ရှီကျင့်ဖျင် နောက်ဆုံးအကြိမ် ပြည်ပသို့ ခရီး ထွက်ခဲ့သည်မှာ အောက်တိုဘာလနှောင်းပိုင်းက ဖြစ်သည်။ ထို့နောက်တွင်တော့ ကမ္ဘာကြီးက ၎င်းဆီကိုပဲ လာနေသလို ဖြစ်လာခဲ့သည်။
နိုင်ငံအကြီးအကဲ တဒါဇင်ခန့် တရုတ်နိုင်ငံကို လာရောက်ခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်ကျင့်ထုံးဌာနကလည်း ၎င်းတို့ ရောက်ရှိလာစဉ် အတွင်း အပြစ်ပြောစရာမရှိအောင် အကောင်းဆုံး စီမံကိုင်တွယ်ပေးခဲ့ပြီး၊ ခမ်းနားထည်ဝါသည့် ဧည့်ခံပွဲများ၊ ကြိုဆိုနှုတ်ဆက်ဖို့ စစ်သားများ နှင့် ကျောင်းသားလူငယ်များကို တန်းစီစောင့်ဆိုင်းစေခဲ့သည့်အပြင်၊ အရေးကြီးသည့် လမ်းမကြီးများပေါ်တွင် တရုတ်နိုင်ငံအလံနှင့်အတူ ဧည်သည်နိုင်ငံ၏ အမျိုးသားအလံများကိုပါ ယှဉ်တွဲလွှင့်ထူပေးခဲ့သည်။
ထိုလုပ်ရပ်များ၏ နောက်ကွယ်က လေးနက်သည့်အဓိပ္ပာယ်ကို မည်သူမှ သတိမမူဘဲ နေကြမည် မဟုတ်။ အမေရိကန်ဆိုသည့် ကျောက်ဆူးကြီးနှင့် ကွာဝေးပြီး လမ်းစပျောက်နေသည့် ကမ္ဘာကြီးသည် တရုတ်ဘက်ကို မျက်နှာမူလာနေသည်မှာလည်း အဆန်းတကြယ် တော့ မဟုတ် ပေ။ ဒေါ်နယ်ထရမ့်ပင်တရုတ်နှင့် လက်တွဲလုပ်ဆောင်ချင်နေသည်။
ထိုအနေအထားတွင် တရုတ်နိုင်ငံသည် ထူးခြားပြောင်မြောက်သည့် သံတမန်ရေးရာ ကျွမ်းကျင်လိမ္မာမှုကို ပြသလာခဲ့သည်။ မေလအတွင်းမှာတင် အီရန်နိုင်ငံခြားရေးဝန်ကြီး၊ မစ္စတာထရမ့်၊ ဗလာဒီမီယာ ပူတင်နှင့် ပါကစ္စတန်ဝန်ကြီးချုပ်တို့ကို တဦးပြီးတဦး တက်သုပ်ရိုက် ကြိုဆိုဧည့်ခံခဲ့သည်။
အောက်တိုဘာလ အတွင်း ရှီ သွားရောက်ခဲ့သည့် ခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံ ဖြစ်ပြီး၊ မကြာခင် သွားရောက်ဖို့ ရှိနေသည့် နောက်ထပ်ခရီးစဉ်က မြောက်ကိုရီးယားနိုင်ငံ ဖြစ်နိုင်သည်။ ယခုလိုသဘောထားကွဲလွဲမှုများ ပြင်းထန်နေသည့်ခေါင်းဆောင် များ နှင့် အလွယ်တကူ ဆက်သွယ်ထိတွေ့နိုင်စွမ်းမျိုး တခြားဘယ်နိုင်ငံမှာမှ မတွေ့ခဲ့ရပေ။
အဘယ်ကြောင့် ဆိုသည်ကို ဆန်းစစ်ကြည့်မည် ဆိုက ထင်ရှားသည့် အဖြေ နှစ်ခု ကို တွေ့လာရသည်။
တရုတ်နိုင်ငံကိုယ်နှိုက်က စီးပွားရေးဩဇာအာဏာရှိ နေမှု နှင့် အမေရိကန်၏ ထရမ့်ဗဟိုပြု ကမောက်ကမဖြစ်မှုများကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာနိုင်ငံများ အကြား ပိုမိုဆွဲဆောင်မှုရှိလာနေသည်။ သို့သော် ထိုနိုင်ငံများသည် တရုတ်နိုင်ငံ၏ အာရုံစိုက်မှုကို လိုချင်ကြသည်။ ဆိုင်တဆိုင်တွင် ပစ္စည်းကောင်း၍ လူများလာကြည့်ကြသည့် သဘောမျိုး ဖြစ်သည်။ သို့ သော် လာသမျှလူတိုင်းကို ပစ္စည်းဝယ်သွားအောင် ဆိုင်ရှင်က ဘယ်လို ဗျူဟာနဲ့ ရောင်းလိုက်သည်လဲ ဆိုသည့် "အရောင်းစွမ်းရည်" အပိုင်းကို ကား တွေးရခက်နေသည်။
နောက်ထပ်အကြောင်းရင်းတခုသည်က—တရုတ်နိုင်ငံ၏ အလျှော့အတင်းမရှိ စွဲစွဲမြဲမြဲ ကျင့်သုံးသည့် 'အပေါ်ယံဆန်သည့် သံတမန်ရေးရာ ချဉ်းကပ်မှု' (thin approach to diplomacy) ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် 'မဟာမိတ်' များ မလိုအပ်၊ 'မိတ်ဖက်' များကိုသာ လိုလားသည်။ ထိုသို့ ကွာခြားချက်သည် နိုင်ငံခြားရေးရာ ပတ်သက်ဆက်နွှယ်မှုများတွင် ထဲထဲဝင်ဝင် အဖြစ် မရောက်စေဘဲ၊ အကျယ်ပြန့်ဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိလာသည်။
တရုတ်နိုင်ငံက ၎င်း၏ မိတ်ဖက်နိုင်ငံများဆီက အဓိကတောင်းဆိုသည့် အချက်များသည် တရုတ်၏ ပြည်တွင်းရေးကို ဘာမှဝင်မပြောဖို့နှင့် တရုတ်၏ အဓိက အကျိုးစီးပွားများ လိုက်လံအကောင်အထည် ဖော်နေမှုကို အဟန့်အတားဖြစ်စေမည့် အရာမှန်သမျှ ဘာမှမလုပ်ဖို့ပင် ဖြစ်သည်။
အမေရိကန်က မဟာမိတ်များကို ကာကွယ်ဖို့ စစ်ရေးအရပါ အပြည့်အဝ တာဝန်ယူပေးလေ့ရှိ သော်လည်း၊ တရုတ်သည် စီးပွားရေးအရ အပေါ်ယံ လက်တွဲခြင်းမျိုးသာ ဖြစ်ပြီး မိတ်ဖက် နိုင်ငံ ဒုက္ခရောက်လျှင် စစ်ပွဲထဲဝင်တိုက်ပေးဖို့အထိ တာဝန်မခံသည့် မူဝါဒ မျိုး ဖြစ်သည်။ တရုတ်သည် ကမ္ဘာကြီးတခုလုံးကို ဦးဆောင်ဖို့၊ ကမ္ဘာ့ပြဿနာတွေကို လိုက်ရှင်းပေးဖို့ မဟုတ်ဘဲ၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ဖို့ဆိုသည့် ကပ် စေး နဲ တွက်ကပ်ထားသည့် "ကျဉ်းမြောင်းသည့် ကိုယ်ကျိုးစီးပွား" အပေါ်မှာသာ အခြေခံထားခြင်း ဖြစ်သည်။
မြောက်ကိုရီယား မှ လွဲ၍ ကျန် နိုင်ငံများ နှင့် အဆင့်နိမ့် မိတ်ဖက်ပြုမှု မျိုးသာ ရှိသည်။ မြောက်ကိုရီးယားတနိုင်ငံတည်းသာ တရုတ်နိုင်ငံ၏ တရားဝင် စစ်ဘက်ဆိုင်ရာ မဟာမိတ် ဖြစ်သည်။ ဂျော့ခ်ျမေဆင် တက္ကသိုလ်မှ ခက်တီယန် ကျန်း ၏ အဆိုအရ တရုတ်သည် နိုင်ငံပေါင်း ၁၀၉ နိုင်ငံကို မိတ်ဖက်နိုင်ငံများ အဖြစ် သတ်မှတ်ထားသည်။
ထိုစာရင်းထဲတွင် အံ့ဩစရာကောင်းလောက်အောင် ဆန့်ကျင်ဘက်ဖြစ်နေကြသည့် ရန်ဘက်နိုင်ငံများ စုံလင်စွာ ပါဝင်နေသည်။ — ဥပမာအားဖြင့် ယူကရိန်းနှင့် ရုရှား၊ အိန္ဒိယနှင့် ပါကစ္စတန်၊ အစ္စရေးနှင့် ပါလက်စတိုင်း၊ အီရန်နှင့် ဆော်ဒီအာရေဗျတို့ ဖြစ်ကြသည်။ ထိုစာရင်းသည်လည်း ရှေ့ လျှောက် ပိုရှည်လာဖို့သာ ရှိနေသည်။
ပညာရှင်များကတော့ တရုတ်နိုင်ငံ တိုးတက်အင်အားကြီးမားလာသည် နှင့်အမျှ ယခုလို မိတ်ဖက်အဖွဲ့ဝင် တိုးချဲ့လာခြင်းသည် “ရှောင်လွှဲလို့မရသည့် အခြေအနေ” ဖြစ်သည်ဟု ဆိုကြသည်။
၎င်းတို့နှင့် နယ်နိမိတ်ချင်း အငြင်းပွားနေသည့် နိုင်ငံများကိုပင် တရုတ်ဘက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသည်။ ယင်းသည် လက်တွေ့မှာတော့ တရုတ်နိုင်ငံအနေနဲ့ အဖွဲ့ဝင်ဖြစ် ဖို့ ရွေးချယ်စီစစ် စရာမလို သောကမ္ဘာ့အသင်းအပင်းတခုကို တည်ဆောက်နေခြင်းပင် ဖြစ်သည်၊ အဖွဲ့ဝင် ဖြစ်ယုံနှင့် ၎င်းတို့နှင့် နီးစပ်မှု ရှိနေသယောင် ထင်မြင်လာအောင် ခမ်းခမ်းနားနား ကြိုဆို ဧည့်ခံပေးခဲ့သည်။
၎င်းတို့ကို မြှောက်ပင့်ချီးမွမ်း ပေးဖို့လည်း ဝန်မလေး၊ အထူးသဖြင့် အမေရိကန် သို့မဟုတ် ဥရောပနိုင်ငံများထံက အမြဲတမ်း ပြစ်တင် ဝေဖန်မှု မျိုးကိုသာ ခံ နေရသည့် နိုင်ငံများအတွက် ပိုလို့ပင် ထိရောက်နေသည်။ ထိုနေရာတွင်လည်း အုတ်ရောရော ကျောက်ရောရော တော့ မဟုတ်၊ အဆင့်အတန်း သတ်မှတ်ချက်တခု ရှိ နေပြန်သည်။ — ဥပမာအားဖြင့် ပါကစ္စတန်၊ အီသီယိုပီးယားကဲ့သို့ နိုင်ငံများအား “ရာသီမရွေး ရေရှည်မဟာဗျူဟာမြောက်” မိတ်ဖက်ပြုမှုအဆင့်မျိုး ပေးထားပြီး ဖင်လန်နှင့် ဘယ်လ်ဂျီယံ ကဲ့သို့ နိုင်ငံများကိုမူ “ပူးပေါင်းဆောင်ရွက်ရေး” မိတ်ဖက်ပြုမှုအဆင့်သာ ထားခဲ့သည်။
မည်သူကမျှလည်း ထိုကဲ့သို့ စကားလုံး အသုံးအနှုန်း ကွာခြားမှု ကို ဂရုစိုက်မနေကြ။ အနောက်နိုင်ငံက သံတမန်တဦးကတော့ ယင်းကို တရုတ်အတွက် တပြားမှ ကုန်ကျစရာ မလိုဘဲ စိတ်ကျေနပ်မှု ပေးနိုင်သည့် “စကားလုံးအလင်္ကာ လက်သုပ်” တခုဟု ခိုင်းနှိုင်းခဲ့သည်။
တရုတ်သည် ၎င်း၏ မိတ်ဖက်နိုင်ငံများကို မည်သည့် အခါမှ အဆင့်လျှော့ချလေ့ မရှိခဲ့။ ၎င်းတို့ မကြိုက်သည်များ ပြုလုပ်လာပါက မှားနေပြီ ဆိုသည်ကို သိစေရန် အတွက် ၎င်းတို့ ထံမှ ဝိုင်၊ အမဲသား၊ သစ်အကြမ်းထည်များ ဝယ်ယူဖို့ ငြင်းဆန်သည့် နည်းလမ်းနှင့် ပြန် တည့်မတ် ပေးလေ့ရှိသည်။
ထို့အပြင် “မိတ်ဖက်” အဖြစ် ပုံဖော်ထားခြင်းသည် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ လိုလားချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ အငြင်းပွားမှုများကို နှစ်နိုင်ငံချင်း သာ တံခါးပိတ်ဆွေးနွေး အဖြေရှာသင့်သည့်ဟု ပြောလာခြင်းဖြင့်လက်တွေ့တွင် အဖက်ဖက် တွင် အင်အားအကြီးဆုံးဖြစ်နေသည့် တရုတ်အတွက် အလွန်အဆင်ပြေစေသည့် အနေအထား ဖြစ်လာသည်။
တရုတ်၏ နိုင်ငံခြားရေး မူဝါဒသည် မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်သည့် သဘောရှိပြီး၊ ၎င်းတို့ဘက်က မရပ်တည်လျှင် ပြဿနာရှိလာနိုင်သည်။ ထိပ်တန်းအဆင့် မိတ်ဖက်နိုင်ငံတခု ဖြစ်လာဖို့အတွက် အောက်ပါအချက်အနည်းငယ်ကို ပကတိအရှိတရားအဖြစ် လက်ခံထားကြရမည် ဖြစ်သည်။ — ဥပမာအားဖြင့် တိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပိုင်နက်ဖြစ်သည်၊ ရှင်ကျန်း၊ တိဗက်နှင့် ဟောင်ကောင်တို့တွင် တရုတ်၏ သံမဏိလက်သီးဖြင့် နှိမ်နင်းကိုင်တွယ်မှုများသည် လုံးဝတရားမျှတမှုရှိသည် ဆိုသည်တို့ပင် ဖြစ်သည်။
ထိုသို့ ဖြစ်လာရန် အတွက် တရုတ်သည် နိုင်ငံခြားရေးမူဝါဒ တွင် “ဝင်ရောက်စွက်ဖက်ခြင်းမရှိရေး” ကို အဓိက အချက် အဖြစ် အတင်းအကျပ် ထည့်သွင်းထားခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းတို့ဘာသာ သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း ဘယ်လို ဝေဖန်မှုမျိုးမှမရှိ စေဘဲ စိတ်ကြိုက် လုပ်ပိုင်ခွင့်ရချင်သည်။
နောက်ပိုင်းတွင်တော့ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက် တခုပါ တိုးလာခဲ့သည်။ — ဤသည်က တခြားနိုင်ငံ များရှိ ပြည်တွင်းကုမ္ပဏီများ ဒုက္ခရောက်နေလျှင်ပင် တရုတ်၏ ထုတ်ကုန်များ နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အမြဲလို တံခါး ဖွင့်လှစ်ပေးထားရမည် ဆိုသည်မျိုး ဖြစ်သည်။ တရုတ်နိုင်ငံ၏ မိတ်ဖက်ပြုမှုသည် ပိုပြီး ရှေးရိုးစွဲဆန် ပြီး တခြားသူများက မိမိတို့၏ အာဏာကို လာရောက်ထိန်းညှိဟန့်တားခြင်းမျိုး မလုပ်နိုင်အောင် တားဆီးဖို့ကိုသာ ရည်ရွယ်သည်။
တရုတ်နိုင်ငံ၏ မျက်နှာသာပေးမှုကို လိုချင်ကြသည့် နိုင်ငံများ အဖို့ တရုတ်၏ စကားလုံး အသုံးအနှုန်း အတိုင်း လိုက်ပါ စီးမျောခဲ့ကြသည်။ ၎င်းတို့ အပေါ် တခြား စည်းကမ်းသတ်မှတ်ချက်များဖြင့် အတင်းအကျပ် လုပ်တာမျိုး သိပ်မရှိ သော ကြောင့် လည်း ဖြစ်သည်။ ဤသည်ကပင် ၎င်းတို့ဘက်က ပြန်ရမည့်အရာများကို ကန့်သတ်လိုက်သလို ဖြစ်သွားခဲ့သည်။ ဆိုလိုသည်က တရားဝင် စစ်ရေးအရ ကူညီပံ့ပိုးပေးဖို့ဆိုသည်ကို လုံးဝ ဆွေးနွေးစရာ မဟုတ်ဟု သတ်မှတ် ပေးလိုက်ခြင်းပင် ဖြစ်သည်။
ယခုနှစ်အတွင်း နီကိုးလပ်စ် မာဒူရို နှင့် အလီ ခါမေနီ တို့ ရာထူးက ပြုတ်ကျသွားခဲ့ခြင်းကို ကြည့်မည်ဆိုက တရုတ်၏ ပံ့ပိုးကူညီမှုသည် အကန့်အသတ် နှင့် ဖြစ်သည်ကို ကောင်းကောင်း မီးမောင်းထိုးပြသွားခဲ့ခြင်းပင် ဖြစ်သည်။ မိတ်ဖက်ဖြစ်မှုသည် စီးပွားရေးအရ ချိတ်ဆက်မှု များကိုသာ ပေးစွမ်းနိုင်ခဲ့ပြီး အမေရိကန်၏ အင်အားကြီးမားမှုကို အကာအကွယ်ပေးနိုင်မည့် ဒိုင်းလွှား မျိုးတော့ ဖြစ်မလာခဲ့ ပေ။
ရုရှားနိုင်ငံသည်လည်း နောက်ထပ် ဥပမာတခု ဖြစ်သည်။ ပူတင် အပါအဝင် ရုရှားအရာရှိ များသည် တရုတ်ကို "မဟာမိတ်" အဖြစ် အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုခဲ့ကြ သော်လည်း၊ တရုတ်နိုင်ငံဘက်ကမူ ထို စကားလုံးမျိုး သုံးနှုန်းဖို့ကို အမြဲတမ်း ပြတ်ပြတ်သားသား ရှောင်လွှဲခဲ့သည်။ အနီးစပ်ဆုံး သည်က ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ၂၀၂၂ ခုနှစ်တွင် "အတားအဆီး ကန့်သတ်ချက်မရှိ" (no limits) ချစ်ကြည်ရေး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းပင်ဖြစ်သည်။
ထိုမျှ အဆင့် မိတ်ဖက်ပြုမှုမျိုး ဖြင့်ပင် ရုရှားသည်စစ်ပွဲကို ဆက်လက် ဆင်နွှဲ နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှားစစ်တပ်အတွက် လိုအပ်သည့် "အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံး" ကုန်ပစ္စည်းများကို တင်ပို့ပေးနေပြီး၊ ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြန်လည် ဝယ်ယူ ပေးနေသည်။
အကယ်၍ တရုတ်နိုင်ငံသာ ရုရှားကို နောက်ကွယ်က အင်တိုက်အားတိုက် ထောက်ခံပံ့ပိုးပေးခဲ့လျှင် ယခု စစ်ပွဲသည် ရုရှားအတွက် အများကြီး ပိုပြီးအခြေအနေကောင်းလာ နိုင် ပေသည်။ ပူတင်သည် တရုတ်ခေါင်းဆောင်ပိုင်းထံ မကြာခဏ လာရောက် နေခြင်းကပင် ယခုထက်ပိုမို ပံ့ပိုးကူညီမှုများ လိုလားနေသည် ဆိုတာကို ပြသနေသည်။
တရုတ်နိုင်ငံသည် အမေရိကန်ကို "မိတ်ဖက်" လို့ ခေါ်ဖို့ အဆင်သင့်မဖြစ်သေး၊ အထူးသဖြင့် ဝါရှင်တန်ရှိ လူအများစုက လက်မခံနိုင်သေး၍ ဖြစ်သည်။ သို့သော်လည်း ရှီသည် ထရမ့် ဘီဂျင်းကို မကြာခင်က လာရောက်လည်ပတ်ခဲ့စဉ်အတွင်း အသုံးအနှုန်းအသစ်တခုကို လက်ခံသဘောတူလာအောင် စည်းရုံးနိုင်ခဲ့သည်။
ယခု အခါတွင်တော့ စူပါပါဝါ နှစ်နိုင်ငံစလုံးသည် “မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော အပြုသဘောဆောင်သည့် ဆက်ဆံရေး” (constructive relationship of strategic stability) အဆင့် ရောက်ရှိလာပြီ ဖြစ်သည်။ အမေရိကန်အပေါ် မည်သည့် တာဝန်ဝတ္တရားမှ သက်ရောက်စေခြင်း မရှိ စေပဲ၊ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို တရုတ်က စိတ်ကြိုက် ပုံဖော်သတ်မှတ်လိုက်နိုင်ပြီဟု ပြော၍ ရသည်။ — ဆိုလိုသည်က မည်သည့် ပဋိပက္ခမျိုးမဆို အမေရိကန်အနေနှင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မျိုးကို ရှောင်ကြဉ်ရမည် ဟူ၍ ဖြစ်သည်။ အကယ်၍ အမေရိကန်သည်သာ ထို ဇာတ်ညွှန်းအတိုင်း လိုက်ပါလုပ်ဆောင်မည် ဆိုက မိတ်ဖက်ဖြစ်မည့် လမ်းကြောင်းပေါ်ကိုပင် ရောက်လာနိုင်သည်။ ထိုသို့ ဖြစ်လာမည် ဆိုက တရုတ်နိုင်ငံ၏ အပေါ်ယံဆန် သော သံတမန်ရေး မူဝါဒ၏ အမြင့်မားဆုံး အောင်ပွဲတစ်ခု ဖြစ်လာ ပေ လိမ့်မည်။
(၂၀၂၆ မေလ ၂၅ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "China’s diplomatic successes are broad but shallow" ဆောင်းပါးကို ပြန်လည်တင်ပြသည်။)