တော်လှန်ရေး ကို အရှိန်အဟုန်အသစ် ဆောင်ကျဉ်းပေးလာသည့် ဖိုင်ဘာအော်ပတစ် ဒရုန်းများ

by Hla Soewai - Jun 01 2026

လူမပါ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်သည့် ယာဉ် (UAV) မှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတွင် ဖောက်ခွဲရေးပစ္စည်းများ အပြည့် တပ်ဆင်ထားသည့် 'အသေခံဒရုန်း' တစင်းသည် ချင်းပြည်နယ်ရှိ ညိုမှိုင်းမှိုင်း အဝါရောင်အဆောက်အအုံ အပြင်ဘက်တွင် စုဝေးနေသော လူတစု ဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီးနောက်၊ ၎င်းတို့၏ ခေါင်းပေါ်အရောက်တွင်ပင် ဗီဒီယိုဖမ်းယူမှု ရုတ်တရက် ပြတ်တောက်သွားသည်ကို တွေ့ရသည်။

 

အသေခံ ဒရုန်း ၏ ဦးတည်ရာမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဒေသန္တရရုံးပိတ်ရက် အထိမ်းအမှတ်အခမ်းအနားတခု တက်ရောက်ရန် ပြည်နယ်မြို့တော် ဟားခါးသို့ ရောက်ရှိနေသည့် မြန်မာ စစ်အုပ်စု ၏ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ရာပြည့် ဖြစ်သည်။

 

ဒရုန်းသည် ရာပြည့်ထံ မရောက်မီလေးတွင် ပျက်ကျသွားခဲ့သော်လည်း၊ ဤတိုက်ခိုက်မှုသည် ယူကရိန်းစစ်မြေပြင်တွင် အသုံးများလာပြီး မြန်မာ့စစ်မျက်နှာတွင်လည်း အရေအတွက် တိုးပွားလာနေသည့် ဖိုင်ဘာအော်ပတစ် ဒရုန်းများ၏ ကြီးမားသော ခြိမ်းခြောက်မှုကို ရဲရဲဝံ့ဝံ့ သက်သေပြလိုက်ခြင်း ဖြစ်သည်။

 

ဖိုင်ဘာအော်ပတစ် ဒရုန်း (Fiber-Optic Drone) ဆိုသည်က ရေဒီယိုလှိုင်းများ အစား ဖိုင်ဘာအော်ပတစ် ကြိုး ကို အသုံးပြုပြီး ထိန်းချုပ်မောင်းနှင်ရသည့် ဒရုန်းအမျိုးအစား ဖြစ်သည်။ အလွယ် ပြောရမည် ဆိုက "အလွန်ရှည်လျားသည့် ကြိုးတပ်ထား သော အဝေးထိန်းကစားစရာ ကား/လေယာဉ်" မျိုး ဖြစ်သည်။ နည်းပညာအရ ရှေးကျသည်ဟု ထင်ရ သော်လည်း jammer ခေါ် လှိုင်းဖြတ်တောက်မှုများ အဆမတန်များပြားလှသည့် ခေတ်သစ်စစ်မြေပြင်တွင်တော့ ရန်သူ့ခံစစ်ကို ထိုးဖောက်ဖျက်ဆီးနိုင်သည့် အလွန်ကြောက်စရာကောင်းပြီး ထိရောက်သော လက်နက်ဆန်းတစ်ခု ဖြစ်လာနေသည်။

 

အားနည်း ချက်သည်က ဒရုန်းထဲ ထည့်သွင်း သယ် ဆောင် သွားရသည့် ကြိုးခွေ၏ အရှည်ပေါ်မူတည်ပြီး ပျံသန်းနိုင်သည့် အကွာအဝေး ကန့်သတ်ချက် ရှိသည်။ လက်ရှိ စစ်မြေပြင်တွင် တော့ ၃ ကီလိုမီတာကနေ ၁၀ ကီလိုမီတာ (၆ မိုင်ခန့်) အထိ ရှည်တဲ့ ကြိုးခွေတွေကို သုံးကြသည် ဟု သိရသည်။ အကျယ် ၂၅ စင်တီမီတာ ရှိပြီး ဗုံးအလေးချိန် နှစ် ကီလိုဂရမ် အထိ သယ်ဆောင်နိုင်စွမ်း ရှိသည်။

 

အားသာချက် က ဖိုင်ဘာဒရုန်းသည် ရေဒီယို အချက်ပြလှိုင်း (Signal) ထုတ်လွှင့်စရာ မလိုသည့် အတွက် ရန်သူ့ရေဒီယိုထောက်လှမ်းရေးစနစ်များက ခြေရာခံဖို့ လုံးဝမဖြစ်နိုင်သည့်အပြင် jammer ဖြင့် ဖျက်ဆီး၍ မရ နိုင် ခြင်းပင် ဖြစ်သည်။

 

ရာပြည့်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော ဒရုန်း အား ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (Chinland Defense Force-Hakha) က စေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

ဖိုင်ဘာအော်ပတစ် ဒရုန်းများကို စစ်အုပ်စု ဘက်က လှိုင်းဖြတ်တောက် (Jamming) လို့ မရတဲ့အတွက် ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ် တိုက်ခိုက် နိုင်ပါတယ်။ အခန်းတွေထဲအထိပါ ဝင်ရောက်နိုင်သလို ဘယ်နေရာကိုမဆို ပျံသန်းသွားနိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ မြို့ပေါ်က ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မဆို စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်နေပါပြီ” ဟု အဆိုပါ တပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက Nikkei Asia) သို့ ပြောပြခဲ့သည်။

 

ရာပြည့်ကို ပစ်မှတ်ထားသည့် ဒရုန်းမှာ လူအုပ်အပေါ်တွင် ဆောက်လုပ်ထားသော မဏ္ဍပ်နှင့် ငြိမိပြီး မပေါက်ကွဲဘဲ ပျက်ကျသွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

 

တော်လှန်ရေးအဖွဲ့များက တချိန်က ဒရုန်းများ ဖြင့် အသာစီး ရယု ထားနိုင်ခဲ့ပြီး ၂၀၂၃ နှောင်းပိုင်းနှင့် ၂၀၂၄ အစောပိုင်း ထိုးစစ်ကြီးများအတွင်း ၎င်းတို့၏ ရေဒီယိုလှိုင်းသုံး ဒရုန်းများဖြင့် စစ် အုပ်စု တပ်များကို အရှေ့မြောက်ပိုင်းဒေသကြီးမှ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် စစ်အုပ်စု က ဒရုန်းအင်အားကို မြှင့်တင်လာပြီး မြို့ကြီးများနှင့် အရေးပါသည့်နေရာများတွင် အားကောင်းသော လှိုင်းဖြတ်တောက်မှုစနစ်များ တပ်ဆင်ကာ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းလှိုင်းများကို အကြီးအကျယ် နှောင့်ယှက်လာနိုင်ခဲ့သည်။ ထို့အတွက် ၂၀၂၄ နှစ်ဦး မှ စ၍ တော်လှန်ရေး အင်အားစုများဖက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှု သိသိသာသာ ကျဆင်းသွားခဲ့ရသည်။

 

သို့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် ဒရုန်းစစ်ပွဲတွင် ၎င်းတို့၏ အသာစီးရမှုကို ပြန်လည်ရယူရန် ကြိုးပမ်းသည့်အနေဖြင့် ဖိုင်ဘာအော်ပတစ်ဒရုန်းများကို စတင်ရှာဖွေဝယ်ယူပြီး အသုံးပြုလာကြပြီ ဖြစ်သည်။

 

ပထမဆုံး စတင် အသုံးပြုနိုင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ မေလအတွင်းက ဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က နိုင်ငံမြောက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချရန် ယင်းဒရုန်းအမျိုးအစားကို အသုံးပြုခဲ့သည်ဟု သတင်းများက ဆိုသည်။

 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ရန်သူ့လှိုင်းဖြတ်တောက်ရေးစနစ် (Jammers) များ၊ စခန်းများနှင့် စစ်ကောင်စီစစ်သည်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဖိုင်ဘာ ဒရုန်းများကို အသုံးပြု နေသည်ဟု သိရသည်။

 

သို့သော် မြေပြင်မှ ပစ်ချနိုင်သလို ပိုက်ကွန်များဖြင့်လည်း တားဆီးကာကွယ်နိုင်သည်။ ဒရုန်းမောင်းနှင်သူ များအနေဖြင့် အကွေ့အကောက်များ သို့မဟုတ် ဒရုန်း၏ ပန်ကာဒလက်များနှင့် ငြိပြီး ဖိုင်ဘာကြိုးများ ပြတ်တောက်မသွားစေရန် ပိုမိုဂရုစိုက်မောင်းနှင်ဖို့ လိုအပ်သည်ဟု ဆိုသည်။

 

ရိုးရိုးဒရုန်းတစင်းကို ဖိုင်ဘာအော်ပတစ်ဒရုန်းအဖြစ် ပြောင်းလဲရန် လိုအပ်သော ပစ္စည်း များအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၀၀ မှ ၃၀၀ ခန့်သာ ပိုမိုကုန်ကျမည်ဖြစ်ပြီး၊ ပုံမှန်ဒရုန်းတစ်စင်း၏ တန်ဖိုးမှာ ဒေါ်လာ ၅၀၀ မှ ၁,၀၀၀ ကြား ရှိသည်။

 

အဆိုပါ ဒရုန်းအစိတ်အပိုင်းများကို တရုတ်နိုင်ငံမှ တိုက်ရိုက်သော်လည်းကောင်း၊ သို့မဟုတ် အိန္ဒိယနှင့် ထိုင်းနိုင်ငံကဲ့သို့သော တတိယနိုင်ငံများမှတစ်ဆင့်သော်လည်းကောင်း အဓိက တင်သွင်းကြခြင်း ဖြစ်သည်။

 

"လာမည့်နှစ်အတွင်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုများအနေဖြင့် ဤနည်းပညာစွမ်းရည်ကို အတိုင်းအတာတခုအထိ အကြီးအကျယ် တိုးမြှင့်ဖော်ဆောင်လာနိုင်မည်ဆိုပါက၊ စစ်ရေးဗျူဟာအရရော စိတ်ဓာတ်ရေးရာအရပါ သက်ရောက်မှုကြီးမားလာမည်မှာ အသေအချာပင်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ၏ လေကြောင်းမှ စိတ်တိုင်းကျဗိုလ်ကျနေမှု ကို ပြန်လည်တုံ့ပြန်ချေပရာတွင် ထိရောက်မှုရှိလာလိမ့်မည်ဖြစ်ကြောင်း” ဟု ဂျိမ်းစ် ကာကွယ်ရေး နှင့် လုံခြုံ ရေး စာစောင်မှ သုတေသီ အန်တိုနီ ဒေဗီစ်က ပြောကြားခဲ့သည်။

 

ကိုးကား - Nikkei Asia Review (Japan)