တရုတ်သည် soft power ဖြင့် မြန်မာ လူငယ်များ အကြား ထိုးဖေါက်လာ

by Hla Soewai - Jun 08 2026

ဇွန်လ ၁ ရက် နေ့ထုတ် တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာကြီးမှ "တရုတ်ဘာသာစကားပြိုင်ပွဲက မြန်မာကျောင်းသားများအား ပိုမိုမြင့်မားသော ရည်မှန်းချက်များထားရှိရန် စိတ်ဓာတ်ခွန်အားပေး" ဟူသော ခေါင်းစဉ် ဖြင့် သတင်းဆောင်းပါး တပုဒ် ပါရှိလာခဲ့သည်။

 

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဘာသာစကား၊ ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ "Chinese Bridge" တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ၏ ရန်ကုန်ဇုန် ရှိ တက္ကသိုလ်၊ အထက်တန်းနှင့် မူလတန်းအဆင့် နောက်ဆုံးဗိုလ်လုပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ ရန်ကုန်တဝှမ်းလုံး ရှိ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်ဟု ဆိုသည်။

 

ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား၊ မိဘ၊ ဆရာများက တရုတ်ဘာသာစကား ကျွမ်းကျင်မှုသည် နောင်အနာဂတ်တွင် လူငယ်များအတွက် တန်ဖိုးရှိသော အခွင့်အလမ်းကောင်းများကို ဖန်တီးပေးလိမ့်မည် ဟု ယုံကြည်ကြသည်ဟုလည်း ပါရှိသည်။

 

ဤသည်ကို ကြည့်မည် ဆိုက တရုတ်သည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ ဩဇာကို မြန်မာလူငယ်များအား ပုံသွင်းရလွယ်ကူသော ငယ်ရွယ်စဉ်အရွယ်ကတည်းကပင် ရိုက်သွင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ ယင်းသည် ရေရှည်အတွက် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရုတ်လိုလားသော မျိုးဆက် တရပ်ကို ပျိုးထောင်ရန် ရည်ရွယ်သည့် ဗျူဟာ ဖြစ်သည်။

 

ထို ပြိုင်ပွဲမျိုး သည် သာမန်အရပ်ဘက် ယဉ်ကျေးမှု ဖလှယ်ပွဲမျှသာမဟုတ်ဘဲ နိုင်ငံတော်အဆင့် သံတမန်ရေးရာ ကိရိယာ Soft Power တခု ဖြစ်ကြောင်း ပြသနေသည်။

 

အစိုးရချင်း ဆက်ဆံရေး ထက် လူထုအချင်းချင်း ဆက်ဆံရေး ကို အားကောင်းအောင် တည်ဆောက်ခြင်းဖြင့် စစ်ရေး၊ နိုင်ငံရေးအရ လက်ရှိ အရှိန်မြင့်တက် လာနေသော တရုတ်အပေါ် အဆိုးမြင်မှုများ ကို လျော့ပါးသက်သာစေရန် နှင့် တရုတ် လိုလားသော မျိုးဆက်သစ်များ နှင့် အစားထိုးရန် ရည်ရွယ်လာသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိ လူမှုစီးပွား မတည်ငြိမ်မှုများနှင့် အလုပ်အကိုင် ရှားပါးမှုများအကြားတွင် လူငယ်များသည် မိမိတို့ဘဝ မြှင့်တင်ရန်အတွက် အခွင့်အလမ်း ရှာဖွေနေကြသည်။ တရုတ်နိုင်ငံသည် -

တရုတ်ကုမ္ပဏီကြီးများတွင် အလုပ်အကိုင်ရရှိရေး၊

တရုတ်နိုင်ငံသို့ ပညာတော်သင်ဆု ရရှိရေး၊

နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး၊ စသည့် ထင်သာ မြင်သာ သည့် အကျိုးအမြတ်များကို ပြသကာ မြန်မာလူငယ်များအကြား ရေပန်းစားလာအောင် ဖန်တီးနေခြင်း ဖြစ်သည်။

 

တရုတ်ဘာသာစကားသည် မြန်မာလူငယ်များအတွက် ပိုမိုမြင့်မားသော အနာဂတ် ရည်မှန်းချက်ပန်းတိုင်များသို့ တက်လှမ်းနိုင်မည့် "တံတား" သဖွယ် စိတ်ဓာတ်ခွန်အား ပေးစွမ်းနိုင်သည်ဟု ပုံဖော်ထားသည်။ ယင်းသည် လူငယ်များ၏ စိတ်ကူးအိပ်မက်များနှင့် တရုတ်ဘာသာစကားကို ဒွန်တွဲလိုက်ခြင်းဖြင့် တရုတ်နိုင်ငံအပေါ် အားကိုးလိုစိတ်နှင့် အပြုသဘောဆောင်သော အမြင်ကို မသိမသာ စွဲထင်သွားစေသည်။

 

တရုတ်နိုင်ငံ၏ ဤသို့သော Soft Power ထိုးဖောက်မှုသည် မြန်မာလူငယ်များအတွက် တဦးချင်းအဆင့်တွင် ဘာသာစကားစွမ်းရည်နှင့် ကမ္ဘာ့အလုပ်အကိုင် ဈေးကွက်အခွင့်အလမ်းသစ်များ ရရှိစေနိုင်သည့် အပြုသဘောဆောင်သော ရှုထောင့် ရှိသော်လည်း၊ မဟာဗျူဟာမြောက် ရှုထောင့် မှကြည့်လျှင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး လွှမ်းမိုးမှုအာဏာ ကို ရေရှည်ခိုင်မာအောင် မြေတောင်မြှောက် ပေးနေခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာ့အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် လူငယ်ထု၏ ဦးနှောက်နှင့် နှလုံးသားကို ၎င်းတို့၏ အခြေခံ ယဉ်ကျေးမှု အင်အားဖြင့် သိမ်းပိုက်ရန် စနစ်တကျ ဗျူဟာခင်းကျင်းနေခြင်း ဖြစ်ကြောင်း သုံးသပ်၍ ရသည်။

 

နောင်ဆိုလျှင် တရုတ်စာ မသင်မနေရအထိ ဖြစ်လာ ပေတော့မည်။

 

ပြည်တွင်း တွင် ရှိနေကြဆဲ ဖြစ်သော လူငယ်များ၏ ဘဝ အား ၎င်းတို့ အလိုရှိသလို အသုံးချ နိုင်ရန် ကြိုးပမ်းလာနေခြင်းသာ ဖြစ်သည်၊ ငါးနှစ် အတွင်း လူငယ်များ၏ မိမိကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု များ အလုံးစုံ ပြုတ်ကျ လုနီးပါး ဖြစ်လာနေပြီး မိမိနိုင်ငံကို အဘယ်ပုံ တိုးတက်အောင် ကြံဆောင်ရမည် ကို မည်သို့မျှ ခေါင်းထဲ ထည့် မထား နိုင် လောက်အောင် ဖြစ်လာ ခဲ့သည်။

 

 လူငယ်များသည် ရွေးချယ်စရာ မရှိ ကြ၍သာ နိုင်ငံအတွင်း ဆက်၍ နေထိုင်နေကြရသကဲ့သို့ ဖြစ်နေသည်ထိုအခါ တွင်တော့ လွယ်လင့်တကူ ရနေသော မူးယစ်ဆေးဝါးများ နောက်သို့ ကောက်ကောက် ပါအောင် လိုက်နေရင်း ပျက်စီးကုန်မည့် အန္တရာယ် နှင့် တစထက် တစ နီးကပ်လာပြီ ဖြစ်သည်။

 

ထိုသို့ ဖြစ်လာနေခြင်းသည် တရုတ်ကြောင့်လည်း မဟုတ်၊ အိန္ဒိယ ကြောင့်လည်း မဟုတ်၊ အနောက်နိုင်ငံများ ကြောင့်လည်း မဟုတ်၊ အတ္တကြီးမားပြီး မိမိတို့ မိသားစု တသိုက် ကောင်းစားရေးသာ ကြည့်ခဲ့ကြသည့် အတ္တဝါဒီ စစ်ဗိုလ်ချုပ်များက ဖန်တီးခဲ့ခြင်းသာ ဖြစ် ပေသည်။ ၎င်းတို့၏ လုပ်ရပ်သည် နိုင်ငံ၏ မျိုးဆက် တခုလုံး ခေါင်းမထောင်နိုင်အောင် အညွန့်ချိုးလိုက်သလို ဖြစ်သွားခဲ့သည်ဟုလည်း ပြော၍ ရသည်။

 

မိဘများ အနေဖြင့် မိမိတို့၏ သားသမီးများ ရှေ့လျောက် နွံနစ် တော့မည် အဖြစ်မျိုး မှ ကယ်တင်နိုင်ရန် တတ်နိုင်သည့် ဖက်မှ ဆန့်ကျင်ကြဖို့သာ ရှိတော့သည်၊ လက်ရှိ အနေအထားကို နယူး နော်မယ် အဖြစ် လက်မခံ ငြင်းပယ်ကြ ခြင်းသည်ကပင် တော်လှန်ရေး ဖြစ်သည်။

 

ငါးနှစ်ကြာ ကြံ့ကြံ့ခံလာပြီး ဖြစ်၍ ဆက်၍ တောင့်ခံထားနိုင်မည်ဆိုက ကျွန်တော် ပြော ပြောနေသည့် ပြည်သူတို့၏ တရားသော စစ် သည် မုချ အောင်မြင်မှာ မလွဲမသွေ ပင် ဖြစ်လာပေလိမ့်မည်။