မြန်မာ ပြည်သူ အများစုက အတုအ ယောင် သမ္မတ အဖြစ် သာ သတ်မှတ်ထား သော မင်းအောင်လှိုင်သည် ပထမ ဆုံး ပြည်ပ ခရီး အဖြစ် လာမည့်လတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။
အိန္ဒိယ၏ လုပ်ရပ်သည် ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးအရ အရေးပါသည့် ရိုက်ခတ်မှုများ ရှိလာနိုင်သည်။
အမျိုးသားရေး ဝါဒီ ဖြစ်သော ဝန်ကြီးချုပ် နာရင်ဒါ မိုဒီသည် ဒီမိုကရေစီ ထက် အိန္ဒိယ၏ အမျိုးသားအကျိုးစီးပွားနှင့် နယ်စပ်တည်ငြိမ်ရေး ကို အဓိက ထားရမည် ဟူသော လက်တွေ့ကျကျ စဉ်းစား ဆုံးဖြတ်လာသည့် realpolitik ကို ကျင့်သုံးလာခြင်းပင် ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်း (မဏိပူရ်၊ နာဂလန်း စသည့်) ပြည်နယ်များမှ တော်လှန် ရေး အဖွဲ့များသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်လေ့ရှိသဖြင့် ၎င်းတို့ကို နှိမ်နင်းရန် မြန်မာစစ်တပ်၏ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယက လိုလားနေသည်။
ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းမကြီး ကဲ့သို့သော အိန္ဒိယ၏ မဟာဗျူဟာမြောက် စီမံကိန်းများကို ကာကွယ်ရန် လက်ရှိ အာဏာကိုင်စွဲထားသည့် အဖွဲ့အစည်းနှင့် ဆက်ဆံရေး ပြတ်တောက် မသွားမှ ဖြစ်မည်ဟုလည်း ခံယူထားသည်။
အိန္ဒိယသည် မြန်မာ့အရေးတွင် တရုတ်တ နိုင်ငံတည်းကသာ အဓိက ကြိုးကိုင်ပြီး လုပ်ချင်သလို လုပ်သွားမည့်အရေးကို အထူးစိုးရိမ်လျက် ရှိသည်။
တရုတ်သည် မြန်မာစစ်အုပ်စုသာမက တိုင်းရင်းသားလက်နက်ကိုင် (EAOs) အချို့နှင့်ပါ ဆက်ဆံရေး တည်ဆောက်ပြီး ဒေသတွင်း ဩဇာချဲ့ထွင်နေသည်။အိန္ဒိယက စစ်အုပ်စု ကို လုံးဝပစ်ပယ်လိုက်ပါက မြန်မာနိုင်ငံသည် တရုတ်အပေါ်လုံးလုံးလျားလျား ပိုမိုမှီခိုသွားနိုင်သဖြင့် အိန္ဒိယက ၎င်း၏ "Act East" ပေါ်လစီ အရ မြန်မာနှင့် သံတမန်လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
မည်သို့သော ရည်ရွယ်ချက်မျိုး နှင့် အိန္ဒိယ က ဖိတ်ခေါ်သည် ဖြစ်စေ ထို ခရီးစဉ်သည် မင်းအောင်လှိုင်အတွက်တော့ အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး သံတမန်ရေးရာ အောင်ပွဲတခု ဖြစ်လာနိုင်သည်။
အာဆီယံ ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ခံထားရပြီး နိုင်ငံတကာတွင် အထီးကျန်နေချိန်တွင် ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယက ပြည်ပခရီးစဉ်အဖြစ် ဦးဦးဖျားဖျား ဖိတ်ခေါ်လိုက်ခြင်းသည် စစ်အုပ်စုအား သံတမန်ရေးအရ တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ မျှော်လင့်သလို အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ လျော့ပါးသွားမှု မရှိသည့် အဖြစ်မျိုး နှင့် ကြုံတွေ့နေရချိန်တွင် အိန္ဒိယကဲ့သို့ အင်အားကြီးနိုင်ငံ တနိုင်ငံက လက်ခံတွေ့ဆုံခြင်းသည် စစ်အုပ်စု အတွက် ရပ်တည်စရာ သံတမန်ဒိုင်းတစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး အင်အားစုများ နှင့် ပြည်သူများ အကြားတွင် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယ၏ သစ္စာဖေါက်မှု ဟု သတ်မှတ်လာကြမည် ဖြစ်ပြီး စိတ်ပျက်မှု များနှင့်အတူ ဝေဖန်မှုများ မြင့်တက်လာမည်သာ ဖြစ်သည်။
တကယ်တမ်း တွင် အိန္ဒိယ ၏ ဒီမိုကရေစီ ဆိုသည်က အမည်ခံ သက်သက်သာ ရှိတော့ပြီး ရွေးကောက်ပွဲရာသီရောက်တိုင်း ပါတီ ပေါင်းစုံ မှ နိုင်ငံရေးသမားများသည် ငွေကြေးတွေ အလကားလိုက်ဝေဖို့ အလုအယက် ကြိုးပမ်းနေကြသည်။ ၎င်းတို့ အချင်းချင်း ကြားလည်း တရားဝင် မဲဝယ်သည့် စနစ်သဖွယ် နားလည်မှု နှင့် ကျင့်သုံးနေကြသည့် အတွက် လူထုကလည်း အများဆုံး ပေးနိုင်သူကို မဲထည့်ကြသည်ချည်း ဖြစ်၍ ကိုယ်ကျင့် သိက္ခာကို တန်ဖိုးထားသည့် လူများ၏ မဲ သည် မည်သို့မျှ အရာမရောက် တော့သည် စနစ်မျိုး နှင့် ရှင်သန်နေကြရခြင်း ဖြစ်သည်။
အိန္ဒိယသည် မြန်မာနိုင်ငံရှိ အတိုက်အခံအဖွဲ့အစည်းအချို့ကို ၎င်းတို့နိုင်ငံတွင် ကျင်းပသည့် ဆွေးနွေးပွဲများသို့ ဖိတ်ကြားခဲ့ဖူးသော်လည်း၊ ယခု မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ကြားခြင်းက အိန္ဒိယအနေဖြင့် "လက်တွေ့ကျသော မြေပြင်အာဏာ" ကိုသာ ပိုမိုဦးစားပေးဆက်ဆံတော့မည်ဟု အချက်ပြလိုက်ခြင်းဟု ယူဆစရာ ဖြစ်လာရသည်။
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် မဏိပူရ်နှင့် မီဇိုရမ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်ပေါင်း သောင်းချီရှိနေ၍ အိန္ဒိယသည် ဤခရီးစဉ်ကို အသုံးချ၍ နယ်စပ်ဘေးကင်းလုံခြုံရေးနှင့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကိစ္စရပ်များ အပေါ် မင်းအောင်လှိုင်ထံမှ တာဝန်ခံမှု တစုံတရာ ရရှိလာနိုင်သည် ဟူသော မျှော်လင့်ချက် နှင့် တိုက်ရိုက်ဆွေးနွေး အဖြေရှာရန် ရည်ရွယ်နေချင်းလည်း ဖြစ်သည်။
နောက်ထပ် အကြောင်းတခုကား မင်းအောင်လှိုင် သမ္မတ ဖြစ်လာမှု နှင့် အတူ မြန်မာသည် တရုတ် လက်အောက်ခံ နီးပါး ဖြစ်လာနေသည့် အတွက် တရုတ်သည် ၎င်းတို့၏ စီမံကိန်းများ အကြောင်းပြ၍ ရခိုင်ပြည်နယ် အတွင်း ခြေကုပ်ယူလာမည်ကို အိန္ဒိယ က စိုးရိမ်မကင်း ဖြစ်လာနေသည်။ အိန္ဒိယသည် တရုတ် နှင့် မြောက်ဖက်တွင် နယ်နမိတ်ချင်း ထိစပ်နေသော်လည်း ဟိမဝန္တာ တောင်တန်းကြီးသည် တံတိုင်းကြီး သဖွယ် ခံနေသည့် အတွက် တရုတ်တပ်များ မြေပြင်ထိုးစစ် ဆင်ဖို့ ခက်နေသည်။ သို့သော် အရှေ့မြောက်ဒေသ တဖက်ခြမ်းတွင် တရုတ်တို့ ရောက်ရှိလာမည် ဆိုက အိန္ဒိယ အဖို့ စိတ်အေးလက်အေး နေ၍ မရတော့ပေ၊ ထို့အတွက် ကြောင့်လည်း မင်းအောင်လှိုင်အား တရုတ်လက်နက်ကိုင် တပ်များ မည်သည့် အကြောင်းနှင့် ဖြစ်စေ နိုင်ငံ၏ အနောက် နှင့် အနောက်မြောက်ဒေသသို ခေါ်သွင်း မလာပါဟူသော အာမခံချက်မျိုး ရရန် လိုလားနေပုံရသည်။
သို့သော်လည်း အိန္ဒိယ၏ ယခုလုပ်ရပ်သည် ကျင့်ဝတ် သိက္ခာ နှင့် ဒီမိုကရေစီ အပေါ် တန်ဖိုးထားမှု ထက် "အမျိုးသားအကျိုးစီးပွားနှင့် လက်တွေ့ပထဝီနိုင်ငံရေး" ကို ရှေ့တန်းတင် လိုက် ခြင်းဖြစ်ပြီး၊ ၎င်းသည် မြန်မာ့အရေးတွင် အိန္ဒိယ၏ အခန်းကဏ္ဍကို ပိုမိုကြီးထွား လာစေနိုင်သော်လည်း နိုင်ငံတကာမျက်နှာစာတွင်မူ ဝေဖန်မှု အမြောက်အမြားနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
မေလအစောပိုင်းတွင် အိန္ဒိယရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဒင်းနစ်ရှ် ကူမား ထရီပါသီ သည် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်၊ ၎င်းသည် နှစ်အတော်ကြာအတွင်း အိန္ဒိယရေတပ်ဦးစီးချုပ်တဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပြီး မြန်မာစစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေကြောင်းလုံခြုံရေး၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ နယ်စပ်တည်ငြိမ်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
သွားရောက်မည့် ရက်အတိအကျ ကို နှစ်ဖက်စလုံးက အတည်ပြုရန် ရှိနေသည်။ မင်းအောင်လှိုင်သည် ဗုဒ္ဓဂါယာ သို့ပါ သွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။ ၂၀၁၇ အိန္ဒိယ ခရီးစဉ် တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဗုဒ္ဓဂါယာ တွင် ရက် အတန်ကြာ နေထိုင်ခဲ့ဖူးသည်။
မင်းအောင်လှိုင်အတွက်မူ ဗုဒ္ဓဂါယာ ခရီးစဉ်သည် သာမန်အထိမ်းအမှတ် သဘောမျိုးထက် ပိုမိုနက်ရှိုင်း နေသည်။ မြန်မာသည် ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းများကို အလေးအနက် ထိန်းသိမ်းထားသည့် နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ အမျိုးဘာသာ သာသနာ ဆိုသူများ သဘောခွေ့နိုင် မည် ခရီးစဉ် မျိုးလည်း ဖြစ်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!