မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော် အဆင့် ခိုးယူမှု ကြီး ဖြစ်ပွားခဲ့သည်။
ထိုနေ့က စစ်တပ်ပိုင် မြဝတီ ရုပ်သံ မှ စစ်ယူနီ ဖောင်း အပြည်အစုံ ဖြင့် သီချင်းတပုဒ် ကို သီဆို ထုတ်လွှင့်လာရာ ကြည့်သူ များက ထုံးစံ အတိုင်း တီဗီ ပိတ်ရန် အချက်ပေး သံ အောက်မေ့၍ ရီမုတ်ကို လှမ်းကိုင် လိုက်ချိန်တွင်ဝောာ့ ၎င်းတို့ နှင့် ကောင်းစွာ နားရည်ဝ ပြီး ဖြစ်နေသည့် သီချင်းကို ကြားလိုက်ကြရ၍ ကြက်သေ သေ သွားကြသည်။
အားလုံး၏ စိတ်ထဲတွင် နေပြည်တော်တွင် အာဏာ သိမ်းမှု ဖြစ်ပွား၍ များ လောဟု ဒိတ်ကနဲ ရင်ခုံသွားကြသည်။
၎င်းတို့ ကြားလိုက်ရသော သီချင်းကား အရေးကြီးပြီ (သွေးသစ္စာ) ဖြစ်နေသောကြောင့်ပင်။ ထို့နောက်တွင်တော့ တိုင်းကျော်ပြည်ကျော် သီချင်းကြီး ကို စစ်အာဏာ ပိုင်များက "စစ်သားသွေးနီ ရှေ့သို့ချီ" ဟု အမည် ပေးကာ၊ မူလစာသားများအနက် "ခွပ်ဒေါင်းသွေး" ဆိုသည့် နေရာတွင် "စစ်သားသွေး" ဟု အစားထိုးကာ ဇာနည်စစ်သွေး ဆိုသူက ရေးစပ်ထားသည်ဟု ဗြောင်ခိုး ချ ထုတ်လွှင့်နေမှန်း သိလာခဲ့ကြသည်။ ထိုမျှနှင့် အားမရသေး ၁၉၆၀ ပြည့်နှစ်က ထွက်ရှိခဲ့သည့် မယ်ဒလင်သိန်းအောင်၏ စစ်ချီဓာတ်ပြားသီချင်းဖြစ်ကြောင်း ထပ်မံလိမ်ညာခဲ့ကြပြန်သည်။
စစ်အာဏာပိုင်များသည် ၎င်းတို့အား ဆန့်ကျင်တော်လှန် နေသည့် သမိုင်း တလျောက် အလေးအမြတ်ထားရသည့် "သွေးသစ္စာ သီချင်း" ကို ၎င်းတို့၏ ဝါဒဖြန့် ယန္တရားများက အတင်းအဓမ္မ သိမ်းယူ လိုက်ခြင်းပင် ဖြစ်သည်။
"သွေးသစ္စာ" သီချင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလကတည်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ပြည်သူများ သွေးသစ္စာပြု သီဆိုခဲ့သည့် ဂီတအနုပညာလက်နက် ဖြစ်သည်။ ယင်းသီချင်းကို ရေးသားခဲ့သူမှာ ကွယ်လွန်သူ တေးရေး၊ တေးဆို အဆိုတော် ထူးအိမ်သင်ဖြစ်ပြီး စစ်တပ်၏ လုပ်ရပ်ကို အဆိုတော်မွန်းအောင်က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့သည်၊ ထူးအိမ်သင် ကိုယ်တိုင် သူ့ဘေးတွင် ထိုင်ကာ ရေးသွားခဲ့သည့် သီချင်းဖြစ် ကြောင်း နှင့် ၁၉၆၀ က ဓါတ်ပြားဟောင်းဆိုလျင် အဲဒီဓာတ်ပြားဟောင်း အ စစ် အမှန် နားဆင်ပါရ စေ ဟု စိန်ခေါ်သွားခဲ့သည်။
အရေးကြီးပြီ" (သွေးသစ္စာ) သီချင်းမှာ ၁၉၈၉ ခုနှစ်တွင် တေးရေး၊ တေးဆို ထူးအိမ်သင်က ဒီမိုကရေစီအရေးအတွက် တောခိုဝင်ရောက်စဉ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အတွက် ကိုယ်တိုင်ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ၁၉၉၂ ခုနှစ်တွင် အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့၌ အသံသွင်းယူကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခွန်အားပေးသီချင်းအဖြစ် သီဆိုထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု ခေတ်သစ် သတင်းတွင် ဖေါ်ပြထားသည်။
ဖန်တီးသူ၏ ခွင့်ပြုချက်မရှိဘဲ ယူသုံးခြင်းသည် "ခိုးခြင်း" ဖြစ်သော်လည်း အုပ်ချုပ်ရေးနှင့် လက်နက်အာဏာကို ချုပ်ကိုင်ထားသူများ ဖြစ်သဖြင့် "ငါတို့ ကြိုက်သလို သုံးပိုင်ခွင့်ရှိသည်" ဆိုသည့် မောက်မာမှုဖြင့် ခိုးမှုကို တရားဝင်မှု အသွင် ပြောင်းလဲပစ်ခဲ့သည်။
၎င်းတို့ အဖို့က လူထု ခေါင်းဆောင်၏ ၈၁ နှစ်မြောက် မွေးနေ့ နီးကပ်လာပြီး Proof of Life ကမ်ပိန်းသည်လည်း ပြင်းထန်လာနေမှု ကို အာရုံလွှဲ နိုင်ရန် စိတ်ကူး ပေါက်ရာ ကြံစည်လာခြင်း ဖြစ်သော်လည်း၊ ထိုနမူနာ ကို ကြည့်၍ တိုင်းပြည်တွင် ဉာဏမူပိုင်ခွင့် ဥပဒေနှင့် ကျင့်ဝတ်များ လုံးဝ ပြိုလဲသွားကြောင်း နိုင်ငံတကာသို့ အခမဲ ကြော်ငြာ ပေးလိုက်ခြင်း ဖြစ်သည်ကို သတိမမူ မိကြ။
အုပ်ချုပ်သူ ကိုယ်တိုင်က သမ္မတ အဖြစ် လိမ်လည် လှည့်ဖျားပြီး "ကြီးလေးသော ခိုးယူမှု" Grand Larceny ကို ကျုးလွန်ခဲ့သည့် နမူနာ ကလည်း ရှေ့တွင် ရှိပြီး ဖြစ်သည်။
လက်နက် ကိုင် တပ် ရှိလျှင် ပြည်သူ့ လက်ဝယ်က အာဏာကို ပင် စိတ်ကြိုက်လုယူနိုင်ပြီး ၎င်းကို အမှန်တရားအဖြစ် ပုံဖျက်နိုင်သည်ဟူသော "ခိုးခြင်းကို ခိုးခြင်းဟု မယူဆတော့သည့် ကိုယ်ကျင့်တရား ကန်းလျက်ရှိသော အဖွဲ့အစည်း" ၏ ပုံရိပ်ကို အထင်အရှား မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။
ထို့ထက် ပို၍ ဆိုးသည်က သွေးသစ္စာ" သီချင်းကို ခိုးယူခြင်းသည် ငွေကြေး သို့မဟုတ် ပစ္စည်းတခုကို ခိုးခြင်းထက် ပိုမိုနက်ရှိုင်းသည်။ ၎င်းသည် တော်လှန်ရေး သမိုင်းကြောင်း၊ လူထု၏ ခံစားချက်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိညာဉ်ကိုပါ ခိုးယူဖျက်ဆီးလိုက် ခြင်းကြောင့်ပင် ဖြစ်သည်။
စစ်ကောင်စီနောက်လိုက်များနှင့် ဝါဒဖြန့် အသိုက်အဝန်းသည် ထိုသီချင်းကို ၎င်းတို့၏ အခမ်းအနားများ၌ ဂုဏ်ယူဝင့်ကြွားစွာ သီဆိုသည့်အခါ ၎င်းတို့ကိုယ်ပိုင် သီချင်းကဲ့သို့၊ ၎င်းတို့အတွက် ထိုက်တန်သည့် သီချင်းကဲ့သို့ ခံယူထားကြသည်။ အစစ်အမှန် ပိုင်ရှင်နှင့် သမိုင်းကြောင်းကို တမင်မျက်ကွယ်ပြုထားသဖြင့် ၎င်းတို့ကိုယ်တိုင်လည်း "သူတစ်ပါးအရာကို ခိုးယူထားသည်" ဟူသော အသိစိတ် လုံးဝကင်းမဲ့နေပြီး အမှားကို အမှန်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေကြသည်ကို အထင်အရှား တွေ့မြင်ခဲ့ကြရသည့် စာရိတ္တ ခြွတ်ခြုံကျမှု ကြီးပင် ဖြစ်သည်။
ထိုသို့ လက်ဆုပ်လက်ကိုင် အထင်အရှား ရှိနေပါလျက် နှင့် ဗြောင်ကျကျ လိမ်ညာရဲသည်ကို ကြည့်ပြီး ၎င်းတို့ နောင်တွင် ပြောသမျှ ကို မည်သူမျှ အယုံအကြည် ရှိကြတော့မည် မဟုတ် ၍ ၎င်းတို့၏ ဝါဒ ဖြန့်ချီရေး ယန္တရားကြီးကို ကိုယ်တိုင် ဖျက်ဆီး ပစ်လိုက်ကြခြင်းပင် ဖြစ် ပေ တော့သည်။
မြန်မာ့အုပ်ချုပ်ရေးအသိုက်အဝန်းအတွင်း အကျင့်ပျက်ခြစားမှုများ တိုးပွားလာခြင်းသည် ရိုးရှင်းသော ငွေကြေးအလွဲသုံးစားမှုအဆင့်ထက်ကျော်လွန်ပြီး တနိုင်ငံလုံးရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အခြေခံအဆောက်အအုံများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ပြင်းထန်စွာ ရိုက်ခတ်ဖျက်ဆီးလျက် ရှိ နေပြီ ဖြစ်သည်။
အကျင့်ပျက်ခြစားမှုကြောင့် နိုင်ငံတော်ဘတ်ဂျက်များနှင့် သယံဇာတမှရရှိသော ရန်ပုံငွေများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများထံ မရောက်ရှိတော့ဘဲ လူနည်းစု၏ လက်ဝါးကြီးအုပ်မှုအောက်သို့ ရောက်ရှိသွားသည်။
လာဘ်ပေးနိုင်သူကသာ အခွင့်အရေးရရှိသည့် စနစ်ကြောင့် သာမန်လက်လုပ်လက်စား ပြည်သူများသည် စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းများမှ ဖယ်ကျဉ်ခံရသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လမ်းခရီးနှင့် ဌာနဆိုင်ရာများတွင် ဂိတ်ကြေး၊ လာဘ်ငွေများ ပေးဆောင်ရသဖြင့် ကုန်ကျစရိတ် မြင့်မားလာပြီး ယင်းဒဏ်ကို နောက်ဆုံးစားသုံးသူ ပြည်သူများက ကုန်ဈေးနှုန်းကြီးမြင့်မှုအဖြစ် ခါးစည်းခံကြရသည်။
ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးကဲ့သို့သော အခြေခံအကျဆုံး ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများသည် ခြစားမှုဒဏ်ကို အဆိုးရွားဆုံး ခံရသည်။
အများပြည်သူသုံး ဆေးရုံများတွင် ဆေးဝါးနှင့် စက်ပစ္စည်း မလုံလောက်မှု၊ အရည်အသွေးမမီမှုများနှင့် ကြုံတွေ့ရပြီး ငွေကြေးမတတ်နိုင်သော ဆင်းရဲနွမ်းပါးသူများမှာ ရောဂါတခုခု စွဲကပ်လာသည်နှင့် သေဒဏ်ချမှတ် ခံလိုက်ရသလို အဖြစ်ဆိုးမျိုး နှင့် မလွဲမသွေ ကြုံလာကြရပြီ ဖြစ်သည်။
ပညာရေး တွင်လည်း ကျောင်းဝင်ခွင့်၊ ရာထူးတိုးနှင့် အမှတ်ပေးစနစ်များတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိလာသောကြောင့် အရည်အချင်းထက် ငွေကြေးက ပဓာနဖြစ်လာပြီး တိုင်းပြည်၏ အနာဂတ်လူငယ်များ၏ ပညာရေးအဆင့်အတန်း နိမ့်ကျသွားသည်။
တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့ကဲ့သို့သော အုပ်ချုပ်ရေးယန္တရားများတွင် ခြစားမှု အမြစ်တွယ်လာသောအခါ ပြည်သူများအတွက် တရားမျှတမှုသည် ဝယ်ယူရသည့် ကုန်စည်တခုကဲ့သို့ ဖြစ်လာသည်။
မှန်သော်လည်း ရှုံး၊ မှားသော်လည်း နိုင် ဆိုသည့် တရားစီရင် ရေမျိုး ဖြစ်လာသည်။ ငွေကြေးနှင့် အာဏာရှိသူက ဥပဒေအထက်တွင် ရှိနေပြီး သာမန်ပြည်သူများသည် မတရားခံရသည့်တိုင် အားကိုးရာမဲ့ ဖြစ်ကြရသည်။
လာဘ်ငွေပေး၍ ပြစ်ဒဏ်မှ ကင်းလွတ်နိုင်သည်ဟူသော အတွေး၊ အချိန်တန်လျင် နိုင်ငံ ရေး ခုတုံး လုပ်၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေမှု များ ကြောင့် ဒုစရိုက်မှုများ၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးပြဿနာများ ပိုမိုထူပြောလာပြီး လူမှုပတ်ဝန်းကျင် လုံခြုံမှု မရှိ ဖြစ်လာသည်။
အဆိုးရွားဆုံး ရိုက်ခတ်မှုမှာ ပြည်သူလူထု၏ အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ယဉ်ကျေးမှု ပျက်စီးသွားခြင်း ဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှုကို လုပ်ရိုး လုပ်စဉ် လို လက်ခံလာခြင်း ကြောင့် "အလုပ်တစ်ခု ပြီးမြောက်ဖို့ဆိုရင် လာဘ်ပေးရမှာပဲ" ဆိုသည့် အတွေးအခေါ်သည် လူ့အဖွဲ့အစည်းအတွင်း ပုံမှန်ကိစ္စ တခုလို ဖြစ်လာသည်။
ကြိုးစားအားထုတ်မှုနှင့် ရိုးသားမှုကို အရာမသွင်းဘဲ ကောက်ကျစ်ခြင်းနှင့် မျက်နှာလိုမျက်နှာရ လုပ်ဆောင်ခြင်းကသာ အောင်မြင်မှုသော့ချက်ဖြစ်သည်ဟု လူငယ်များ ထင်မြင်လာကြပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ဉာဉ်ဆိုးများ စွဲကပ်လာစေသည်။
ထိုသို့ အဖြူက်ု အနက်ဆိုးခံခဲ့ရ၍ မိမိတို့ သားသမီးများအားလည်း စိတ်ဓါတ် ကောင်းမွန်၍ အမှန်တရားကို မြတ်နိုးသူများ ဖြစ်လာအောင် လည်း ဆုံးမသွန်သင် ရကောင်းမှန်း မသိ တော့၍ ထိုညဉ် ဆိုး များ အတိုင်း လူဖြစ်ကြီးပြင်းကြရတော့မည် ဖြစ်သည်။
အုပ်ချုပ်ရေးကဏ္ဍတွင် အကျင့်ပျက်ခြစားမှုကြောင့် အရည်အချင်းရှိသူများ နေရာမရဘဲ အသိုက်အဝန်းကောင်းများ ပျောက်ဆုံးလာသည့်အခါ တိုင်းပြည်၏ ပညာတတ်များနှင့် လူငယ်လူရွယ်များသည် မိမိတို့နိုင်ငံတွင် အနာဂတ်မရှိဟု ခံစားကြရသည်။ ၎င်း၏ နောက်ဆက်တွဲအဖြစ် နိုင်ငံခြားသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာကြသဖြင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည့် လူသားအရင်းအမြစ်များ ဆုံးရှုံးရသည်။
မြန်မာ့အုပ်ချုပ်ရေးအတွင်း တိုးပွားလာသော အကျင့်ပျက်ခြစားမှုသည် နိုင်ငံရေး၊ စီးပွားရေးကိုသာမက လူ့အဖွဲ့အစည်း၏ "အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ခေါင်းပါးသွားခြင်း" ဟူသော စိတ်ဓာတ်ရေးရာ ပြိုလဲမှုကိုပါ ဖြစ်စေပါသည်။ ထို့ကြောင့် ဤခြစားမှု သံသရာကို မြေတောင် မြှောက်ပေး နေသူ များ ရှိနေသရွေ့ လုံခြုံ စိတ်ချရသော လူနေမှု ပတ်ဝန်းကျင်၊ မိမိတို့ မိသားစု အတွက် ကောင်းမွန်သော အနာဂတ်ကို တည် ဆောက်ပေးနိုင်မည့် မျှတ၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် မည်သို့မျှ မဖြစ်နိုင် တော့ပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!