ဖီဖာ၏ ဈေးကြီးလွန်းတဲ့ ကမ္ဘာ့ဖလားလက်မှတ်တွေကြောင့် ကိုယ့်ရှုး ကိုယ်ပြန်ပတ်နိုင်

by Hla Soewai - Jun 01 2026

ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ၎င်း၏ ဘောလုံးအဖွဲ့ချုပ်ကြီးအား "ကမ္ဘာမြေထံ ပျော်ရွှင်မှုတွေ ဖြန့်ချိပေးနေတဲ့ အဖွဲ့အစည်း" လို့ တင်စားခေါ်ဝေါ်လေ့ရှိသည်။ သို့သော် မြောက်အမေရိကတွင် ကျင်းပမည့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ တွင်တော့ ၎င်း ပြောသည့် ပျော်ရွှင်မှုကို ရရှိဖို့အတွက် အခကြေးငွေ များစွာ ပေးရ‌ တော့မည် ဖြစ်သည်။ 

 

အုပ်စုအဆင့် ပွဲစဉ် များ အတွက် အသက်သာဆုံး လက်မှတ်ဈေးနှုန်းသည် ပျမ်းမျှ ဒေါ်လာ ၂၀၀ ရှိပြီး၊ ဗိုလ်လုပွဲအတွက် လက်မှတ်များကတော့ အနည်းဆုံး ဒေါ်လာ ၂,၀၃၀ အထိ ပေးရဖို့ ရှိနေသည်။

 

 မဂ္ဂဇင်း၏ စိစစ်ဆန်းစစ်ချက်များအရ လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသည် သမိုင်းတစ်လျှောက် ကုန်ကျစရိတ်အများဆုံး ယဉ်ကျေးမှု/ဖျော်ဖြေရေးပွဲကြီး ဖြစ်လာ ပေတော့မည်။ ထိုကဲ့သို့ အဆမတန်မြင့်မားလှသည့် လက်မှတ်ဈေးနှုန်းများကြောင့် ဖီဖာအပေါ် မျှားဉီး ပြန်လှည့်လာနိုင်သည်။

 

ပုံမှန်အားဖြင့်တော့ ကမ္ဘာ့ဖလားလက်မှတ် များကို ဈေးကွက်ထဲတွင် ဝယ်လိုအားရှိသလောက် အမြင့်ဆုံးဈေး မသတ်မှတ်ဘဲ ထို့ထက် အများကြီး လျှော့နည်းသည့် ဈေးနှုန်း များ ဖြင့်သာ ရောင်းချလေ့ရှိသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်လုံး လက်မှတ်ဝယ်လိုအားသည် ရောင်းချပေးနိုင်သည့် လက်မှတ်အရေအတွက်ထက် အမြဲတမ်း ပိုမိုများပြားခဲ့သည် ချည်း ပင် ဖြစ်သည်။ 

ဖီဖာ သည် လက်မှတ်ဈေးနှုန်းများ ကို တိုးမြှင့်ကောက်ခံမည့် အစား သာမန်ပရိသတ်များ တတ်နိုင်မည့် ပမာဏ ကို ထိန်းထားပေးပြီး ကံစမ်းမဲစနစ်နှင့် လက်မှတ်များကို ခွဲဝေရောင်းချပေးခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာ ငွေ အတွက် ပွဲစဉ်ကျင်းပသည့်ရက်များတွင် ရရှိမည့် လက်မှတ်ရောင်းရငွေထက် ရုပ်သံထုတ်လွှင့်ခွင့်နဲ့ စပွန်ဆာပေးပိုင်ခွင့် အခွင့်အရေးများက အဓိက အရေးပါနေ၍ ဖြစ်သည်။

 

ယခုနှစ်တွင် တော့ အခြေအနေများက တမျိုးတဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဖီဖာ သည် လက်မှတ်ရောင်းချရေး လုပ်ငန်းစဉ်ကို ဒေသခံအိမ်ရှင်အဖွဲ့အစည်းများဆီ လွှဲအပ်လုပ်ကိုင်စေရမည့် အစား ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် စီမံခွင့်ယူခဲ့သည်။ ထို့အပြင် ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးနှုန်းများ လိုက်ပါပြောင်းလဲမည့် "Dynamic Pricing" ကို ကျင့်သုံးလာခဲ့သလို၊ တရားဝင် ပြန်လည်ရောင်းချခွင့်ရှိမည့် ဈေးကွက်ပလက်ဖောင်း တခုကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။

 

 ထို ပလက်ဖောင်းကနေ အရောင်းအဝယ်ဖြစ်မှုတိုင်းအတွက် ဖီဖာက ဝယ်သူထံကရော ရောင်းသူထံကပါ ၁၅ ရာခိုင်နှုန်းစီ ဖြတ်တောက်ယူမည် ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက် ခဲ့လျင်ပင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ်ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားတုန်းကထက် နှစ်ဆကျော် ပိုမိုမြင့်မားနေပြီး၊ အမေရိကန်နိုင်ငံက နောက်ဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၉၄ ခုနှစ်ကထက် လေးဆခန့် ပိုမိုဈေးကြီးနေ ပေသည်။

 

ဗိုလ်လုပွဲအတွက် အချို့သော လက်မှတ်များဆိုက (မှောင်ခိုဈေးကွက်တွင်) ဒေါ်လာ ၂ သန်းအထိပင် ဈေးတင်ပြီး ပြန်လည်ရောင်းချနေကြသည်။ ကမ္ဘာ့ဖလား ငါးကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ဖူးသည့် ဘရာဇီးအသင်း၏ ပရိသတ်များ အဖို့ ၎င်းတို့အသင်း၏ အုပ်စုအဆင့် ပွဲစဉ်သုံးပွဲစလုံးကို သွားရောက်ကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်ရောင်းချသည့် ဈေးကွက် (Resale Market) တွင် ပျမ်းမျှ ဒေါ်လာ ၃,၈၀၀ ခန့်အထိ သုံးစွဲရမှာဖြစ်ပြီး အခြား နိုင်ငံများ ထက် စာလျှင် ကုန်ကျစရိတ်အများဆုံး ဖြစ်‌ နေသည်။ 

 

ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကိပ်ဗာဒီ (Cape Verde) အသင်း၏ အားပေးသူများပင် အနည်းဆုံး ဒေါ်လာ ၁,၀၀၀ နီးပါး စိုက်ထုတ်အကုန်အကျခံရမည့် အခြေအနေ ဖြစ်နေသည်။

 

ယင်းသည် အမေရိကန်ဆန်ဆန် ပုံစံမျိုး ဖြစ်လာ‌ နေသည်။ American Football ၏ စူပါဘိုး (Super Bowl) ဗိုလ်လုပွဲ လက်မှတ်များ အတွက် ပရိသတ် များသည် အနည်းဆုံး ဒေါ်လာ ၉၀၀ ပေးကြရပြီး အများစုကတော့ ဒေါ်လာ ၆,၀၀၀ ကျော်အထိ ပေးဝယ်ကြရသည်။ ဥရောပဘက်နဲ့ နှိုင်းယှဉ်ကြည့်မည်ဆိုက ယခုနှစ် ဥရောပချန်ပီယံလိဂ် (Champions League) ဗိုလ်လုပွဲအတွက် လူကြီးတဦး အတွက် အသက်သာဆုံး လက်မှတ်ဈေးနှုန်းသည် ဒေါ်လာ ၂၀၀ ခန့် ရှိသည်။

 

ဖီဖာ ၏ စျေးနှုန်းသတ်မှတ်မှုပုံစံသစ် သည် လောင်းကစားဆန်ဆန် စွန့်စားမှုတခု ဖြစ်‌ နေသည်။အကြောင်းရင်းတခု သည်က လက်မှတ်များ ယခုထက်ထိ ကုန်အောင် မရောင်းရသေးသလို၊ အိမ်ရှင်မြို့များရှိ ဟိုတယ်များ တွင် လည်း လူပြည့်သည့်အခြေအနေမျိုး မတွေ့ရသေး ပေ။ ထို့ ကြောင့် အချို့သော ပွဲစဉ်များ အတွက် ပြန်လည်ရောင်းချသည့်လက်မှတ်စျေးနှုန်း များသည် တဖြည်းဖြည်း ပြန်ကျလာနိုင်သည်။ လက်မှတ်စျေးနှုန်းများ သက်သာ ကောင်း သက်သာ သွားနိုင်သော်လည်း အထူးသဖြင့် စွမ်းအင်အကြပ်အတည်းကြောင့် လေယာဉ်လက်မှတ်ခများ အဆမတန် တက်နေသည့် အချိန်မျိုး ဖြစ်၍ သာမန်ပရိသတ်အများစု အတွက် လာရောက်ကြည့်ရှုဖို့ မျှော်လင့်ချက်ကို လက်လျှော့ထားလောက်ပြီ ဖြစ်သည်။

 

လက်မှတ်ဈေးနှုန်း မြင့်မားမှုကြောင့် လက်မှတ်အရောင်းကျဆင်းမှုကို ကာမိနိုင်သည် ဆိုလျင်ပင် ဖီဖာ အနေဖြင့် ဘောလုံးပွဲ၏ အရည်အသွေး (သို့မဟုတ်) ဆွဲဆောင်မှု ကို ပျက်စီးသွားစေမည့် စွန့်စားမှုမျိုး ကြုံတွေ့နေရသည်။ ယင်းသည် ရေရှည်တွင် ၎င်းတို့အတွက် ပိုမိုဝင်ငွေကောင်းလှသည့် တခြား ဝင်ငွေလမ်းကြောင်းများကိုပါ ထိခိုက်လာစေနိုင်သည်။

 

 ပရိသတ်များ ပြည့်လျှံနေသည့် အားကစားကွင်းကြီးများကသာ ရုပ်သံဖန်သားပြင်ထက်တွင် ပွဲစဉ်များကို စိတ်လှုပ်ရှားစရာ အပြည့်နှင့် ဆွဲဆောင်မှုရှိစေမည့် ဆူညံသံများ၊ ရင်ခုန်သံများကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။ 

 

ပြီးခဲ့သည့်နှစ် ကမ္ဘာ့ကလပ်ဖလား (Club World Cup) ပြိုင်ပွဲတွင် ပရိသတ် လာရောက်ကြည့်ရှုမှု အလွန်နည်းပါးလွန်းနေသည့် ပွဲစဉ်များတွင် ရုပ်သံကင်မရာများ ချိန်ထားရာ ဘက်ကို ကွင်းထဲရှိ ပရိသတ်များကို အတင်းတိုးခိုင်းခဲ့ရသည့် အထိ ဖြစ်ခဲ့၍ ဖီဖာအဖို့ အရှက်ရစရာ ဖြစ်ခဲ့ရသည်။ 

 

လေ့လာမှုများအရ ငွေကြေးချမ်းသာသည့် ပရိသတ်များသည် ၎င်းတို့ စိတ်ကြိုက် အသင်းအပေါ် အော်ဟစ်အားပေးပြီး စိတ်အားထက်သန်မှုကို ဗြောင်ကျကျ ပြသလေ့ မရှိကြဟု သိရသည်။ 

 

ယခုခေတ် လူချမ်းသာများသည် ငွေကို တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူမည့် အစား "ဘဝမှာ တခါတည်း ကြုံရခဲသည့် အတွေ့အကြုံမျိုးတွေ" အတွက် ပိုမိုသုံးစွဲလိုကြသည်။ ယင်းသည် ဖီဖာ ဘဏ္ဍာရေးတွက်ချက်သူများ အတွက် သတင်းကောင်း ဖြစ်သင့်သည် မဟုတ်ပါလား။ သို့ပေသိ ထိုသို့ ငွေပုံပေးကာ ကွင်းထဲ ရောက်လာသော သူဌေးများသည်လည်း သာမန်ပရိသတ်များ၊ အသင်းအတွက် အသံကုန် အော်ဟစ် အားပေးမည့် အမာခံ ပရိသတ်များ လက်မှတ်ခ ဈေးကြီး နေ၍ ကွင်းထဲမဝင်နိုင်တော့၍ ၎င်းတို့ မျှော်လင့် လိုလားတောင့်တနေသည့် ကွင်းထဲရှိအုန်းအုန်းကျွက်ကျွက် အော်ဟစ် အားပေး နေမည့်အငွေ့အသက် များ နှင့် အတွေ့အကြုံများ မရနိုင် တော့ဘဲ ကုမ္ပဏီ ညစာစားပွဲကြီး လို ငြိမ်သက်အေးစက် နေသည်ကို သာ တွေ့ကြရ တော့မည် ဖြစ်သည်။

 

(၂၀၂၆ မေလ ၁၈ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ FIFA’s exorbitant World Cup tickets could backfire ဆောင်းပါးကို ပြန်လည် တင်ပြသည်။)