အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုသည် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးအသုံးစရိတ်ကို ၃၀ ရာခိုင်နှုန်း (ဒေါ်လာ ၃၆ ဘီလီယံအထိ) လျှော့ချရန် တောင်းဆိုမှုနှင့် စစ်ရေးအသုံးစရိတ်ကို ၅၀ ရာခိုင်နှုန်း(ဒေါ်လာ ၁.၅ ထရီလီယံအထိ) တိုးမြှင့်ရန် စီစဉ်မှုတို့အပေါ် ယခုအပတ်အတွင်း ပြုလုပ်မည့် ကြားနာပွဲ လေးခုအနက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့နံနက်က ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် လာရောက်သက်သေခံထွက်ဆိုခဲ့သည်။
ထိုထွက်ဆိုရာတွင် မြန်မာတို့၏ မိတ်ဆွေကြီး အထက်လွှတ်တော် အမတ် မစ်ခ်ျ မက်ကွန်းနယ် မေးမြန်းဖို့ အလှည့် ရောက်လာသည့် အခါ တိုင်ဝမ်သို့ လက်နက် ရောင်းချမှု တရုတ်ကြောင့် ဆိုင်းငံ့ ထားရခြင်း လော ဆိုသည် ကို မေးမြန်းပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ Burma Act ဥပဒေအရ ချပေးရမည့် ငွေများကို ထပ်တလဲလဲ ငြင်းဆိုနေသည့်အပြင် တရုတ် ကျော ထောက် နောက်ခံ ပေးထားသော စစ်အစိုးရအပေါ် သဘောထား ပျော့ပြောင်းလာသည်ကို တွေ့ရ ကြောင်း၊ အစိုးရ အနေဖြင့် တရုတ်အားပြု စစ်အစိုးရ နှင့် ဒီမိုကရေစီ နည်းအရ ရွေးချယ် တင်မြှောက်ခံ အစိုးရ နှစ်ရပ် အနက် မည်သို့သော အစိုးရ မျိူး နှင့် ဆက်ဆံသွားချင် သနည်း၊ အမေရိကန်၏ မြန်မာ့အရေး မူဝါဒသည် ဒီမိုကရေစီတန်ဖိုးထားမှု နှင့် ရေရှည်တည်ငြိမ်မည့် ရလဒ်များ အပေါ် လျစ်လျူရှုထားသလား" ဟု မေးမြန်းခဲ့သည်။
မြန်မာအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် အစိုးရအဖွဲ့၏ အစီအစဉ်အကြောင်း မေးမြန်းခဲ့သော်လည်း တနှစ်ကြာချိန်ထိ ခိုင်မာရေရာသည့် ဗျူဟာတရပ် မမြင်ရသေးကြောင်း လည်း ပြောဆိုခဲ့သည်။
အမေရိကန်၏ မူဝါဒသည် မြန်မာ့အရေးကို လျစ်လျူရှုထားမည် မဟုတ်ကြောင်းနှင့် ပြည်ပအာဏာစက်အောက်နေသည့် အစိုးရမျိုးထက် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရမျိုးနှင့်သာ ဆက်ဆံရန် ပိုလိုလားကြောင်း ရူဘီယို က ပြောသွားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်မှာ ရက်စက်ကြမ်းကြုတ်လွန်းပြီး တရုတ်နိုင်ငံကလည်း အဆိုပါစစ်တပ်အား သြဇာအာဏာပိုင်းအရ ထိန်းချုပ်ထားသောကြောင့် အမေရိကန်အနေဖြင့် အဆိုပါ အခြေအနေကို ပြောင်းလဲပစ်နိုင်မည့် နည်းလမ်းများ ဆက်လက်ရှာဖွေနေသည်ဟု ဆိုသည်။
"ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ အခွင့်အလမ်းတွေကို ကျနော်တို့ ဆက် ရှာဖွေနေပါတယ်။ ဒါဟာ လမ်းလျှောက် တတ်ခါစ ကလေးငယ်က တလှမ်းချင်းစီ လမ်းလျှောက်သလို ဖြည်းဖြည်းချင်း ဖြစ်နိုင်သလို ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ထူးခြားတဲ့ လမ်းစနဲ့ အခွင့်အရေး ပေးမလဲဆိုတာ ဘယ်သူမှ ကြို မသိနိုင်ပါဘူး" ဟု မာကိုရူဘီယိုက ဖြေဆိုသွားခဲ့သည်။
"ဗမာပြည်ဟာ ဒီမိုကရေစီ မဖော်ဆောင်နိုင်ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ လက်ရှိ ဖြစ်တည်နေတဲ့ အခြေအနေတွေအရ... အပြောင်းအလဲတခု ဖန်တီးပေးနိုင်မယ့် အခွင့်အရေးရှိတဲ့သူတွေ၊ အဲဒီအပြောင်းအလဲကို ဖော်ဆောင်ခွင့်ရမယ့်သူတွေနဲ့ ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ဖို့အတွက် ဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။"
ထို နောက်ဆုံးစကားသည်က စစ်အုပ်စု အတွက် အိမ်မက်ဆိုး ကြီး ဖြစ်လာခဲ့ချေပြီ။ ယင်းသည် စစ်တပ် အတွင်း လက်ရှိ အနေအထားကို အပြောင်းအလဲ လုပ်လိုသူများ ရှိက အမေရိကန်မှ ကြိုဆို ထောက်ခံသွားမည်ဟု ကမ်းလှမ်းလိုက်ခြင်းပင် ဖြစ်သည်။
ရူဘီယိုက မြေပြင်မှာ "လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည့် ကန့်သတ်ချက်များ" ရှိ နေသည် ဆိုခြင်းကိုလည်း ဝန်ခံသွားခဲ့သည်။
ထူးခြားချက် အဖြစ် အမေရိကန် အစိုးရ ထိတ်တန်း ခေါင်းဆောင် တဦး မှ "မြန်မာစစ်တပ်သည် တရုတ်ကျောထောက်နောက်ခံပြု စစ်တပ် ဖြစ်သည်၊ တရုတ်က ဩဇာကြီးမားစွာ ထိန်းချုပ်ထားသည် ဆိုသည်ကို ဗြောင်ကျကျ ထည့်သွင်းပြောဆိုလာခြင်းပင် ဖြစ်သည်။
ဤသည်ကပင် မြန်မာ့အရေးကို ပြည်တွင်းစစ် သက်သက် သို့မဟုတ် စစ်တပ် နှင့် တော်လှန်ရေးအင်အားစုကြားက ပဋိပက္ခ သက်သက်အဖြစ် မရှုမြင်တော့ဘဲ အမေရိကန်-တရုတ် အင်အားကြီးနှစ်နိုင်ငံ အားပြိုင်မှု အဖြစ် အမေရိကန်က တရားဝင် ပုံဖော်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ တရုတ်၏ ဩဇာကို ဖြတ်တောက်ဖို့ မလွယ်ကူသည့် အတွက် အမေရိကန်အနေနှင့် မြန်မာ့အရေးတွင် လတ်တလော ဝင်ရောက်စွက်ဖက်ရန် ဗျူဟာမရှိသေးသည်ကိုလည်း သိလာရသည်။
လမ်းလျှောက်တတ်စ ကလေးငယ်က တလှမ်းချင်းစီ လမ်းလျှောက်သလို ဖြည်းဖြည်းချင်း ဖြစ်နိုင်သလို..." ဆိုသည့် စကားရပ်သည် အလွန်လေးနက်ပြီး စဉ်းစားစရာ ဖြစ်သည်။
အ မေရိကန်သည် မြန်မာ့အရေးကို ပြောင်းလဲချင် သော်လည်း တရုတ်၏ ပထဝီ အားသာချက်နှင့် မြန်မာစစ်တပ်၏ ရက်စက်မှုတွေကြားမှာ "အစီအစဉ် အခိုင်အမာ မရှိသေးဘဲ အခွင့်အရေးကို စောင့်ကြည့်နေရတဲ့ အဆင့်" ပဲ ရှိ သေး သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟူ သော စကားရပ်သည် မြန်မာ့မြေပြင် အခြေအနေ (ဥပမာ- စစ်တပ်ဘက်က ရုတ်တရက် ပြိုလဲသွားတာမျိုး သို့မဟုတ် တရုတ်နှင့် စစ်အုပ်စု ကြား အက်ကြောင်းထွက်လာတာမျိုး) ကို စောင့်ကြည့်ပြီးမှ အမေရိကန် မှ ကြားဖြတ်ဝင်မည့် သဘောမျိုး သက်ရောက်နေသည်။
ရူဘီယို၏ စကားသည် မြန်မာ့တော်လှန်ရေး အင်အားစုတွေအတွက်ရော၊ စစ် အုပ်စု အတွက်ပါ သတိပေးခေါင်းလောင်းသံ တခု ဖြစ်လာသည်။
အမေရိကန်သည် မြန်မာ့ဒီမိုကရေစီအရေးကို လိုလားပြီး ပြည်ပ (တရုတ်) ဩဇာခံ စစ်အစိုးရကို မထောက်ခံဘူးလို့ ဆို သော်လည်း တရုတ်၏ ဩဇာကို ထိန်းညှိဖို့အတွက် "ထိရောက်ပြတ်သားတဲ့ ဗျူဟာ တရပ်" ယနေ့ထက်ထိ မရှိသေးဘဲ၊ ဖြည်းဖြည်းချင်း လမ်းစရှာရုံ (သို့မဟုတ်) အခြေအနေပေးမှ ဝင်ပါမည့် အနေအထား တွင်သာ ရှိ နေသေးသည်။
ထိုကြောင့် မြန်မာ့အရေးသည် အမေရိကန်၏ အကူအညီ သက်သက်ကိုပဲ မျှော်လင့်နေလို့ မရဘဲ ပြည်တွင်းအင်အားစုများ၏ ညီညွတ်မှု အရှိန်အဟုန်နှင့် တရုတ်-အမေရိကန် အားပြိုင်မှု ကြားထဲက ထွက်ပေါက်ကို ဘယ်လို ရှာဖွေမလဲဆိုတာပေါ်မှာပဲ ပိုမိုမူတည်နေကြောင်း သုံးသပ်၍ ရသည်။
မည်သို့ပင် ဆိုစေ မင်းအောင်လှိုင် အဖွဲ့ အတွက်က တော့ ၎င်းတို့ မျှော်လင့် နေသလို ဆက်ဆံရေး အဆင်ပြေလာဖို့ မရှိဘဲ၊ ဘာတွေ ကြိတ်ကြံနေသလဲ ဟု ရတက် မအေးစရာ ဖြစ်လာရသည်ကတော့ အမှန်ပင် ဖြစ်သည်။
ထိုသို့ ရတက် မအေးစရာ ဖြစ်လာရသည်မှာလည်း ယခင်ကလို မြန်မာစစ်တပ်ကို "လူ့အခွင့်အရေး ချိုးဖောက်မှု"၊ "ဒီမိုကရေစီ ဖျက်ဆီးမှု" အစရှိသည့် အကြောင်းပြချက် မျိူး မဟုတ်တော့ဘဲ စစ်တပ်ကို "တရုတ်၏ အလိုတော်ရိ/ကျောထောက်နောက်ခံပြု စစ်တပ်" အဖြစ် အမေရိကန် အစိုးရအဖွဲ့ အဆင့်မြင့်ဆုံး ခေါင်းဆောင်က အတိအလင်း သတ်မှတ် ပြောဆိုလာခြင်း ကြောင့် ပင် ဖြစ်သည်။
ပထဝီနိုင်ငံရေးအရ မဖြစ်မနေ တိုက်ဖျက်/ထိန်းညှိရမည့် ရန်သူ" အဖြစ် ရှုမြင်လာခြင်း ဖြစ်၍လည်း စစ်အုပ်စုအပေါ် ပိုမိုပြင်းထန်သည့် မဟာဗျူဟာမြောက် ဖိအားများ ဥပမာ - စီးပွားရေး ပိတ်ဆို့မှုအသစ်များ၊ တော်လှန်ရေးအင်အားစုများကို နည်းပညာ ပိုင်းအရ ပံ့ပိုးမှုများ ရောက်လာနိုင်သည်ဟု သတိပေးချက်မျိုး ဖြစ်လာသည်။
တရုတ်ဖက်ကလည်း အမေရိကန်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မှာကို ရှောင်လွှဲဖို့အတွက်ဖြစ်စေ၊ မိမိရဲ့ ရေရှည်စီးပွားရေးအကျိုးအမြတ် (ဥပမာ - စီမံကိန်းများ လုံခြုံရေး) အတွက်ဖြစ်စေ စစ်အုပ်စုကို အချိန်မရွေး အလဲအလှယ် လုပ်ပစ်နိုင်ခြေ ရှိနေသည်။
အချုပ်အားဖြင့် ၎င်းတို့ တောက်တက် ကပ်သလိုတွယ်ကပ်ထားသည့် "တရုတ်နိုင်ငံ" ဆိုသော နောက်ခံတံတိုင်းကြီးသည် အမေရိကန်၏ ပစ်မှတ်တည့်တည့် ဖြစ်လာပြီဖြစ်၍ တရုတ်က ရေရှည် အကာအကွယ် ပေးဖို့ ကြိမ်းသေပေါက် တွက်ဆ၍ မရနိုင်တော့ဘဲ၊ အမေရိကန်သည် စစ်အုပ်စု ပြိုလဲမည့် အခွင့်အရေးကို မျက်တောင်မခတ် စောင့်ကြည့်နေသည် ကို အတည့်အလင်း ပြောလာ၍ ဘေးကျပ်နံကျပ် အခြေအနေကို မထင်မှတ်ဘဲ ဆိုက်ရောက်သွားခဲ့ရပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!