ထိုသို့ စွန့်စားရမည့် အရေးသည် လွန်စွာ ကြီးမားသော စိန်ခေါ်မှုများ ရှိနေပေသည်၊ အကြောင်းမူကား -ပထမဦးစွာ မြန်မာတို့အနေဖြင့် ၎င်းတို့၏ အင်အားအသာစီးရမှု၊ တိကျသေချာသော သတင်းအချက်အလက် အရင်းအမြစ်များ ရှိထားမှုနှင့် တောတောင်ရေမြေကို ကျွမ်းကျင်ပိုင်နိုင်မှုတို့ကြောင့် အင်္ဂလိပ်စစ်တပ်၏ အင်အားအများအပြား ကုက္ကိုင်းခံခံတပ်ကို သွားရောက်တိုက်ခိုက်နေစဉ်အတွင်း ရန်ကုန်မြို့ကို သိမ်းပိုက်ရယူသွားနိုင်ခြေ ရှိနေသည်။
ဒုတိယအနေဖြင့် အင်္ဂလိပ်စစ်ဗိုလ်ချုပ်သည် မိမိ၏ တပ်ဖွဲ့များကို ကွေ့ကောက်နေသော တောလမ်းကလေးများအတိုင်း ချီတက်စေရမည် ဖြစ်ရာ၊ ထိုလမ်း တလျှောက်တွင် သစ်ပင်များနှင့် ခြုံကွယ်များမှနေ၍ မြန်မာ့ပြောက်ကျား တပ်သားများ၏ ချောင်း မြောင်းပစ်ခတ်ခြင်းကို ခံရ နိုင်ပြန်သဖြင့် မဟာဗန္ဓုလ၏ ပင်မခံတပ်သို့ မရောက်မီမှာပင် အင်္ဂလိပ်စစ်သည် ရာပေါင်းများစွာ ကျဆုံးသည် ချေမှုန်းပစ်နိုင်စွမ်း ရှိနေသည်။
နောက်ဆုံးအနေဖြင့် ၎င်းတို့သည် အမြောက်ကြီး တလက် သို့မဟုတ် နှစ်လက်ခန့်သာ ယူဆောင်သွားနိုင်သည့်အတွက်၊ ယခင်က ရင်ဆိုင်ခဲ့ဖူးသမျှ ခံတပ်များထက် ပိုမိုခိုင်ခံ့သော မြေကတုတ်ခံတပ်ကြီးကို အမြောက်တပ်ကူ မပါဘဲ အတင်းဝင်ရောက်တိုက်ခိုက်ရန် မိမိ၏ တပ်ဖွဲ့ဝင်များကို အမိန့်ပေးရမည် ဖြစ်သောကြောင့် ပင် ဖြစ်သည်။
သို့သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ စောစောပိုင်းတွင် ရန်ကုန်မြို့နှင့် ရွှေတိဂုံစေတီတော်ကို ခုခံထိန်းသိမ်းထားရန် စစ်သည်အင်အား ၃,၀၀၀ ခန့်ကို ချန်ထားရစ်ခဲ့ပြီးနောက်၊ သူသည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဗန္ဓုလ၏ တပ်များကို ရင်ဆိုင် တိုက်ခိုက်ရန် ထွက်ခွာခဲ့လေသည်။ ဗိုလ်မှူးချုပ် ကော့တွန် ကွပ်ကဲသော ညာဘက်စစ်ကြောင်းတွင် ဗြိတိသျှနှင့် အိန္ဒိယစစ်သည် ၃၄၀ ပါဝင်ပြီး၊ သူကိုယ်တိုင် အလှည့်ကျကွပ်ကဲသော ဘယ်ဘက်စစ်ကြောင်းတွင်မူ အင်အား ၈၀၀ ရှိသည်။
ကော့တွန်၏ တပ်ဖွဲ့သည် လမ်းလွှဲမှပတ်၍ နောက်ကျောဘက်မှ ဝင်ရောက်တိုက်ခိုက်ရန်ဖြစ်ပြီး၊ ကမ်းဘဲလ် ၏ တပ်ဖွဲ့ကမူ ၎င်းတို့ကို ရှေ့တည့်တည့်မှ ရင်ဆိုင်တိုက်ခိုက်ရန် ဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ၊ သူတို့ မြောက်ဘက်သို့ ခရီးတိုချီတက်နေစဉ်အတွင်း ဗန္ဓုလ၏ တပ်သားများသည် ၎င်းတို့အပေါ် တကြိမ်တစ်ခါမျှပင် လာရောက်တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။
မြန်မာတပ်များ အခိုင်အမာ တပ်စွဲထားသော စစ်စခန်းတည်နေရာမှာ အလွန်ပင် မဟာဗျူဟာမြောက်ပြီး အားကောင်းလှသည်။ ၎င်းကို ဝဲယာနှစ်ဖက်စလုံး၌ ကြီးမားသော ခံတပ်ကြီးနှစ်ခုဖြင့် တည်ဆောက်ထားပြီး အလယ်တွင် ဗဟိုကတုတ်ကျင်းဖြင့် ဆက်သွယ်ထားသည်။ ဘေး တောင် ပံ တဖက်စီသည် အလျား ကိုက် ၄၀၀ ခန့်နှင့် အနံ ကိုက် ၂၀၀ ခန့်စီ ရှိကြကာ အလယ်ဗဟိုထက် အရှေ့သို့ တိုးထွက်နေသည်။ အဆိုပါ စစ်ကွင်းစစ်ပြင်ကို မြန်မာစစ်သည်အင်အား ၂၀,၀၀၀ ခန့်ဖြင့် ခုခံကာကွယ်ထားကြောင်း တွေ့ရှိရသည်။
ဗြိတိသျှစစ်သေနာပတိ ကမ်းဘဲလ် က နောက်ပိုင်းတွင် အစီရင်ခံရာ၌ ဗန္ဓုလသည် ဤကဲ့သို့သော စစ်ရေးအရ အချက်အချာကျသည့် နေရာယူပုံမျိုးကို ပြသနိုင်ခဲ့ခြင်းမှာ “ကမ္ဘာ့ယဉ်ကျေးမှု အထွန်းကားဆုံးနှင့် စစ်ရေးအင်အား အတောင့်တင်းဆုံး နိုင်ငံများမှ အတတ်ပညာ အမြင့်မားဆုံးသော စစ်အင်ဂျင်နီယာများပင် ဂုဏ်ယူရလောက်မည့် စစ်မြေပြင် အကွက်အကွင်းမျိုး ဖြစ်သည်” ဟု ဆိုခဲ့သည်။
ဗြိတိသျှစစ်သည်များ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍မူ စစ်ဘက်အရာရှိ စနော့ဒ်ဂရပ်စ် က “သူတို့ဟာ ဆုတ်ခွာဖို့ လမ်းမရှိတော့ဘူးဆိုတာကို ကောင်းကောင်းကြီး သိထားကြတယ်။ ဒါကြောင့် အောင်ပွဲဆင်မလား၊ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိရှိနဲ့ အသေခံမလားဆိုတဲ့ ရွေးချယ်စရာ နှစ်လမ်းပဲ သူတို့မှာ ရှိတော့တယ်” ဟု ခံစားချက်မပါဘဲ ပြတ်ပြတ်သားသား မှတ်တမ်းတင်ခဲ့သည်။
၎င်းတို့ တောအုပ်ထဲမှ ထွက်လာသည်နှင့်တပြိုင်နက် အနီးအနားရှိ သစ်ပင်များပေါ်တွင် ပုန်းအောင်းနေသော မြန်မာ့တပ်၏ ကင်းပုန်းများထံမှ ကျည်ဆန်မိုးများ ရွာချသကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် ကမ်းဘဲလ် က မိမိ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကော့တွန် ၏ တပ်ဖွဲ့အား သတိပေးရန်အတွက် အချက်ပေးအမြောက်များ ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။
မိမိ၏ စစ်သည်များ စစ်ကြောင်းဖြန့်နေစဉ် အဝေးမှ တုံ့ပြန်အချက်ပေးသံကို ကြားရသည်နှင့် ကမ်းဘဲလ်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ မြန်မာတပ်၏ ဝဲ၊ ယာ တောင်ပံနှစ်ဖက်စလုံးကို တစ်ပြိုင်နက် ထိုးစစ်ဆင်တော့သည်။
တစ်ချိန်တည်းမှာပင် ကော့တွန်၏ တပ်ဖွဲ့သည်လည်း ကျွမ်းကျင်လှသော စစ်ရေးအတတ်ဖြင့် မြင့်မားလှသည့် သစ်တုံးခံတပ်တံတိုင်းများပေါ်သို့ လှေကားများထောင်ကာ စည်းကမ်းစနစ်တကျရှိရှိ ပစ်ခတ်ပြီး လှံစွပ်များပါ သုံး၍ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။
ကော့တွန်၏ တပ်မခွဲ (အထူးသဖြင့် ဗြိတိသျှဘုရင့် တပ်မ ၁၃) သည် ပင်မခံတပ်ကြီး၏ ရှေ့မှောက်ရှိ ကတုတ်ကျင်းအများအပြားကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းစဉ် ရန်သူ့ပစ်ခတ်မှုဒဏ်ကို အကာအကွယ်မဲ့စွာ ခံခဲ့ရသဖြင့် အထိအခိုက် အကျအဆုံး များပြားခဲ့သည်။
နောက်ဆုံးတွင် အင်္ဂလိပ်တပ်များသည် ခံတပ်အတွင်းသို့ အလုံးအရင်းဖြင့် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး၊ မိနစ် ၂၀ ခန့် အနီးကပ် လုံးထွေးသတ်ပုတ်ကြပြီးနောက် ခုခံနေသည့် မြန်မာစစ်သည်များသည် ၎င်းတို့၏ လက်နက်များကို စွန့်ပစ်ကာ အနီးရှိ တောနက်ထဲသို့ ဆုတ်ခွာထွက်ပြေးခဲ့ကြရလေသည်။
စနော့ဂရက်စ်သည် စစ်မြေပြင်အခြေအနေကို သေချာစွာ မှတ်တမ်းတင်ရန် ထိုနေရာတွင် ရှိနေခဲ့သည်။ သူက ယခုလို လေ့လာတွေ့ရှိခဲ့သည် — “ခံတပ်အတွင်းပိုင်းနှင့် ကျုံးထဲတွင် သေဆုံးနေသူများနှင့် သေလုမျောပါး ဒဏ်ရာရနေသူများ ပြန့်ကျဲနေသည်။ ထွက်ပြေးရန် လမ်းစမရှိတော့သည့် ရန်သူ (မြန်မာစစ်သည်) အမြောက်အမြားသည်လည်း ၎င်းတို့လူမျိုး၏ မပျက်ကွက်သော ပါးနပ်လိမ္မာမှု၊ ဉာဏ်ဆင်မှုတို့ဖြင့် မိမိတို့ကိုယ်ပေါ်တွင် သွေးများ သုတ်လိမ်းကာ သေဆုံးနေသည့် ရဲဘော်ရဲဘက်များ၏ အလောင်းများအောက်တွင် ဝပ်စင်းအိပ်နေခဲ့ကြသည်။ မှောင်ရီပျိုးစအချိန်တွင် ထွက်ပြေးလွတ်မြောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ်ကြခြင်း ဖြစ်သော်လည်း ၎င်းတို့ထဲမှ အများစုမှာ ရိပ်မိသွားခြင်းခံရပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ကြရသည်။"
ထိုတိုက်ပွဲသည် မြန်ဆန်သော အောင်ပွဲတရပ် ဖြစ်ခဲ့သော်လည်း ဗြိတိသျှတို့ဘက်မှ အကျအဆုံး များပြားစွာဖြင့် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ စုစုပေါင်း သေဆုံး သို့မဟုတ် ဒဏ်ရာရသူ ၁၃၆ ဦးအထိ ရှိခဲ့ပြီး၊ တပ်ရင်း (၁၃) တခုတည်းမှတင် အရာရှိ ၁၁ ဦးနှင့် စစ်သည် ၅၁ ဦး ကျဆုံး/ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း 'ဒိုင်ယာနာ' ရေနွေးငွေ့သင်္ဘောပေါ်မှ ဗြိတိသျှရေတပ်၏ အမြဲတစေ တက်ကြွလှုပ်ရှားသူဖြစ်သော ရေတပ်ဗိုလ် ကဲလက် သည် အနီးအနားရှိ ရန်သူ (မြန်မာ) တို့၏ တိုက်လှေတပ်စုကို တိုက်ခိုက်ခဲ့သည်။ သူသည် ပါးနပ်သော စစ်ဗျူဟာများကို အသုံးပြု၍ ရွှေချထားပြီး အမြောက်သုံးလက် တပ်ဆင်ထားသည့် တိုက်လှေတစ်စီးအပါအဝင် ရန်သူ့လှေ အစီး ၃၀ ကို သိမ်းပိုက်နိုင်ခဲ့ကာ အခြားလှေအမြောက်အမြားကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုဖျက်ဆီးခံလိုက်ရသော လှေအများစုသည် စစ်သူကြီး မဟာဗန္ဓုလ၏ တပ်ဖွဲ့များအတွက် ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ အပြည့်အစုံ တင်ဆောင်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ဗန္ဓုလ၏ တပ်မတော် ဆက်တိုက်အရေးနိမ့်ခဲ့မှုများသည် စစ်ပွဲ၏ ဦးတည်ချက်တခုလုံးကို ပြောင်းလဲပစ်ခဲ့သည်။ ‘သူပုန်ကုလားဖြူ များ’ ကို ရန်ကုန်မြို့မှ မောင်းထုတ်ပြီး ၎င်းတို့၏ စစ်တပ်ကို ချေမှုန်းပစ်မည်ဟူသော မြန်မာတို့၏ မျှော်လင့်ချက်ကို အနည်းဆုံးတော့ ယခုလောလောဆယ်တွင် လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်နိုင်ခဲ့သည်။
ဗန္ဓုလ၏ အင်အားဆုတ်ယုတ်သွားသော တပ်ဖွဲ့များသည် ဓနုဖြူမြို့သို့ ဆုတ်ခွာခဲ့ကြပြီး၊ ရန်သူ့စစ်ကြောင်း ချီ တက်လာမှုကို နှောင့်နှေးစေရန်အတွက် လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်တစ်လျှောက်တွင် တပ်များကို ချထားရုံမျှသာ တတ်နိုင်ခဲ့တော့သည်။
ယင်းသည် ဗြိတိသျှတို့အတွက် ကုန်းကြောင်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး အင်အားစုများ ရောက်ရှိလာချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။ ထို့ကြောင့် ယခုအခါ လမ်းပွင့်သွားပြီဖြစ်သဖြင့် ကမ်းဘဲလ်သည် မြောက်ဘက်သို့ ဆက်လက်ချီတက်ရန်နှင့် ဘကြီးတော်မင်းတရား၏ ‘ရွှေမြို့တော်’ အင်းဝတွင် စစ်ပြေငြိမ်းရေး စည်းကမ်းချက်များကို အကျပ်ကိုင် သတ်မှတ်ရန် စတင် ပြင်ဆင်လာခဲ့ တော့သည်။
**********************