၁၉၇၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ရစ်ချတ် နစ်ဆင် က “ကျွန်တော်ဟာ ဘယ်တုန်းကမှ လက်မြှောက် အရှုံးပေးတတ်တဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး” ဟု ပြောဆိုခဲ့သည်။ “သက်တမ်းမပြည့်ခင် ရာထူးကနေ နှုတ်ထွက်ဖို့ဆိုတာ ကျွန်တော့်မှာ ရှိသမျှ ဗီဇစိတ်အခံ အားလုံး နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာပါပဲ။”
သို့သော်လည်း ထိုစကားကို ပြောကြားပြီး နောက်တနေ့ မွန်းတည့်အချိန်တွင်မူ ဒုတိယသမ္မတဖြစ်သူ ဂျာရယ် ဖို့ဒ် ထံ သမ္မတရာထူးကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။ နစ်ဆင်၏ ရာထူးမှနှုတ်ထွက်သည့် မိန့်ခွန်းကို အမေရိကန်ပြည်သူ သန်း ၁၁၀ ခန့် စောင့်ကြည့်ခဲ့ကြသည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်းတွက်ချက်ခဲ့ကြပြီး၊ အဆိုပါပမာဏမှာ ၁၉၆၉ ခုနှစ် လကမ္ဘာပေါ် ဆင်းသက်ခြင်းကို စောင့်ကြည့်ခဲ့သည့် လူဦးရေ သန်း ၁၂၅ သန်းထက်စာလျှင် အနည်းငယ်မျှသာ လျော့နည်းခဲ့ခြင်းဖြစ်သည်။
နစ်ဆင်သည် ယခင်ကလည်း အခက်အခဲ အကျပ်အတည်းများကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဂျွန် အက်ဖ် ကနေဒီ ကို ရှုံးနိမ့်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ပြန်လည်ရုန်းထလာနိုင်ခဲ့ပြီး ၁၉၆၈ နှင့် ၁၉၇၂ ရွေးကောက်ပွဲများတွင် တခဲနက် မဲရလဒ်များ ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ နိုင်ငံရေးသက်တမ်း ပြည်ဖုဲးကား ချ သွားခဲ့ပြီဖြစ်သည်။
၁၉၇၂ တွင် ဒီမိုကရက်တစ် အမျိုးသားကော်မတီ ဌာနချုပ် တည်ရှိရာ ဝါရှင်တန်ဒီစီရှိ ဝါးတားဂိတ် အဆောက်အအုံဝင်းအတွင်းသို့ ဖေါက်ထွင်း ဝင် ရောက်ခဲ့သူများ အား ဖမ်းဆီးနိုင်ခဲ့ပြီး နောက် အိမ်ဖြူတော် နှင့် ဆက်နွှယ်လာသည့် အရှုပ်တော်ပုံသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
၁၉၇၄ ခုနှစ် အလယ်ပိုင်းတွင် နစ်ဆင်သည် ၎င်းအား ရာထူးမှ ဖယ်ရှားပစ်နိုင်သည့် စွပ်စွဲချက်ကို ရင်ဆိုင်ခဲ့ရသည်။ ဩဂုတ်လ ၅ ရက်နေ့တွင် အဆိုပါ ခိုးဝင်မှုအပေါ် FBI ၏ စုံစမ်းစစ်ဆေးမှုကို ၎င်းက ပိတ်ပင်ရန် ကြိုးပမ်းခဲ့ကြောင်း ပေါ်လွင်စေသည့် အသံသွင်းတိပ်ခွေများကို မလွှဲမရှောင်သာ ထုတ်ပြန်ခဲ့ရသည်။ ထိုသို့ ထုတ်ပြန်ပြီးနောက်တွင်မူ နစ်ဆင်၏ သမ္မတသက်တမ်းသည် လုံးဝဥဿုံ ကုန်ဆုံးသွားခဲ့ရတော့သည်။
သြဂုတ်လ ၁၀ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းတွင် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။
“စစ်ပြီးခေတ် အမေရိကန်ပြည်ထောင်စု၏ ကြံ့ကြံ့ခံနိုင်ဆုံးသော နိုင်ငံရေးသမားသည် အရှုံးမပေးဘဲ အဆုံးအထိ ဆက်လက်ရပ်တည်လိမ့်မည်ဟု နောက်ဆုံးအချိန်အထိ မျှော်လင့်ထားခဲ့ကြသည့် မိတ်ဆွေရင်းချာများပင်လျှင် မစ္စတာ နစ်ဆင် ရာထူးမှ နှုတ်ထွက်ရတော့မည့် အလားအလာကို လက်ခံလိုက်ကြရပြီ ဖြစ်သည်။"
ရာထူးကမနှုတ်ထွက်မီ ည၌ နစ်ဆင်သည် ပြင်းထန်လှသော စိတ်ဝေဒနာကို ခံစားနေခဲ့ရသည်။ အိမ်ဖြူတော်၏ ဒုတိယထပ်ရှိ လင်ကွန်း ဧည့်ခန်းငယ် အတွင်း၌ သူသည် မျက်ရည်ကျကာ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာ ကို “ကျွန် တော် ဘာတွေလုပ်မိခဲ့ပါလိမ့်” ဟု ညည်းတွားမြည်တမ်းခဲ့သည်။ ( ကစ်ဆင်ဂျာက နစ်ဆင်ကို အားပေးနှစ်သိမ့်ရန် သူ၏လက်များကို ဆုပ်ကိုင်ထားခဲ့ရခြင်းသည် “ကျွန်တော့်ဘဝမှာ ကြုံတွေ့ခဲ့ရသမျှထဲ အကြီးအကျယ် စိတ်အထိခိုက်ရဆုံး အချိိန်ပါပဲ” ဟု ၎င်း၏ အကြံပေးများကို ပြန်လည်ပြောပြခဲ့သည်။)
အကယ်၍ နစ်ဆင်သာ ထိုအရှုပ်တော်ပုံကို ဖုံးကွယ်ဖို့ မကြိုးပမ်းခဲ့ဘူးဆိုလျင် ထိုအရေးကနေ လွတ်မြောက်နိုင်မလား ဆိုသည်က အားလုံး စိတ်ဝင်စား ခဲ့ကြသည့် မေးခွန်း တရပ် ဖြစ်လာခဲ့သည်။
ထို မေးခွန်း နှင့် ပတ်သက်၍ မဂ္ဂဇင်းက ယခုလို ဆက်လက် ရေးသားခဲ့ပြန်သည်။ "အကယ်၍ လွန်ခဲ့သော ၂၅ လနှင့် ၁၇ ရက်ခန့်ကတည်းကပင် မိမိ၏ လက်အောက်ငယ်သားများသည် မတရားသောနည်းဖြင့် ရရှိထားသည့် ငွေကြေးများကို အသုံးပြုကာ မှားယွင်းသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြကြောင်း မစ္စတာ နစ်ဆင်အနေဖြင့် ဝန်ခံခဲ့မည်၊ ထို့ပြင် ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး နောက်နောင် ထပ်မံမဖြစ်ပွားစေရဟု ကတိပြုခဲ့မည်ဆိုပါက ဝါးတားဂိတ် အရှုပ်တော်ပုံကို မည်မျှအဆင်ပြေချောမွေ့စွာ ဖြေရှင်း၊ ညှိနှိုင်းပြီး ချေဖျက်ပစ်နိုင်ခဲ့မည်ကို ယခုအခါတွင်မူ မစ္စတာ နစ်ဆင်ကိုယ်တိုင်လည်း ကျန်ကမ္ဘာသူကမ္ဘာသားများနှင့်အတူ ပြန်လည်တွေးတော ဆင်ခြင်နေမိပေလိမ့်မည်။"
သို့သော် သူသည် ထိုသို့လုပ်ဆောင်မည့်အစား တက္ကဆပ်နှင့် မက္ကဆီကိုတို့ကို ဖြတ်ကျော်လျက် ကိုရယ်ဂါဘယ်စ် နှင့် ဝါးတားဂိတ် သူခိုးများထံသို့ ဦးတည်နေသည့် ငွေကြေးစီးဆင်းမှု လမ်းကြောင်းကို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဆက်လက်လိုက်လံ စုံစမ်းစစ်ဆေးခြင်းမပြုနိုင်ရန် အမိန့်ပေးပိတ်ပင်ခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ဤဖြစ်ရပ်များနှင့်ပတ်သက်၍ ယမန်နှစ် မတ်လ ၂၁ ရက်နေ့မတိုင်မီအထိ တစုံတရာ မျှ ကြိုတင်သိရှိခဲ့ခြင်းမရှိပါဟု ထိုအချိန်မှစ၍ ပြီးခဲ့သည့် တနင်္လာနေ့အထိ တစိုက်မတ်မတ် ငြင်းဆိုခဲ့သည်...”
နက်ရှိုင်းလှစွာ ပူးပေါင်းကြံစည်မှုကို နဖူးတွေ့ ဒူးတွေ့ ကြုံလာခဲ့ရသော အမေရိကန်ပြည်သူ များသည် သမ္မတရာထူးအပေါ် ထားရှိသည့် ၎င်းတို့၏ အမြင်များ ပြောင်းလဲသွားခဲ့သည်။ ၁၉၇၂ ခုနှစ်မှစ၍ ဝါးတားဂိတ် သူခိုးများ (ယင်းတို့အနက် သုံးဦးမှာ CIA တွင် လုပ်ကိုင်ခဲ့ဖူးသည့် ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသားများ ဖြစ်ကြသည်) နှင့် သတင်းစာနယ်ဇင်းများက CREEP ဟု သရော်လှောင်ပြောင် ခေါ်ဝေါ်ကြသည့် သမ္မတပြန်လည်ရွေးကောက်တင်မြှောက်ရေးကော်မတီ ဟူသော နစ်ဆင်၏ မဲဆွယ်စည်းရုံးရေး ယန္တရားအကြောင်း သတင်းအချက်အလက်များ တစထက် တစ ပေါက်ကြားလာခဲ့ခြင်းက ထိုလျှို့ဝှက်ကြံစည်မှု၏ အသေးစိတ် ဗူး ပေါ် သလို ပေါ်လာခဲ့ရသည်။။ နစ်ဆင်အစိုးရအဖွဲ့အနေဖြင့် မည်သို့သော အောင်မြင်မှုများပင် ရရှိခဲ့စေကာမူ၊ အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု လုံးဝဥဿုံ ပျက်ပြားသွားခဲ့ရခြင်းသည်သာ ၎င်းချန်ရစ်ခဲ့မည့် သမိုင်းအမွေအနှစ် ဖြစ်ပေတော့မည်။
သို့သော်လည်း အကောင်းဖက်က ကြည့်မည် ဆိုလျင် နစ်ဆင်၏ ရာထူးမှ နှုတ်ထွက်မှုသည် အမေရိကန်၏ အပြန်အလှန် ထိန်းကျောင်းကွပ်ကဲမှုစနစ် (Checks and Balances) မည်မျှအထိ ခိုင်မာတောင့်တင်းကြောင်း သက်သေပြ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ မဂ္ဂဇင်းက "“အောင်မြင်မှုများ၊အမှားအယွင်းများ၊ အရည်အချင်း ကောင်းများ၊ အားနည်းချက်များ ရှိခဲ့သော မစ္စတာ နစ်ဆင်၏ ဇာတ်လမ်းမှာတော့ ဤမျှဖြင့်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လွှတ်တော်တည်းဟူသော ‘လိပ်’ သည် သမ္မတတည်းဟူသော ‘ယုန်’ ကို အမိအရ ကျော်တက်သွားနိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ ဤသည်မှာ အမေရိကန်အစိုးရ ယန္တရား၏ အာဏာချိန်ခွင်လျှာ သို့မဟုတ် ဗဟိုချက်မတစ်ခုလုံး သိသိသာသာ အကြီးအကျယ် ယိမ်းထိုးပြောင်းလဲသွားခြင်းမျိုးကို ဆိုလိုခြင်း မဟုတ်" ဟု ရေးသားခဲ့သည်။
နစ်ဆင်သည် သမ္မတ လက်ဝယ်သို့ အာဏာများကို ပိုမိုစုစည်းရန်နှင့် အမေရိကန်အစိုးရယန္တရား၏ သဘောသဘာဝကို ပြောင်းလဲပစ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း လွှတ်တော်၊ တရားစီရင်ရေးကဏ္ဍနှင့် သတင်းမီဒီယာတို့သည် သမ္မတ၏အာဏာကို ဆက်လက်ထိန်းကျောင်းကွပ်ကဲနိုင်သည့် အဟန့်အတားများအဖြစ် အခိုင်အမာ ရပ်တည်ပေးခဲ့ကြသည်။
မဂ္ဂဇင်းက တဖန် "ဝါးတားဂိတ်အဆောက်အအုံမှ လူမည်း ညစောင့်ဝန်ထမ်းလေးမှသည် အမှု အတွက် ခန့်အပ်ထားသော အထူး အကြံ ပေး ရှေ့ နေကြီးမစ္စတာ ဂျွန်ဒိုအာ နှင့် လွှတ်တော်အမတ်များအထိ၊ အလွှာစုံ၏ စည်းကမ်းသေဝပ်ပြီး အသိစိတ်ရှိရှိ လုပ်ဆောင်ခဲ့ကြသည့် သာမန်ဟု ထင်ရသော လုပ်ရပ်များသည် တရားရုံးများ၏ စေ့စပ်သေချာလွန်း၍ ပျင်းစရာကောင်းလှသော လုပ်ငန်းစဉ်များ၏ ပံ့ပိုးမှုဖြင့် ၁၇၈၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အချုပ်အခြာအာဏာကို ပြန်လည်သက်ဝင်ခိုင်မာစေခဲ့သည်။"
ယင်းကာလအတွင်း အခြားသောနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ မည်သို့မည်ပုံ ပျက်ပြားပြောင်းလဲသွားခဲ့သည်ကို ပြန်လည်တွေးတောကြည့်မည်ဆိုပါက ဤသည်မှာ အံ့ဩချီးကျူးဖွယ်ရာပင် ဖြစ်သည်။ ထို့ကြောင့် မစ္စတာ နစ်ဆင်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် နိုင်ငံတော်အုပ်ချုပ်မှု အဆက်အစပ်ကို ပြတ်တောက်သွားစေခြင်းမျိုး မဟုတ်ဘဲ၊ အမှန်စင်စစ်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ သမိုင်းအစဉ်အလာကို တစိုက်မတ်မတ် ဆက်လက်ထိန်းသိမ်းလိုက်ခြင်းသာ ဖြစ်ပေသည်။" ဟု မှတ်ချက်ချခဲ့သည်။
နစ်ဆင်သည် သမ္မတရာထူးမှ နှုတ်ထွက်ခဲ့သည့် တဦးတည်းသော သမ္မတအဖြစ် ယနေ့တိုင် သမိုင်းတွင်ကျန်ရစ်ခဲ့သည်။ ထိုသို့ ရာထူးမှနှုတ်ထွက်မှုသည် ချက်ချင်းလက်ငင်း ဖြစ်ပေါ်လာခဲ့ခြင်းမျိုး မဟုတ်ဘဲ အကြောက်အကန် ဆန့်ကျင် ရုန်းကန်ခဲ့ရပြီးနောက်မှသာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
၎င်းဦးဆောင်ခဲ့သည့် သမ္မတအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ညှိုးနွမ်းစေခဲ့သည်။ သို့သော်လည်း နစ်ဆင်၏ ရာထူးမှထွက်ခွာသွားမှုသည် အမေရိကန်၏ အပြန်အလှန် ထိန်းကျောင်းကွပ်ကဲမှုစနစ်အနေဖြင့် အာဏာမက်မောလှသော သမ္မတတဦးကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာအောင် မလွှဲမရှောင်သာ ဖိအားပေးနိုင်ကြောင်း သက်သေပြခဲ့သည်။
ယင်းစနစ်သည် လက်ရှိအချိန်တွင် ထိုသို့ ဆက်လက်စွမ်းဆောင်နိုင်ဆဲ ဟုတ်၊ မဟုတ် ဆိုသည်မှာမူ သံသယဖြစ်ဖွယ်ရာ အနည်းငယ် ရှိနေပြီဖြစ်သည်။