ကောင်းလိုက်တဲ့ တင်ပြချက် (၂)

by Hla Soewai - Jun 01 2026

မင်းအောင်လှိုင် မှ တွေ့ဆုံခွင့်ပေးရန် ငြင်းပယ်လိုက်မည် ဆိုက ယခု တကြိမ်သည် သန်းပေါင်းများစွာသော ပြည်သူများ ကြိုတင်ရိပ်မိသံသယရှိနေကြသည့် အမှန်တရားကို သူကိုယ်တိုင် အတည်ပြုပေးလိုက်ရာ ရောက်ပါလိမ့်မည် — ထိုအရာမှာ အာဏာစနစ်သည် ၎င်းတို့ ထိန်းချုပ်၍မရသော "ကိုယ်ကျင့်တရားဆိုင်ရာ အမှန်တရား ပေါ်လွင်ထင်ရှားလာမှု" ကို စစ်မြေပြင်တွင် ရင်ဆိုင်ရသည်ထက် ပိုမို၍ အဆမတန် ကြောက်ရွံ့ကြခြင်းပင် ဖြစ်သည်။ 

 

၎င်းမှာ ဟန်ပြပြကွက်ကြီး ပြိုလဲပျက်စီးသွားပြီး မည်သည့်အလှဆင် စကားလုံးများ၊ ကြားခံညှိနှိုင်းမှုများ ရှိတော့မည် မဟုတ်ဘဲ ကမ္ဘာ့မိသားစုကြီးသည် ၎င်းတို့ လက်ခံထားသော သံတမန်ရေးရာ စံနှုန်းများ၊ ဥပဒေများနှင့် အခေါ်အဝေါ်များကို ခုတုံးလုပ်၊ အကာအကွယ်ယူပြီး အမှန်တကယ် မည်မျှအထိ ရက်စက်မှုများ ကျူးလွန်နေသည်ကို ရုတ်တရက် ကွင်းကွင်းကွက်ကွက် မြင်တွေ့သွားရမည့် အချိန် လည်း ဖြစ်သည်။

 

နိုင်ငံတကာ အထူးကိုယ်စားလှယ်တဦးမှ လမ်းမှန်ကို မားမားမတ်မတ် ရပ်တည်ပြလာမည့် ပြတ်သားသည့် လုပ်ရပ်တခုတည်း နှင့်ပင် — လက်ရှိ အကျပ်အတည်းတခုလုံးကို အလှည့်အပြောင်း ဖြစ်သွား‌ စေနိုင်သည့် အပြင် လူထု၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေကို လုံးဝ ပြောင်းလဲပစ်နိုင်သည့် အခိုက်အတန့်မျိုး သမိုင်းတွင် ရှိတတ်ပါသည်။ ယခုအချိန်သည် ထိုကဲ့သို့ ထူးခြားလာနိုင်သည့် အချိန်မျိုး ဖြစ်လာနိုင်ပါသည်။

 

စစ်အာဏာရှင်များ၏ အကြမ်းဖက်ယန္တရားကြီး နောက်ကွယ်က ပိုမိုနက်ရှိုင်း လေးနက်စွာ ရှိနေသည့် မြန်မာပြည်၏ ပကတိအရှိတရားကိုလည်း သတိရပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါသည်။ မြန်မာနိုင်ငံဆိုသည်က ဗိုလ်ချုပ်တွေ၊ ဝါဒဖြန့်ချိရေးတွေ၊ အကျဉ်းထောင်တွေ ဒါမှမဟုတ် စစ်ပွဲတွေလောက်နဲ့တင် အကျဉ်းချုံ့ပြီး သတ်မှတ်လို့ရသည့် တိုင်းပြည်မျိုး မဟုတ်။

 

မြန်မာပြည်သည် အာရှတိုက်၏ ကြီးကျယ်ခမ်းနားသည့် ယဉ်ကျေးမှုဓလေ့များ ဆုံစည်းရာ ဗဟိုချက်မတခု ဖြစ်သည်။ — နက်နဲသိမ်မွေ့လှသည့် ဗုဒ္ဓဘာသာ စာပေကျမ်းဂန် လေ့လာမှုများ၊ တရားဓမ္မကျင့်ကြံအားထုတ်မှုများ ရှိသလို၊ တဖက်မှာလည်း ဗလီကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ဂျူးဘုရားကျောင်းများ၊ ကဗျာလင်္ကာများ၊ ဂီတအနုပညာများ၊ အသိဉာဏ်ပညာပိုင်းဆိုင်ရာ သိမ်မွေ့ထက်မြက်မှုများ၊ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးစုများ နှင့် အံ့ဩချီးကျူးဖွယ်ရာ ကောင်းလောက်အောင် မြင့်မားလှသည့် ယဉ်ကျေးမှု အဆင့်အတန်းများ ပေါင်းစည်းတည်ရှိနေသည့် အရပ်ဒေသလည်း ဖြစ်ပါသည်။

 

ကိုလိုနီနယ်ချဲ့တို့ကြောင့် ယဉ်ကျေးမှုဓလေ့များ ပြတ်တောက်မသွားခင်နှင့် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုအောက် မကျရောက်ခင် အချိန်တုန်းက၊ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် မတူကွဲပြားမှုများ စုံလင်ပြီး အသက်ဝင်ဆုံးသော လူ့အဖွဲ့အစည်းများထဲက တခု ဖြစ်ခဲ့ဖူးသည်။ တိုင်းရင်းသား လူမျိုးစု သတ်မှတ်ချက်များ၊ ဘာသာစကားများနှင့် သက်ရှိထင်ရှား ရှိနေသည့် ရိုးရာဓလေ့ပေါင်း တရာကျော် ကိန်းအောင်း တည်ရှိရာ နေရာလည်း ဖြစ်ခဲ့ပါသည်။

 

ထို့အတွက်ကြောင့် ယခု မြန်မာပြည်တွင် ဖြစ်ပျက် နေသည့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးသည် နိုင်ငံရေးပြဿနာ သက်သက်တင် မဟုတ်ပါ။ ယင်းသည် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပျက်သုဉ်းမည့် အန္တရာယ် ဖြစ်လာနေသည်။

 

နက်နဲလှသည့် တရားဓမ္မ ကျင့်ကြံအားထုတ်မှုများ၊ အနုပညာများ၊ အတွေးအခေါ်များ၊ ဒီမိုကရေစီ စံနှုန်းများ နှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တန်ဖိုးများ အပါအဝင် ကျယ်ပြန့်လှပပြီး သိမ်မွေ့ဆန်းပြားလှသည့် ယဉ်ကျေးမှု အမွေအနှစ်ကြီး တခုလုံးသည် — စစ်အာဏာရှင်စနစ်ဖြင့် ဖန်တီးထားသည့် ကြောက်ရွံ့မှု၊ သယံဇာတများကို အဓမ္မ မတရား စုပ်ယူမက်မောမှု၊ ဝါဒဖြန့်ချိရေးများ နှင့် စနစ်တကျ ဖန်တီးထားသည့် စိတ်ပိုင်းဆိုင်ရာ နွမ်းလျပင်ပန်းမှုများ အောက်တွင် တဖြည်းဖြည်းချင်း အသက်ရှူကျပ်ပြီး ပျက်စီး အဆိပ်သင့်နေရရှာပြီ ဖြစ်သည်။

 

ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တခုသည် တပြိုင်နက်တည်းနှင့် ရုတ်တရက် ပျက်သုံး သွားလေ့ မရှိ။ ထိုအစား အတိတ်က အမှတ်သညာများ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှုကို လူ့အဖွဲ့အစည်းက ရိုးအီပြီး ဓမ္မတာလို လက်ခံလာကြခြင်း၊ ထို့ နောက်တွင်တော့ ပကတိအမှန်တရားဆိုတာ ရှိနေသေးရဲ့လားဆိုပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှု တဖြည်းဖြည်း တိုက်စားပျက်ပြားသွားရာ က တဆင့် ပျောက်ကွယ် သွားတတ်ကြသည်က ပိုများပါသည်။

 

မစ်(စ်) ဘစ်ရှော့ပ် ခင်ဗျား၊ ခင်ဗျားဟာ အခုဆိုရင် အမျိုးသမီးတဦးအနေနှင့် — မိမိ၏ ကိုယ်ကျင့်တရားဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းအားဖြင့် နှစ်ဆယ်ရာစု၏ ဒီမိုကရေစီ စိတ်ကူးအမျှော်အမြင်ကို ပြောင်းလဲပစ်နိုင်ခဲ့သည့် အခြားအမျိုးသမီးတဦးထံကို စကားပြောဆို နိုင်ဖို့အတွက် ဤအကျပ်အတည်း အခင်းအကျင်းထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

 

လွန်ခဲ့သည့် နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ဆောင်ချက်များအပေါ် မည်သို့ပင် သဘောထားကွဲလွဲမှုများ ရှိခဲ့ပါစေ — သူမ၏ စနစ်တကျ ထိန်းသိမ်းနေထိုင်မှု၊ ရဲရင့်ပြတ်သားမှု၊ ကြီးမားလှသည့် စွန့်လွှတ်အနစ်နာခံမှု များ နှင့် မြန်မာပြည်သူ သန်းပေါင်းများစွာအတွက် သူမသည် မည်မျှအထိ အရေးပါလှသည့် ပြယုဂ်တခု ဖြစ်ခဲ့သည် ဆိုသည်ကိုတော့ မည်သို့သော အလေးအနက် အကဲခတ် လေ့လာတတ် သူမျိုးကမှ ငြင်းပယ်လို့ မရနိုင်ပါ။

 

ထို့အတွက်ကြောင့် ခင်ဗျားကို နိုင်ငံတကာ အထူးကိုယ်စားလှယ် တဦးအနေနဲ့တင် မကဘဲ — အခြားလူသားတဦး၏ နာကျင်ခံစားရမှုများ ကို ထဲထဲဝင်ဝင်ခံစား ပေးနိုင်မည့် လူသားတဦးအဖြစ် ကျွန်တော် တောင်းဆိုချင်တာကတော့ — ကိုယ်ကျင့်တရားချင်း ထပ်တူကျသည့် ခင်ဗျား၏ အမတော် ဒေါ်အောင်ဆန်းစုကြည် အတွက်၊ အကျဉ်းချခံထားရသူတွေအတွက်၊ ဖျောက်ဖျက်ခြင်းခံထားရသူတွေအတွက်၊ ညတိုင်းလို စစ်လေယာဉ်တွေရဲ့ အသံအောက်မှာ ထိတ်လန့်တုန်လှုပ်စွာ အိပ်စက်နေရသည့် ကလေးငယ်လေးတွေအတွက်၊ နှစ်ပေါင်းများစွာ နေရောင်ခြည်ကိုတောင် မထိတွေ့ဖူးကြတော့သည့် နိုင်ငံရေးအကျဉ်းသားတွေအတွက်၊ ပြီးတော့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ကြာရှည်လွန်းလာတဲ့အခါ ကမ္ဘာကြီးအတွက် သာမန်နောက်ခံ ဆူညံသံတခုလိုဖြစ်သွားတတ်သည့် အန္တရာယ် နှင့်အတူ နိုင်ငံတကာစာမျက်နှာပေါ်မှာ အမည်နာမတွေ ပျောက်ကွယ်သွားရရှာသည့် ပြည်သူတွေအားလုံးအတွက် ခင်ဗျား အနေနဲ့ အစွမ်းကုန် အားထုတ် ရပ်တည်ပေးပါရန် တောင်းဆိုအပ်ပါသည်။

 

ပြီးတော့... ခင်ဗျားရဲ့ ကိုယ်ကျင့်တရား ခံယူချက်က ခွင့်ပြုမယ်ဆိုရင် — ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ပတ်ဝန်းကျင်က လူတွေကို မည်သည့်အလျှော့အတင်းမှမရှိဘဲ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောကြားပေးပါ။ သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးသား အမှန်တရားကို သူတို့သိအောင် ပြောပြလိုက်ပါ — "တရားဝင်မှု" ဆိုတာ စစ်ယူနီဖောင်းတွေကို တိုက်ပုံ အင်္ကျီတွေနဲ့ လဲဝတ်လိုက်ရုံနဲ့၊ ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပရုံနဲ့၊ ဇာတ်ညွှန်းအတိုင်း ကပြရတဲ့ သံတမန်ရေးရာ ဇာတ်ခုံတွေနဲ့ ဒါမှမဟုတ် နိုင်ငံရေးအရ ပုံမှန်အခြေအနေ ရောက်နေပါပြီဆိုပြီး စနစ်တကျ ဖန်တီးပြသတဲ့ ပြကွက်တွေနဲ့ လုံးဝ တည်ဆောက်ယူလို့ မရပါဘူး။

 

 "တရားဝင်မှု" ဆိုသည်က မြန်မာပြည်သူပြည်သားများထံမှာပဲ သီးသန့် ကိန်းအောင်းတည်ရှိ နေတာမျိုး ဖြစ်သည်။

 

နိုင်ငံတကာ၏ စစ်မှန်တဲ့ အသိအမှတ်ပြုမှုကို ရရှိမည့်လမ်းကြောင်းသည် ရှုပ်ထွေးနက်နဲနေတာမျိုး လုံးဝမဟုတ်သလို၊ လျှို့ဝှက်ဆန်းပြားနေတာမျိုးလည်း မဟုတ်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်မှုကို ပြန်လည်ဖော်ဆောင်ပါ။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့်ပါ။ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ခွင့်တွေကို လမ်းဖွင့်ပေးပါ။ ညှင်းပန်းနှိပ်စက်မှုတွေကို ရပ်တန့်ပါ။ လူတွေကို အဓမ္မ ဖျောက်ဖျက်နေတာတွေကို ရပ်တန့်ပါ။ ပြီးတော့... တိုင်းပြည်ကို ပြည်သူတွေရဲ့ လက်ထဲကို ပြန်လည် အပ်နှင်းပါ။

 

မစ်(စ်) ဘစ်ရှော့ပ် ခင်ဗျား၊ သမိုင်းဟာ ခင်ဗျားရဲ့ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်နေပါသည်။ ထို့ထက် ပိုပြီး အရေးကြီးသည်က — တနေရာရာမှာ၊ တနည်းနည်းနဲ့၊ တစုံတယောက်က ၎င်းတို့ရဲ့ လူသားဆန်မှုကို အသိအမှတ်ပြုပေးဆဲပါဆိုသည့် မျှော်လင့်ချက်လေးတခုကလွဲလို့ ဘာမှမကျန်တော့ရှာတဲ့၊ ကြောက်ရွံ့ထိတ်လန့်နေရသူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ အကျဉ်းချခံထားရသူတွေနဲ့ ပူဆွေးသောကရောက်နေကြရတဲ့ သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေဟာလည်း ခင်ဗျားကို စောင့်ကြည့်မျှော်လင့်နေကြပါသည်။

 

ဒုတိယကမ္ဘာစစ်ကြီး၏ ကြီးမားလှ သော ပျက်စီးဆုံးရှုံးမှုတွေ အပြီး၊ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ပြာပုံအတိ ဖြစ်ခဲ့ရသည့် ကပ်ဆိုးကြီးထဲကနေ အီလင်နာ ရုစဗဲ့ သည် "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း" ကို ကမ္ဘာပေါ်မှာ အောင်မြင်စွာ ဖြစ်ထွန်းပေါ်ပေါက်လာအောင် လက်တွဲကူညီ ပျိုးထောင်ပေးခဲ့ဖူး ပေသည်။

 

ထို လူ့အခွင့်အရေး ကြေညာစာတမ်း ၏ အနှစ်သာရ သည် ရိုးရှင်းသော်လည်း တော်လှန်ပြောင်းလဲ ပစ်လာသည့် အဆိုပြုချက်တရပ် ပါရှိလာသည် — ၎င်းမှာ "လူသားတို့၏ ဂုဏ်သိက္ခာ" ဆိုသည်မှာ မွေးရာပါ အရှိတရားဖြစ်ပြီး၊ ခွဲခြား၍မရနိုင်ကြောင်းနှင့် လူသားအားလုံးနှင့် သက်ဆိုင်ကြောင်းပင် ဖြစ်သည်။ ၎င်းသည် မည်သည့်အခြေအနေအပေါ်တွင်မှ အခြေခံမနေသလို၊ မဟာဗျူဟာမြောက် ကစားကွက်တခု မဟုတ်သကဲ့သို့၊ မည်သည့်အခါမျှလည်း အလျှော့အတင်း လုပ် ညှိနှိုင်း၍ရသောအရာ မဟုတ်ပါ။

 

လူသားတို့၏ ဂုဏ်သိက္ခာဆိုသည်မှာ နေရာတိုင်းတွင် ရှင်သန်နေရမည် ဖြစ်သည်။ သို့မဟုတ်ပါက နေရာတိုင်းတွင် စတင်ပျက်သုဉ်း သေဆုံးသွားပေလိမ့်မည်။(ဆိုလိုသည်က ကမ္ဘာ့အရှေ့ဘက်ခြမ်း (ဥပမာ- မြန်မာနိုင်ငံ) ရှိ လူသားတို့၏ ဂုဏ်သိက္ခာကို စစ်ဖိနပ်အောက်မှာ နင်း ချေ ပစ်လို့ရ နေမည် ဆိုက၊ ကမ္ဘာ့အနောက်ဘက်ခြမ်းက ဒီမိုကရေစီနိုင်ငံတွေမှာ ရရှိခံစားနေရသည့် လူ့ဂုဏ်သိက္ခာဆိုသည်ကလည်း စစ်မှန်သည့် တန်ဖိုးမဟုတ်တော့ဘဲ "အခွင့်ထူးခံမှု" သက်သက် ဖြစ်သွား ပေလိမ့်မည်။ တနေရာရာမှာ လူသားချင်း ဖိနှိပ်ခံနေရတာကို ကမ္ဘာကြီးက လစ်လျူရှုထားလိုက်တာနဲ့တင် ကမ္ဘာလုံးဆိုင်ရာ လူ့ဂုဏ်သိက္ခာရဲ့ တန်ဖိုးသည် စတင်ပျက်စီးသွားရပြီ ဖြစ်သည်။)

 

ယခုအချိန်မှာ မြန်မာနိုင်ငံသည် ခေတ်သစ်ကမ္ဘာကြီးအတွက် ဘာကို ကိုယ်စားပြုနေသလဲဆိုက — အဝေးတနေရာက သာမန်နိုင်ငံရေး အကျပ်အတည်းတစ်ခုသက်သက် မဟုတ်တော့ဘဲ၊ လူသားတို့ရဲ့ ကိုယ်ကျင့်တရား အသိစိတ်ဓာတ်ရှေ့မှာ ထားရှိပေးလိုက်တဲ့ "မှန်တစ်ချပ်" ဖြစ်လာ‌ နေသည်။ 

 

ထိုမှန်ချပ်က ကမ္ဘာကြီးကို မေးခွန်းထုတ်နေသည်ကတော့ —ခေတ်သစ်လူ့အဖွဲ့အစည်းသည် နာကျင်ခံစားရမှု များကို ရိုးအီသွားပြီး သတိမထားမိတော့သည် အထိ မဖြစ်သွားခင်မှာ အချိန်မီ သိမြင်နိုင်စွမ်းရှိသည့် "ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ကူးအမျှော်အမြင်" ရှိနေသေးရဲ့လား၊

 

သံတမန်ရေးရာ ကဏ္ဍတွေမှာ "အပြုသဘော ထိတွေ့ဆက်ဆံခြင်း" နှင့် "မတရားမှုကို လိုက်လျောအလိုလိုက်ခြင်း" ကြားက ကွာခြားချက်ကို အမှန်တကယ်ပဲ မှတ်မိနေသေးရဲ့လား၊

 

ပြီးတော့... ဟန်ပြပြကွက်တွေ၊ မဟာဗျူဟာမြောက် မရေရာမှုတွေ၊ အယ်လ်ဂိုရီသမ်တွေရဲ့ အာရုံလွှဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ နွမ်းလျပင်ပန်းမှုတွေနဲ့ ကြောက်ရွံ့မှုတွေ စိုးမိုးလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ "ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ဓာတ်" ဆိုတာဟာ စွမ်းအားတစ်ခုအနေနဲ့ တကယ်ပဲ ရှိနေသေးရဲ့လား ဆိုတာတွေကို စိန်ခေါ်မေးမြန်းနေခြင်းပင် ဖြစ်ပါသည်။

 

သမိုင်းဆိုသည်က ခေတ်ကာလ တခုကို တရားဝင်ထုတ်ပြန် ပြောဆိုမှုများ၊ သို့မဟုတ် သံတမန်ရေးရာ ဇာတ်ခုံများတွင် စနစ်တကျ ကပြဖျော်ဖြေမှုများ နှင့် မှတ်တမ်းတင်ထားလိမ့်မည် မဟုတ်။ ထိုအစား လူသားများအနေနှင့် စနစ်တကျ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှု များနှင့် ရင်ဆိုင်လာရသည့်အခါ — မည်သို့သော အခြေအနေမျိုးမှာမဆို အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းနှင့် သစ္စာရှိရှိ ပြတ်ပြတ်သားသား ပြောဆိုရဲသည့် သတ္တိ ရှိခဲ့ကြသလား၊ မရှိခဲ့ကြဘူးလား ဆိုတာနှင့် သာ မှတ်တမ်းတင်သွားမှာ ဖြစ်သည်။

 

ကျွန်တော့် နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ တောင်းဆိုချင်တာကတော့ — အဲဒီလို ပြတ်သားထင်ရှားတဲ့ အမှန်တရားကို မြန်မာပြည်ခရီးစဉ်အတွင်း ခင်ဗျားဖက်က တစ်ပါတည်း သယ်ဆောင်သွားပေးဖို့ ဖြစ်ပါတယ်။

 

မြန်မာပြည်သူ ပြည်သားတွေဟာ ကမ္ဘာကြီးရဲ့ မြင်ကွင်းထဲမှာ အသိအမှတ်ပြု ခံရပိုင်ခွင့် ရှိ နေပါသည်။

 

ပြီးတော့ ကမ္ဘာကြီးအနေနှင့်လည်း... လူသားတို့၏ ကိုယ်ကျင့်တရား အသိစိတ်ဓာတ်ဆိုတာ သမိုင်းစာမျက်နှာပေါ်ကနေ လုံးဝ ပျောက်ကွယ်မသွားသေးပါဘူးဆိုတဲ့ သက်သေအထောက်အထားကို မြင်တွေ့ခွင့် ရသင့်ပါသည်။

 

လေးစားစွာဖြင့် -

 

အလန် ကလမန့်စ် (Alan Clements)

 

အလန် ကလမန့်စ် သည် စာရေးဆရာတဦး၊ မြန်မာနိုင်ငံတွင် ရဟန်းအဖြစ် ဝတ်ခဲ့ဖူးပြီး ကိုယ်ကျင့်တရားအသိစိတ်ဓာတ်၊ အကြမ်းမဖက်ရေးဝါဒနှင့် အာဏာရှင်စနစ် တော်လှန်ရေးတို့အပေါ်တွင် အခြေခံ၍ ဘဝတစ်လျှောက်လုံး ဆောင်ရွက်ခဲ့သည့် ရလူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး ဖြစ်သည်။ သူသည် အာဏာရှင်တစ်ဦးနှင့် ဆွေးနွေးခြင်း (Conversation with a Dictator)၊ နှုတ်မပိတ်နိုင်သူ - ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့အကျဉ်းထောင် အတွင်းမှ စကားဝိုင်းများ (Unsilenced: Aung San Suu Kyi—Conversations from a Myanmar Prison) နှင့် နှလုံးသား၏ နိုင်ငံရေး - ရက်စက်ကြမ်းကြုတ်မှုများပြည့်နှက်နေသည့် ခေတ်ကာလအတွင်းမှ အကြမ်းမဖက်ရေးဝါဒ (Politics of the Heart: Nonviolence in an Age of Atrocity) အပါအဝင် စာအုပ်ပေါင်း ၁၇ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။

 

သူသည် သုံးဆယ်စုနှစ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သံဃာတော်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့သူ ဖြစ်သည်။ သူ၏ အက်ဆေးများနှင့် အင်တာဗျူးများကို အာရှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြခြင်း ခံခဲ့ရဖူးပါသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!