မင်းအောင်လှိုင် အဘယ်ကြောင့် အိန္ဒိယ ရောက်သွားရသနည်း

by Hla Soewai - Jun 01 2026

ယခု ခရီးစဉ် ကြောင့် မင်းအောင်လှိုင် အဖို့ အိန္ဒိယ အပေါ် ကျေးဇူး အထပ်ထပ် တင်ရဖို့ ဖြစ်သွားလေပြီ၊ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိမ်ဆို ပြီးချိန်ကတည်းက စ၍ မည်သူကများ ဖိတ်မလဲ ဟု ထိုင်စောင့် နေချိန်တွင် ယခုလို အိန္ဒိယ၏ ဖိတ်ခေါ်ခြင်း ခံခဲ့ရ၍ ဖြစ်သည်။

 

၎င်း အမျှော်လင့်ကြီး မျှော်လင့် နေသည့် တရုတ်ကြီး ရှီကျင့်ပင် ထံမှ ရောက်မလာသေး၊ အရှက်တကွဲ အကျိုးနည်းရမတတ် ဖြစ်နေချိန်တွင် ‌၎င်းအား ကယ်တင်လိုက်သူက မည်သို့မျှ ထင်မှတ်မထားသော ဒီမိုကရေစီ နိုင်ငံကြီး မှ ဖြစ်နေပေသည်။

 

အိန္ဒိယ အဖို့ကလည်း တရုတ် နှင့် ထိန်းညှိနေရသည့် balancing act လုပ်ရတော့မည် ဖြစ်၍ နောင်လည်း ခေါ်ရ တော့မည့် အတူတူ တရုတ် မခေါ်မီ လက်ဦးအောင် ခေါ်လိုက်ခြင်းဖြင့် မင်းအောင်လှိုင် အဖို့ကား အိန္ဒိယ ၏ ကျေးဇူး ရှိသွားပြီ ဆိုကာ တုတ်နှောင်နိုင်ရန်ပင် ဖြစ်သည်။

 

စနေနေ့မှ စ၍ ဗုဒ္ဓဂါယာ အပါအဝင် ငါးရက်ကြာ ခရီးစဉ်စတင် ပြီး မိုဒီ နှင့် ဇွန် ၁ ရက်တွင် တွေ့ဆုံဖို့ ရှိနေသည်။ ဗုဒ္ဓဂါယာလည်း သွားဦးမည် ဖြစ်သည်။ နယူးဒေလီ ရှိ မြန်မာသံရုံး ရှေ့တွင်လည်း ၎င်းသည် မြန်မာပြည်သူ များအား ကိုယ်စား ပြုထားသည့် သမ္မတ မဟုတ်၊ စစ်ယူနီဖောင်း ဝတ်သူများ၏ သမ္မတ သာ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးနိုင်ရန် စောင့်ဆိုင်းနေပြီ ဖြစ်သည်။ 

 

အိန္ဒိယဖက်က လေ့လာသူများက တော့ အိန္ဒိယ၊ တရုတ်၊ အာဆီယံနှင့် မြန်မာပြည်သူများထံသို့ — ၎င်း အနေဖြင့် အခြားရွေးချယ်စရာ လမ်းကြောင်းများကို ရှာဖွေနေသည်ဟူသော — သတင်းစကား မင်း‌ အောင်လှိုင်က ပေးလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်ကတော့ ခြံထဲက ကြက်လို ဖြစ်နေ၍ သိက္ခာ အကျခံပြီး အရေးတကြီး ဖိတ်စရာ မလို၊ ၎င်း တို့ အဆင်ပြေ သည့် အချိန်၊ အခြေအနေများ အနည်ထိုင် သွားချိန်မှ လှမ်း ခေါ်လိုက်မည်ဟု တွေးထားပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်ကတော့ ၎င်း အလိုလားဆုံး အချိန်တွင် အခေါ်မခံရ ဖြစ်နေ၍ စိတ်ထဲ တနုံ့နုံ့ ဖြစ်နေပုံရသည်။ ထို့အတွက်လည်း အိန္ဒိယ နှင့် လမ်းဖေါက်လို၍ လာပါရစေ ဟု ကမ်းလှမ်းခဲ့ပုံရ၍ ယခု ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

အိန္ဒိယ သတင်းစာများကမူ မင်းအောင်လှိုင်၏ ခရီးစဉ် အပေါ် ယခုလို သုံးသပ် ရေးသားလာကြသည်။

 

စစ်အုပ်စု ကို မျက်စိမှိတ် ထောက်ခံ နေသော အမျိုးသားရေးဝါဒီတို့သည် တရုတ်၏ အလွန်အကျွံလွှမ်းမိုးချုပ်ကိုင်မှုကို မည်သည့်အခါကမျှ သက်သောင့်သက်သာ မရှိခဲ့ပေ။ စစ်တပ်ခေါင်းဆောင်ပိုင်းသည် လက်ရှိတွင် နိုင်ငံတကာ၏ ဝိုင်းပယ်ခြင်းကို ခံနေရသည့် အတွက် အလိုလိုနေရင်း တရုတ်၏ လက်အောက်ခံနိုင်ငံ (Client State) မျိုး ဖြစ်လာနေသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းမှ မကြာသေးမီက ထွက်ပေါ်လာသော သတင်းများကလည်း ထိုသို့ စိတ်မသက်မသာဖြစ်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ဧရာဝတီ သတင်းဌာန၏ မကြာသေးမီက ဖော်ပြချက်အရ — တရုတ်နိုင်ငံက မြန်မာ့ပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးများ လာရောက်ခတ်ထားသည်ဟူသော သတင်းများကို ဝက်ဘ်ဆိုက်များမှ ပြန်လည်ဖြုတ်ချရန် စစ်အုပ်စု က ပြည်တွင်းရှိ မီဒီယာများကို ဖိအားပေးခဲ့ကြောင်း သိရသည်။ ပြည်တွင်းသတင်းများတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဩဇာလွှမ်းမိုးရာ နယ်မြေများဖြစ်သည့် ချင်းရွှေဟော်နှင့် ကြူကုတ်-ပန်ဆိုင်း အနီး၊ ထို့ပြင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နယ်မြေဖြစ်သည့် နမ့်တစ် အနီးတို့တွင် ထိုသို့ နယ်နိမိတ်ကို ကျူးကျော်ဝင်ရောက်မှုများ ရှိ နေကြောင်း ဖော်ပြထား၍ ဖြစ်သည်။

 

မြန်မာနိုင်ငံမှ ထွက်ပေါ်လာသော သတင်းများအရ ရှမ်းပြည်နယ်၊ နမ့်တစ်ဒေသတွင် နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည်ဆိုသော စမ်းချောင်းတခုမှာ တရုတ်နိုင်ငံ၏ ခြံစည်းရိုးအသစ်များ နောက်ကွယ်တွင် ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။ တရုတ်၏ ခြံစည်းရိုးများသည် မြန်မာ့ပိုင်နက်အတွင်းသို့ အနည်းဆုံး ၁၅ မီတာခန့်၊ အချို့နေရာများတွင် မီတာ ၁၀၀ ကျော်အထိ ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း ဒေသခံရွာသားများက ပြောဆိုထားကြသည်။

 

ထို နှစ်ဖွဲ့သည် တရုတ်၏ ပြည်သူ့စစ် သာသာလက်အောက်ခံ များ ဖြစ်ကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို သိမ်းပြနိုင်သည် အထိ လက်စွမ်းပြခဲ့၍ စစ်ဗိုလ်ချုပ်များ ခေါင်းမဖေါ်နိုင်အောင် အရှက် ဗြန်းဗြန်းကွဲ ခဲ့ရသည်။

 

အကယ်၍ တရုတ်သည် ခြံစည်းရိုးများအား မြန်မာ့ပိုင်နက်အတွင်းသို့ အမှန်တကယ် ကျူးကျော်ဝင်ရောက် ဆောက်လုပ်နေခြင်း ဖြစ်စေ၊ သို့မဟုတ် ထိုသို့ ကျူးကျော်နေသည်ဟု ယူဆ၍ ရအောင် လုပ်သည် ဖြစ်စေ — ယင်းသည် ဒေသတွင်း နယ်စပ်အငြင်းပွားထက် ပိုမိုကြီး လေး သော ကိစ္စရပ် ဖြစ်လာသည်။

 

 ၎င်းသည် မြန်မာနိုင်ငံအပေါ် တရုတ်၏ ပါဝင်ပတ်သက်မှုများသည် ကျူးကျော်ဝင်ရောက်စွက်ဖက်မှုအသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း သတိပေးချက်တခု ဖြစ်လာစေသည်။

 

ထို့ပြင် ထိုလုပ်ရပ်သည် ဘီဂျင်း အစိုးရအနေဖြင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများအပေါ် နယ်မြေတခုချင်းစီအလိုက် တဖြည်းဖြည်းချင်း ဝါးမြို ကျူးကျော်ခြင်း (salami slicing) ဟု ကမ္ဘာက ဝေဖန်ပြစ်တင်နေကြသည့် ပုံစံအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် စစ်ကအုပ်စု အနေဖြင့် မီဒီယာများ၏ သတင်းဖော်ပြမှုအပေါ် မသက်မသာ ဖြစ်နေရခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။ စစ်ကောင်စီသည် ဘီဂျင်းအစိုးရကို မဆန့်ကျင်လိုသော်လည်း၊ တဖက်တွင်လည်း အချုပ်အခြာအာဏာ ကာကွယ်ရေးနှင့်ပတ်သက်၍ ၎င်းတို့ ပျော့ညံ့နေသည်ဟု မြင်တွေ့သွားမည့် ပြည်တွင်းရိုက်ခတ်မှုများကိုလည်း လျစ်လျူရှုထား၍ မရနိုင်ပေ။

 

Salami Slicing ဆိုသည်ကား နိုင်ငံရေးနဲ့ စစ်ရေးပညာရပ်တွေမှာ အသုံးများတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်သည်။ ကြက်အူချောင်း သို့မဟုတ် ဝက်အူချောင်းအကြီးကြီးတခု ကို တပြိုင်နက်တည်း အကုန်စားပစ်ရန် မလွယ်ကူ သည့် အတွက် "ဓားနဲ့ ပါးပါးလေးတွေ တပြားချင်းစီ လှီးပြီး တဖြည်းဖြည်းချင်း ဝါးမြိုပစ်တဲ့" ပုံစံကို တင်စား သုံးနှုန်းခြင်း ဖြစ်သည်။

 

ဤနေရာတွင် အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍသည် အရေးပါလာခြင်း ဖြစ်သည်။ အိန္ဒိယသည် ငွေကြေးအင်အား၊ အခြေခံအဆောက်အအုံ သို့မဟုတ် အကျပ်ကိုင်နိုင်စွမ်းအားတို့ကို မြန်မာအတွက် တရုတ်လို အတိုင်းအတာပမာဏ တူညီစွာ မပေးစွမ်းနိုင်ပေ။ သို့သော် အိန္ဒိယသည် တရုတ်နိုင်ငံအနေဖြင့် အလွယ်တကူ မပေးနိုင်သည့်အရာတစ်ခုကို ပေးစွမ်းနိုင်သည် — ယင်းမှာ လွှမ်းမိုးချုပ်ကိုင်လိုမှု ဝန်ထုပ်ဝန်ပိုး မရှိသည့် ဆက်ဆံရေးမျိုး ဖြစ်သည်။

 

အိန္ဒိယနိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အသုံးချပြီး ၎င်း၏ သွယ်ဝိုက်ဩဇာလွှမ်းမိုးမှု ထိန်းသိမ်းထားရန် နယ်ပယ်များ ခွဲတမ်းချ တည်ဆောက်ရန် စိတ်ဝင်စားမှုမရှိပေ။ မြန်မာနိုင်ငံ မတည်ငြိမ်မှုသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသဖြစ်‌ သော မီဇိုရမ်၊ မဏိပူရ၊ နာဂ လန်းများကို တိုက်ရိုက်ရိုက်ခတ်မှု ရှိနေသောကြောင့် အိန္ဒိယအနေဖြင့် တည်ငြိမ်ပြီး အချုပ်အခြာအာဏာပိုင်စိုးသော မြန်မာနိုင်ငံဖြစ်လာစေခြင်းသည်သာ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနေသည်။

 

မြန်မာ နှင့် ပတ်သက်၍ QUAD အဖွဲ့ဝင် နိုင်ငံများ အားလုံး ၏ သဘောထား နှင့် တထပ်တည်း ခံယူ၍ ရသော်လည်း အိန္ဒိယ ၏ ပြည်တွင်းလုံခြုံရေးအတွက် မူ ထိုသို့ သဘောထား၍ မရ ဖြစ်လာသည်။

 

ထို့ကြောင့် အိန္ဒိယအနေဖြင့် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုကို ၎င်းသည် တရားဝင်မှု ရှိ/မရှိမှုအမြင်တစ်ခုတည်းဖြင့်သာ မဟုတ်ဘဲ၊ ပထဝီဝင်အနေအထားနှင့် လုံခြုံရေးဆိုင်ရာ လက်တွေ့ကျပြီး ခက်ခဲလှသောအမှန်တရား ဆိုသည်နှင့်သာ တိုင်းတာအကဲဖြတ်ရမည် ဖြစ်သည်ဟု ရေးသားထားသည်။

 

မချစ်သော်လည်း အောင့်ကာနမ်း သဘောဖြင့် ဖိတ်ခေါ် ခံရခြင်း ဖြစ်သော်လည်း ရလေ လိုလေ အို တစ္ဆေ ဆိုသည့် အတိုင်း ‌၎င်း စီးနင်း လိုက်ပါလာသော လေယာဉ် ကြီးသည် ဝါရှင်တန်၊ ပဲရစ် နှင့် လန်ဒန် မြို့တော်ကြီးများဆီ ဦးတည်ပျံသန်း နေက မည်မျှ ကောင်းလေမည်နည်း ဟု ‌တွေးတော နေမည်သာ ဖြစ်သည်။ 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!