သတ္တုများ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြသော်လည်း — စစ်အုပ်စုကို ပေါ်ပေါ်ထင်ထင် တရားဝင်အသိအမှတ်ပြုဖို့ တံခါးကိုတော့ လုံးဝပိတ်ဆို့ထားဆဲဖြစ်ကြောင်း ပြသနေသည်။
ယခုလို ရှေ့နောက်မညီ ဆန့်ကျင်ဘက် အခြေအနေများ ကို မိမိတို့ဘက်က အခွင့်ကောင်းယူ အသုံးချနိုင်သည်။ ဤသည်က သယံဇာတတွေ များ နှင့်ပတ်သက်ပြီး မည်သို့သော ထိတွေ့ဆက်ဆံမှုမျိုးမဆို ပြည်သူကို ကိုယ်စားပြုသည့် ယန္တရားများကတဆင့်သာ သွားရမည် ဆိုသည်ကို အစဉ်တစိုက် အလေးအနက် တောင်းဆို တွန်းအားပေးရန်ပင် ဖြစ်သည်။
တတိယအချက် အဖြစ် သံခင်းတမန်ခင်း သဘောအရ သတိကြီးစွာ သုံးနှုန်းထားသည့် ထုတ်ပြန်ချက်တိုင်းကို သစ္စာဖောက်မှုအဖြစ် ရှုမြင် နေခြင်းမျိုးကို ရပ်တန့်ပြီး၊ မိမိတို့အတွက် အသုံးချလို့ရမည့် "လက်နက်ကိရိယာများ" အဖြစ် စတင်ပြောင်းလဲ ကိုင်တွယ်အသုံးပြုကြရမှာ ဖြစ်သည်။
ထုတ်ပြန်ချက် တိုင်းသည် ၎င်းတို့ လည်မြိုတဝိုက်ရှိ ကြိုးကွင်းကို တစထက်တစ တင်းကျပ်အောင် ရစ်ပတ်လာခြင်းသာ ဖြစ်သည်ဟု မှတ်ယူသင့်သည်ဟု ဆိုသည်။
မျှော်လင့်ချက်တွေ မြင့်တက်လာတဲ့အခါတိုင်း၊ အဲဒီနောက်ကွယ်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပုန်းလျှိုးခိုအောင်းနေစမြဲပါပဲ။”
(အန်း ဘရွန်တေး)
Where hope rises fear must lurk behind.
Anne Brontë
ပြည်သူ တို့၏ တရားသော စစ် မုချ အောင်ရမည်!!!