နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် တနင်္ဂနွေ နေ့ မွန်းတည့်ချိန်ခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကလေးများ အပါအဝင် ၅၅ ဦး သေဆုံးပြီး လူ ၇၀ ခန့်လည်း ဒဏ်ရာရရှိခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များနှင့် လွတ်လပ်သောသတင်းမီဒီယာများ၏ ဖော်ပြချက်အရ နမ်ခမ်းရှိ သတ္တုတွင်းလုပ်ငန်းသုံး ပေါက်ကွဲစေတတ်သောပစ္စည်းများ သိုလှောင်ထားသည်ဟုဆိုသော အဆောက်အအုံမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဆောက်အအုံ နှင့် အနီး ပတ်ဝန်းကျင် ရှိ အိမ် အလုံး ၁၀၀ ခန့်လည်း ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
တရုတ်နယ်စပ်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ အဆိုပါဒေသကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားသည်။
TNLA ၏ တယ်လီဂရမ်ချန်နယ်မှတဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပေါက်ကွဲစေတတ်သောဂျယ်လီနိုက် (Gelignite) ပစ္စည်းများကို သတ္တုတွင်းနှင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုရန်အတွက် ၎င်းတို့အဖွဲ့၏ စီးပွားရေးဌာနက သိုလှောင်ထားခြင်းဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။
ဂျယ်လီနိုက်သည် သတ္တုတွင်းလုပ်ငန်းနှင့် ကျောက်မိုင်းခွဲခြင်းလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော်လည်း အချိန်ကြာမြင့်လာပါက သို့မဟုတ် စနစ်တကျ သိုလှောင်ထားခြင်းမရှိပါက အလွန်မတည်ငြိမ်သော (အလိုအလျောက် ပေါက်ကွဲလွယ်သော) အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
ထို ဖြစ်ရပ် မှ တဆင့် အရေးပါသော အချက် နှစ်ချက် ထွက်ပေါ်လာခဲ့သည်။
ပထမ တချက်မှာ AK--47 နှင့်သာ အကျွမ်းတဝင် ရှိသော TNLA သည် စနစ်တကျ သိုလှောင်ရန် နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် အတတ်ပညာရှင်များ လိုအပ်ချက်များနှင့် ကမ္ဘာ အလုပ်သမား အဖွဲ့ချုပ် ILO မှ ချမှတ်ထားသော သိုလှောင်ခြင်းနှင့် ကိုင်တွယ်ခြင်းဆိုင်ရာ စံနှုန်းများ နိုင်ငံတကာ စံနှုန်းများကို ပြည့်ပြည့်ဝဝ လိုက်နာကျင့်သုံးရမည် ဆိုသည် စီမံခန့်ခွဲမှု အားနည်းနေသည်ကို တွေ့လာရသည်။
ဒုတိယ တချက်မှာ တရုတ်ပြည်မ ကြီး ရှိ Global Times သတင်းစာကြီး မှ ထူးထူးခြားခြား သတင်းထုတ်ပြန်လာခြင်းပင် ဖြစ်သည်။
အဆိုပါ သတင်းကို သာမန်ကာ လျံကာ ဖတ်ကြည့်မည် ဆိုက ၎င်းတို့ နိုင်ငံတွင်း ဖြစ်ပွားနေသကဲ့သို့ ရေးသားထားခြင်းပင် ဖြစ်သည်။
ယူနန်ပြည်နယ် ရွှေလီ အာဏာပိုင်များက တရုတ် ပြည်သူများ စိုးရိမ်ပူပန်မှု မရှိရန် သတင်းထုတ်ပြန်ကြောင်း၊ ကယ်ဆယ်ရေး နှင့် မီးသတ်ကားများလည်း စေလွှတ်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှု များ ပြုလုပ် နေဆဲ ဖြစ်၍ မိမိတို့၏ တရားဝင် သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်စေလိုကြောင်း နှင့် ကောလဟသ ရေးသား ဖြန့်ဝေသူများကို ဥပဒေအရ အရေးယူသွားမည် ဟု ပါရှိလာသည်။
တရုတ် ဆိုရှယ် မီဒီယာများ တွင် မည်သို့ မည်ပုံ ရေးသား ပြောဆိုနေကြသည်ကို မသိရသေးသော်လည်း ထို့ထက် လေးနက်သည့် အကြောင်းရင်းများ ရှိနေနိုင်သည်ဟု ယူဆရသည်။
မည်သို့ပင် ဖြစ်စေ TNLA ၏ အကိုင်အတွယ် မတတ်မှု ကြောင့် ၎င်းတို့၏ နယ်စပ် တည်ငြိမ်ရေး ကို ထိခိုက်လာပြီဟု ပုံကြီးချဲ့ ထုတ်ပြန်လာခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ သာမန် သတင်းထုတ်ပြန်မှု ထက် ပို၍ ပြောဆိုလာခြင်းကပင် ထိုနယ်မြေများကို ၎င်းတို့ စီရင်ပိုင်ခွင့် ရှိနေသည့် သဘော သက်ရောက်နေသည်။
ထိုဖြစ်ရပ်ကို အကြောင်းပြု၍ ကိုးကန့် နှင့် တအာင်းပိုင် ဒေသများ ၏ အုပ်ချုပ်ရေး တွင် နောက်ပိုင်း ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လာနိုင် တချိန်တည်းတွင် မြေရှား သတ္တု အတွက်လည်း လမ်းခင်း ပေးလာနေခြင်းဟု ယူဆစရာ ဖြစ်လာသည်။
"Being quiet’ is actually just a euphemism for cosying up”
Tammy Duckworth,
An Democrat senator, Illinois
တိတ်တိတ်ဆိတ်ဆိတ် နေတယ်ဆိုတာ တကယ်တော့ (တစ်ဖက်လူနဲ့) အလိုတူအလိုပါ ဖားနေတာကို စကားလှလှလေး သုံးပြီး ပြောလိုက်တာပဲ ဖြစ်တယ်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!