ထိုဝေဝါးဝါး မြင်ကွင်း... ထိုဝေဝါးမှုသည် ကျွန် တော် ၏မျက်စိရှေ့တွင် ရိပ်ခနဲ ဖြတ်ပြေးသွားသော ကျွန် တော့် ဘဝဇာတ်ကြောင်းပင် ဖြစ်သည်။ သို့သော် အလွန်အမင်း မြန်ဆန်စွာ လည်ပတ်သွားသဖြင့် ကျွန်တော် သေသေချာချာ မမြင်လိုက်ရ။ မြင်လိုက်ရသည်မှာ ကျွန် တော် ကိုယ်တိုင် ဖြစ်သော်လည်း ဆန်းကြယ်သည်မှာ ကျွန် တော် ၏ဘဝသည် ပြောင်းပြန် ပြန်လည်လည်ပတ်သွားခြင်း ဖြစ်သည်။
အဆောက်အအုံပေါ်မှ ပြုတ်ကျ၍ ပလက်ဖောင်းပေါ်တွင် ဖရိုဖရဲ ဖြစ်သွားရသူတဦးသည် ရုတ်တရက် လေထဲသို့ ခုန်တက်ကာ ပြတင်းပေါက်ဆီသို့ နောက်ပြန် ပျံသန်းဝင်ရောက်သွားသည့် ရုပ်ရှင်ဇာတ်ကွက်များကဲ့သို့ပင်။
ကျွန် တော် ဘဝသည်လည်း ထို့အတူပင် ဖြစ်ပြီး၊ အရောင်အသွေး စုံလင်လှသော နောက်ခံကားချပ်ကို ဖြတ်သန်းကာ နောက်ပြန် အပြင်းအထန် ပြေးလွှားနေခဲ့သည်။ ကျွန် ဝောာ်၏ ခန္ဓာကိုယ် အရွယ်အစားသည် တဖြည်းဖြည်း သေးငယ်သွားပြီး ဆယ်ကျော်သက်ဘဝ၊ ထို့နောက် ကလေးဘဝ၊ နောက်ဆုံးတွင်မူ တွားသွားတတ်စ အရွယ် ကလေးငယ်ဘဝသို့ ရောက်ရှိသွားသည်။ ထို့နောက် ရှောင်လွှဲ၍မရစွာပင် လူသားတိုင်း၏ မိခင်များ ပိုင်ဆိုင်ထားသော ထိုတံခါးပေါက်မှတဆင့် ကိုယ်လုံးတီးဖြင့် အော်ဟစ်ငိုကြွေးရင်း၊ အလင်းရောင်ဟူသမျှ ကွယ်ပျောက်ရာ တွင်းနက်ကြီးထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ထိုနောက်ဆုံး လက်ကျန် အလင်းမှိန်မှိန်လေး ကွယ်ပျောက်သွားချိန်တွင် ကျွန် တော် စိတ်ထဲ၌ အတွေးတခု လက်ခနဲ ပေါ်လာမိသည်။ သေလုမြောပါးဖြစ်ပြီးမှ အသက်ပြန်ရှင်လာသူများ မြင်တွေ့ရတတ်သည့် “ဥမင်လိုဏ်ခေါင်း အဆုံးက အလင်းရောင်” ဆိုသည်မှာ ကောင်းကင်ဘုံ မဟုတ်တန်ရာ။ သူတို့ မြင်လိုက်ရသည့်အရာသည် သူတို့ ရှေ့ဆက်သွားရမည့် လမ်းခရီး မဟုတ်ဘဲ၊ သူတို့၏ နောက်ကွယ်မှာ ကျန်ရစ်ခဲ့သည့် အတိတ်လမ်းကြောင်း ဖြစ်နေဖို့က ပို၍ အဓိပ္ပာယ်ရှိမနေဘူးလား။
ယင်းသည် ကျွန် တော် တို့အားလုံး ဖြတ်သန်းခဲ့ရဖူးသည့် ပထမဆုံး ဥမင်လိုဏ်ခေါင်း၏ စကြဝဠာဆိုင်ရာ အမှတ်သညာတစ်ခု ဖြစ်နိုင်ပြီး၊ ထိုလိုဏ်ခေါင်းအဆုံးက အလင်းရောင်သည် မိခင်ဝမ်းတွင်းက အမှောင်ထုကို ထိုးဖောက်ကာ၊ မှိတ်ထားသော ကျွန် တော် တို့၏ မျက်ခွံများကို နှောင့်ယှက်ပြီး၊ ကျွန် တော် တို့ကို သေခြင်းတရားနှင့် မလွဲမသွေ ဆုံတွေ့ရမည့် လမ်းကြောင်းဆီသို့ သွေးဆောင်ခေါ်ယူနေခြင်း ဖြစ်ပေလိမ့်မည်။ ကျွန် တော်သည် အော်ဟစ်ရန် ပါးစပ်ကို ဟလိုက်ပြီး... မျက်လုံးများကို ဖွင့်လိုက်မိတော့သည်။
ကျွန်တော်သည် အဖြူရောင် ကုလားကာတခုဖြင့် ကာရံထားသော ကုတင်တလုံး ပေါ်တွင် အဖြူရောင် အိပ်ယာခင်းအောက်၌ လှဲလျောင်းနေသည်။ ကုလားကာ၏ ဟိုဘက်ဆီမှ နတ်သမီးများကဲ့သို့ သာယာညင်သာသော အသံများ၊ သတ္တုချင်း ထိခတ်မိရာမှ ထွက်ပေါ်လာသော ရေခဲတုံးလေးများလို တဒေါင်ဒေါင် အသံများ၊ ဖယောင်းပုဆိုး ကြမ်းပြင်ပေါ်၌ ဘီးလုံးများ လိမ့်ပါးသွားသည့်အသံ၊ နားမခံသာအောင် စူးစူးဝါးဝါး မြည်နေသည့် ရာဘာဖိနပ်သံများနှင့် အထီးကျန်နေသော လျှပ်စစ်စက်ပစ္စည်းများ၏ သနားစရာကောင်းလှသော “တီ... တီ...” မြည်သံများ ပျံ့လွင့်လာသည်။
ကျွန်တော်သည် ပါးလွှာသော ခရစ်ပ် ဂါဝန်အင်္ကျီတထည်ကို ဝတ်ဆင်ထားရသော်လည်း ၎င်းအင်္ကျီနှင့် အိပ်ယာခင်း၏ ပေါ့ပါးမှုနှင့်မလိုက်အောင်ပင်...လူကို အိပ်ချင်မူးတူး ဖြစ်စေပြီး လေးလံထိုင်းမှိုင်း နေသည်။အရေပြားနှင့် ခန္ဓာကိုယ်တခုလုံးသည် စစ်တပ်စောင်ကြမ်းကြီး ခြုံထားရသလိုမျိုး စူးစူးရှရှနှင့် နေရထိုင်ရ ခက်လှ၍ မလိုချင်ဘဲ ဇွတ်အတင်း အချစ် ခံ နေရသလို ဖိစီးလွန်းလှသည်။
အဖြူရောင် ကုတ်အင်္ကျီဝတ် ဆရာဝန်တဦးသည် ကျွန်တော့်ကုတင်ခြေရင်းတွင် ရပ်လျက်၊ စာဖတ်စွမ်းရည် ချို့ယွင်းနေသူတစ်ဦး၏ စူးစိုက်မှုမျိုးဖြင့် ကလစ်ဘုတ်ပေါ်မှ လူနာမှတ်တမ်းဇယားကို ဖတ်နေသည်။ သူသည် အာကာသရူပဗေဒ မဟာဘွဲ့သင်တန်းသားတဦးကဲ့သို့ ဖရိုဖရဲနှင့် မဖီးသင်ဘဲ ထားသော ဆံပင်များကို ပိုင်ဆိုင်ထားပြီး၊ သူ၏ ဖောင်းကားပြီး ထွက်နေသော ဗိုက်ပူပူကြီးမှာ ခါးပတ်ပေါ်မှ လျှံထွက်နေသည်။
သူသည် အသံဖမ်းစက်ငယ်လေးထဲသို့ တိုးတိုးလေး ရေရွတ်ပြောဆိုနေ၏ — “လူနာအား မီးလောင်ဒဏ်ရာ (ပထမအဆင့်)၊ မီးခိုးမွှန်ခြင်း၊ ဒဏ်ရာဒဏ်ချက်များနှင့် ဦးနှောက်တုန်လှုပ်ခြင်း ဝေဒနာများဖြင့် မနေ့က ဆေးရုံတင်ခဲ့သည်။ သူသည်—”
ထိုအချိန်တွင် ကျွန်တော် သူ့ကို စိုက်ကြည့်နေသည်ကို သူ သတိပြုမိသွားသည်။ “အော်... ဟဲလို... မင်္ဂလာနံနက်ခင်းပါ” ဟု သူက ဆိုသည်။ “ကျွန်တော်ပြောတာ ကြားရလား၊ ခေါင်းငြိမ့်ပြပါ။ အင်း... ကောင်းပြီ။ တခုခု ပြောနိုင်မလား၊ မပြောနိုင်ဘူးလား၊ ခင်ဗျားရဲ့ အသံအိုး ဒါမှမဟုတ် လျှာမှာ ဘာမှ ထိခိုက်ပျက်စီးသွားတာ မရှိပါဘူး။ ထိတ်လန့်တုန်လှုပ်နေတုန်းမို့ပါ။ ခင်ဗျားနာမည် မှတ်မိလား” ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ “ကောင်းပြီ! ဘယ်နေရာရောက်နေလဲ သိလား” ကျွန်တော် ခေါင်းခါပြလိုက်သည်။
“မနီလာ မြို့က ဆေးရုံတရုံမှာ။ ငွေပေးနိုင်ရင် အကောင်းဆုံး ဝန်ဆောင်မှုရတဲ့ ဆေးရုံပေါ့။ ဒီဆေးရုံမှာရှိတဲ့ ဆရာဝန်တွေအားလုံးဟာ MD ဘွဲ့တင် ရှိကြတာ မဟုတ်ဘူး၊ PhD ဘွဲ့တွေလည်း ရှိကြတယ်။ အဲဒါ ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ 'ဖိလစ်ပိုင် ဆရာဝန်များ' (Philippine Doctors - PhD) ပေါ့။ ပြီးတော့ MD ဆိုတာက 'မနီလာ ဆရာဝန်များ' (Manila Doctors - MD) ကို ပြောတာလေ။ ဟားဟား... စတာပါ။ အမှန်တော့ MD ဆိုတာက ဆေးဘက်ဆိုင်ရာ ဒေါက်တာဘွဲ့ (Medical Doctorate)၊ PhD ဆိုတာကတော့ ဒဿနိကဗေဒ ဒေါက်တာဘွဲ့ ကို ပြောတာပါ။ ဆိုလိုတာက ကျွန်တော်ဟာ မျက်စိနဲ့ မြင်ရတဲ့အရာကိုရော၊ မမြင်ရတဲ့အရာကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်တယ်ပေါ့ဗျာ။ မကြာသေးခင်က ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာတွေနဲ့ ယှဉ်ရင်တော့ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အားလုံးဟာ အတော်လေး ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။
ထိခိုက်မှုတချို့ ရှိတာတော့ မှန်ပေမဲ့ ခင်ဗျား သေသွားနိုင်တာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒုက္ခိတဖြစ်သွားနိုင်တာနဲ့စာရင် ဒါက မဆိုးလှပါဘူး။ အနည်းဆုံးတော့ လက်မောင်း ဒါမှမဟုတ် ခြေထောက်တစ်ဖက် ကျိုးသွားသင့်တာပေါ့။ အတိုချုပ်ပြောရရင် ခင်ဗျားဟာ တကယ့်ကို ကံကောင်းလွန်းပါတယ်။ ဒါပေမဲ့လည်း ဇာဇာဂါဘော ရဲ့ ဝုန်းဒိုင်းကြဲ ဆွဲဆောင်မှုမျိုးလို ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာမျိုး ခင်ဗျား ခံစားနေရမယ်လို့တော့ ကျွန်တော် သံသယဖြစ်မိတယ်။ ကျွန်တော့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ ကုသတာမျိုးကလွဲလို့ ကျန်တာ အကုန် အကြံပြုချင်ပါတယ်။ ကျွန်တော် အကြံပြုချင်တာကတော့ သူနာပြုဆရာမတယောက်ပဲ၊ ဒါပေမဲ့ လှလှပပလေးတွေ အားလုံးကိုတော့ ကျွန်တော်တို့ အမေရိကကို တင်ပို့လိုက်ကြပြီလေ။ ဘာမေးစရာ ရှိသေးလဲ။" (Zsa Zsa Gabor ဇာဇာဂါဘော သည် ဟောလိဝုဒ် မင်းသမီးဟောင်းတစ်ဦးဖြစ်သည်။)
ကျွန်တော် စကားပြောရန် ကြိုးစားသော်လည်း ဘာသံမျှ ထွက်မလာသဖြင့် ခေါင်းသာ ခါပြလိုက်မိသည်။ “ဒါဆိုလည်း အနားယူလိုက်ဦး။ အကောင်းဆုံး ဆေးဝါးကုသမှုဆိုတာ နှိုင်းရအမြင် ရှိခြင်းပဲဆိုတာ မှတ်ထားပါ။ ခင်ဗျား ဘယ်လောက်ပဲ ခံစားရခက်နေပါစေ... ခင်ဗျားထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့သူတယောက် ရှိနေသေးတယ်ဆိုတာကို သိပြီး စိတ်သက်သာရာ ရအောင် မွေးမြူပါဗျာ။”
စကား ဆုံးသည်နှင့် သူသည် ကန့်လန့်ကာကြားမှ လှစ်ခနဲ ထွက်သွားခဲ့ရာ ကျွန်တော် တယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ ကျွန်တော့်အထက်မျက်နှာကြက်က ဖြူဖွေးလို့။ ကျွန်တော့်အိပ်ယာခင်းကလည်း ဖြူဖွေးလို့။ ကျွန်တော် ဝတ်ထားသည့် ဆေးရုံဝတ်စုံကလည်း ဖြူဖွေးလို့။ အရာအားလုံး ဖြူဖွေးနေ၍ ကျွန်တော် အဆင်ပြေနေရမှာ ဖြစ်သော်လည်း အမှန်တကယ်တော့ ကျွန်တော် အဆင်မပြေ။
ကျွန်တော်သည် အဖြူရောင်အခန်းများကို မုန်းတီးလှပြီး ယခုမူ အာရုံလွှဲစရာ ဘာတခုမျှမရှိဘဲ ထိုကဲ့သို့သော အခန်းတစ်ခုထဲတွင် တယောက်တည်း အထီးကျန်နေရပြီ ဖြစ်သည်။
ကျွန်တော်သည် တီဗီမရှိဘဲ နေနိုင်သော်လည်း စာအုပ်မရှိဘဲမူ မနေနိုင်ချေ။ မဂ္ဂဇင်းတစောင်တောင် မရှိသလို၊ အတူတူနေရမည့် လူနာဖော်တဦးတယောက်မျှလည်း ဤအထီးကျန်မှုကို သက်သာအောင် လာမလုပ်ပေးနိုင်ခဲ့။ စက္ကန့်၊ မိနစ်နှင့် နာရီတို့သည် စိတ်ဝေဒနာရှင်တဦး၏ ပါးစပ်မှ တံတွေးများ တစိမ့်စိမ့် စီးကျနေသကဲ့သို့ တရွေ့ရွေ့ ကုန်ဆုံးသွားစဉ်၊ဗလာကျင်းနေသော နံရံများကြားမှ အတိတ်ဆိုးများ ပြန်လည်ရုန်းကြွ ထွက်ပေါ်လာတော့မည့်အလား ပိတ်လှောင် ပြီး အသက်ရှူကျပ်သလို ဖြစ်လာသည့် ဝေဒနာကို ခံစားလိုက်ရသည်။
သို့သော် ထိုနေ့ ညနေစောင်းပိုင်းတွင် ဗီယက် ကောင်း နှိပ်စက်ညှင်းပန်းသူများအဖြစ် သရုပ်ဆောင်ခဲ့ကြသည့် အရန်သရုပ်ဆောင် လေးဦး ရောက်ရှိလာခြင်းကြောင့် ထိုကဲ့သို့သော အတိတ်ဆိုးများ ခြောက်လှန့်ခံရခြင်းဘေးမှ ကျွန်တော် သီသီလေး လွတ်မြောက်သွားခဲ့ရသည်။ သူတို့ အားလုံး မုတ်ဆိတ်မွေးများ သန့်စင်အောင် ရိတ်ထားပြီး ဂျင်းဘောင်းဘီ၊ တီရှပ်များဖြင့်မို့ နှိပ်စက်ညှင်းပန်းသူများ သို့မဟုတ် လူဆိုးများနှင့် လုံးဝမတူဘဲ ဘေးရန်မရှိ၍ အနည်းငယ် ဝေခွဲမရဖြစ်ကာ နေရာလွဲနေသည့် ဒုက္ခသည်များနှင့်သာ တူနေကြတော့သည်။ ထိုလူများသည် ဆဲလိုဖိန်း ပလတ်စတစ်စက္ကူဖြင့် ထုပ်ပိုးထားသည့် သစ်သီးခြင်းတခြင်းနှင့် ဂျွန်နီဝေါ်ကာ ဝီစကီတပုလင်းကို ယူလာခဲ့ကြလေသည်။
"ဘယ်လို နေသေးလဲ၊ ဆရာကြီး၊ အဆင်ပြေရဲ့လား” ဟု အရပ်အပုဆုံး အရံ သမား က မေးသည်။
“လူပုံကြည့်ရတာ အတော်လေး လူမမာရုပ် ပေါက်နေတယ်ဗျ။”
“အဆင်ပြေပါတယ်” ဟု ကျွန်တော်က အက်ကွဲကွဲအသံဖြင့် ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
“အထွေအထူး ကိစ္စကြီးတော့ မဟုတ်ပါဘူးဗျာ။ ခင်ဗျား တို့ ဒီလိုတွေ ယူမလာခဲ့သင့်ပါဘူး။”
“ဒီလက်ဆောင်တွေက ကျွန်တော်တို့ပေးတာ မဟုတ်ဘူး ဗိုလ်ကြီး” ဟု အရပ်ရှည်ရှည် ဆာဂျင်က ပြောသည်။ “ဒါရိုက်တာက ပေးလိုက်တာပါ။”
“တော်တော် သဘောကောင်းတာပဲ။”
အရပ်ရှည်ရှည် ဆာဂျင်နှင့် ငပုတို့ တယောက်ကို တယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ဗိုလ်ကြီးက အဲလိုထင်ရင်လည်း ဟုတ်တာပေါ့ဗျာ" ဟု ငပုက ဆိုသည်။
“ဒါက ဘာသဘောလဲ။”
အရပ်ရှည်ရှည် ဆာဂျင်က သက်ပြင်းချလိုက်ပြီး “ဒီလောက် စောစောစီးစီး အဲဒီအကြောင်းတွေ မပြောချင်သေးဘူး ဗိုလ်ကြီးရာ။ ကဲ... အရင်ဆုံး တခွက်လောက် သောက်လိုက်ပါဦး။ အဲဒီလူပေးတဲ့ အရက်ကို သောက်ပစ်လိုက်တာက ဗိုလ်ကြီး အနည်းဆုံး လုပ်နိုင်တာပဲ မဟုတ်လား။”
“ကျွန်တော်လည်း တခွက်လောက်တော့ မငြင်းချင်ဘူးဗျာ” ဟု ငပုက ဝင်ပြောသည်။
“အားလုံးအတွက် တခွက်စီ ငှဲ့လိုက်ကြ” ဟု ကျွန်တော်က ပြောလိုက်ရင်း “ငါ လုပ်နိုင်တာ အနည်းဆုံးဆိုတာ ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။
အရပ်ရှည်ရှည် ဆာဂျင်က ကျွန်တော့်ကို အရင်ဆုံး သောက်ဖြစ်အောင် ဇွတ်တိုက်သည်။ တန်ဖိုးသင့် စကော့ချ်ဝီစကီစပ် ၏ နွေးထွေးချိုမြိန်သော ရှတတအရသာက တကယ်ပင် အထောက်အကူ ဖြစ်စေခဲ့သည်မှာ— မိမိ ယောက်ျား၏ လိုအင်မှန်သမျှကို အလိုလို သိနားလည်ပေးတတ်သည့် အရုပ်ဆိုးဆိုး ဇနီးသည် တဦးကို ကြည့်ပြီး စိတ်ကို ပြေလျော့သက်သာသွားသလို မျိုး ဖြစ်သွားစေသည်။
“သတင်းတွေ ထွက်နေတာကတော့ မနေ့က ဖြစ်သွားတဲ့ကိစ္စဟာ မတော်တဆမှုတခု တဲ့ဗျာ” ဟု သူက ဆိုသည်။ “ဒါပေမဲ့ ဒါက တိုက်ဆိုင်လွန်းရာ မကျဘူးလား။ ဗိုလ်ကြီးက ဒါရိုက်ဝာာ နဲ့ စကားများ ရန်ဖြစ်တယ်— ဟုတ်တယ်၊ လူတိုင်းလည်း ဒီအကြောင်း ကြားပြီးသားပါ— ပြီးတော့ တခြားလူ မဟုတ်ဘဲ ဗိုလ်ကြီးမှ ဗုံးခွဲခံရတယ်ဆိုတော့လေ။ ကျွန်တော့်မှာ ဘာသက်သေမှတော့ မရှိပါဘူး။ ဒါပေမဲ့ ဒါက အရမ်းကို တိုက်ဆိုင်လွန်းနေတာပဲ။”
သူက ကျွန်တော့်ဖန်ခွက်ထဲ နောက်တစ်ခွက် ထပ်ငှဲ့ပေးနေစဉ်အတွင်း ကျွန်တော် ဆိတ်ဆိတ်သာ နေမိသည်။ ထို့နောက် ငပုကို လှည့်ကြည့်ကာ—
“မင်းကော ဘာထင်လဲ” ဟု မေးလိုက်မိသည်။