အိန္ဒိယသည် စစ်ခေါင်းဆောင် ကို "သမ္မတ" အဖြစ် တလေးတစား ကော်ဇောနီခင်း ကြိုဆိုခဲ့မှုသည် တကယ်တမ်း လက်တွေ့တွင် မင်း အောင်လှိုင် နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း မည်မျှ အထိ အားနည်းနေပြီလည်း ဆိုသည့် အချက်ကို လျစ်လျူရှုရာ ရောက်ခဲ့သည်ဟု အေးရှားတိုင်းမ် စာစောင်တွင် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။
၎င်းအတွက်ကတော့ အရှူံးမရှိ၊ ကော်ဇော်နီ အပေါ် လျှောက်ပြီး မိုဒီနှင့် ဓါတ်ပုံတွဲ ရိုက်ခံရဖို့သည်သာ ၎င်းလိုချင်သည့် အရာများ ဖြစ်သည်။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို သွေးထွက်သံယိုမှု ပေါင်း များစွာ နှင့် အုပ်ချုပ်ခဲ့ပြီး သံတမန်ရေးအရ ဝိုင်းပယ်ခံနေရပြီး ယခုထိ လည်း တရားဝင်မှု (သို့မဟုတ်) အသိအမှတ်ပြုမှုကို မရမက ရှာနေရဆဲဖြစ်သည့် မင်းအောင်လှိုင် အတွက်တော့ အဖိုးမဖြတ်နိုင်သော လက်ဆောင်ကြီး ရသွားသကဲ့သို့ ဖြစ်ခဲ့ရသည်။
မိုဒီ၏ အတွက် အချက်က တော့ ကိုယ်ကျင့်တရား ပိုင်းထက် ကီလိုမီတာ ၁,၆၄၃ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေ သော နိုင်ငံ၊ အရှေ့မြောက်ပိုင်း ပြည်နယ် များ ဖြစ်သည့် မဏိပူရ နှင့် မီဇိုရမ် တို့အတွက် ရေရှည် မတည်ငြိမ်မှုများ ဖန်တီး နိုင်သည့် နိုင်ငံ၊ တရုတ်၏ လက်အောက်ခံ အဖြစ် နှစ်ပေါင်းများစွာကြာအောင် မဟာဗျူဟာမြောက် ကစားကွင်းတကွင်း ဖြစ်လာနေသည့် နိုင်ငံအဖြစ် ရှုမြင်ထားခဲ့သည်။
သို့သော် မိုဒီ အတွက် လွဲနေသည်က မင်းအောင်လှိုင်သည် ၎င်း ဖြစ်စေချင်သည်များကို အလွယ်တကူသဘောတူ လက်မှတ် ရေးထိုး ပေးနိုင်သော်လည်း တကယ်တမ်း လက်တွေ့ ဘာမှ လုပ်မပေးနိုင်သူ တယောက် အပေါ် အလေးအနက် ထားနေခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်၏ ခရီးစဉ်ကနေ ချစ်ကြည်ရင်းနှီးမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း နှင့် သုံးနိုင်ငံ ချိတ်ဆက်အဝေးပြေးလမ်းမကြီး အကောင်အထည် ဖေါ်မည်ဆိုသည့် ကတိကဝတ်တွေလိုမျိုး ရိုးအီနေသည့် စကားလုံးများသာ ကြားခဲ့ရသည်။
လက်တွေ့ တွင်တော့ ထို စီမံကိန်း အစိတ်အပိုင်းအတော်များများသည် ၎င်းတို့၏ အာဏာစက် အောက်တွင် မရှိတော့ဘဲ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားသည့် နယ် မြေ များကို ဖြတ်သန်း သွားရမည် ဖြစ်သည်။
အိန္ဒိယနယ်စပ်တစ်လျှောက် အရေးပါသည့် နယ်မြေများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေသည် ဆိပ်ကမ်းမြို့အဖြစ် အမည်သာ ရှိတော့ပြီး၊ မြို့ပတ်ဝန်းကျင်ရှိ လမ်းမများ၊ မြစ်ချောင်းများနှင့် နယ်စပ်ဒေသ များကတော့ စစ်အုပ်စု လက်လှမ်း မမှီတော့။
ဤသည်က ဟိုက်ဒရာဘတ် အိမ်တော်တွင် နှစ်ဦးသား လက်ဆွဲနှုတ်ဆက် နေကြသူ နှစ်ဦးစလုံး ငြင်းပယ်လို့မရသည့် လက်တွေ့ အမှန်တရားပင် ဖြစ်သည်။ မိုဒီအနေနှင့် ကုလားတန်စီမံကိန်း အမြန်ဆုံးပြီးစီးဖို့ တိုက်တွန်း နေပြီး မင်းအောင်လှိုင်ကလည်း ပူးပေါင်းဆောင်ရွက်ပါမည်ဟု ကတိပေး နေကြသော်လည်း ၎င်းတို့နှစ်ယောက်စလုံး လက်ရှိ အနေအထားကို ပြောင်းလဲ အောင် လုပ်နိုင်စွမ်း မရှိကြပေ။
တချိန်တည်းမှာပင် မိုဒီသည် အိန္ဒိယ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးဖို့ မင်းအောင်လှိုင်၏ ကတိကဝတ်ကို လိုလားနေသည်။ သို့သော် မင်းအောင်လှိုင် လုပ်ပေးနိုင်သည့် နည်းလမ်းသည်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မတရား စစ်မှုထမ်းခိုင်းသူ များအား အသေခံ ခိုင်းဖို့ နှင့် မီးရှို့ဖျက်ဆီးမည့် စစ်ဆင်ရေးများ သာ ရှိနေသည်။ ထိုလုပ်ရပ်များသည် အိန္ဒိယနယ်စပ်ကို တည်ငြိမ်အောင် လုပ်ဆောင်ပေးနေခြင်းမျိုး ဖြစ်မလာဘဲ မီဇိုရမ်နှင့် မဏိပူရပြည်နယ်များထဲ စစ်ဘေးဒုက္ခသည်များ ပို၍ တိုးဝင်လာဖို့သာ ရှိနေသည်။ နယ်စပ်လူထုကြား ဒေါသတရားများ ပိုမိုနက်ရှိုင်းစေကာ၊ အာဏာရူးစစ်တပ်အသိုင်းအဝိုင်းနှင့် အိန္ဒိယကို ပူးတွဲ တရားခံ ဖြစ်သွားစေနိုင်သည်။
အိန္ဒိယသည် ယခုလို အခြေအနေမျိုး အရင်ကလည်း ကြုံတွေ့ခဲ့ဖူးသည်။ ၁၉၄၉ ခုနှစ် လွတ်လပ်ရေးရပြီးစ ဝန်ကြီးချုပ် ဦးနု၏ အစိုးရအဖွဲ့ သူပုန်ထမှုများကြောင့် ပြိုလဲလုနီးပါး ဖြစ်နေချိန်တွင် ဂျာဝါဟာလာ နေရူး သည် ရန်ကုန်ရှိ ဗဟိုအစိုးရထံသို့ အရေးပါသည့် ကူညီပံ့ပိုးမှုတွေ ပေးခဲ့ဖူးသည်။
၂၀၂၆ သည် ၁၉၄၉ မဟုတ်။ ထိုစဉ်က ဦးနုသည် ကိုလိုနီခေတ်လွန် လွတ်လပ်ရေးရခါစ နိုင်ငံသစ်ကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရသည့် အရပ်သားခေါင်းဆောင်တဦး ဖြစ်သည်။ မင်းအောင်လှိုင်သည်က မြန်မာနိုင်ငံ၏ လက်ရှိ ပျက်စီးပြိုလဲမှုကို ဖန်တီးခဲ့သူ ဖြစ်သည်။ ၎င်းသည် ပြည်သူလူထုက တခဲနက် ရွေးကောက်တင်မြှောက်ထားသည့် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချပြီး အာဏာမသိမ်းခင်က ရှိခဲ့သည့် နိုင်ငံရေးစနစ်ကို ဖျက်ဆီးခဲ့သူဖြစ်သည်၊ ယခု အခါမှာတော့ ဒီပြဿနာကို သူတဦးတည်းသာ ဖြေရှင်းနိုင်သူအဖြစ် သတ်မှတ်ဆက်ဆံပေးဖို့ အိမ်နီးချင်းနိုင်ငံများကို တောင်းဆိုနေသူ ဖြစ်သည်။ (လက်ရှိ ဖြစ်ပျက်နေမှုများသည် ၎င်း နှင့် မဆိုင်သည့်အလားပင် တိုင်းပြည်၏ အေးချမ်းဖို့ မြတ်ဗုဒ္ဓထံတွင် အရှက်မရှိ ဆုတောင်းခဲ့သူ လည်း ဖြစ်သည်။)
မင်းအောင်လှိုင်အတွက်တော့ အိန္ဒိယ ခရီးစဉ်သည် ၎င်းကို ထောက်ခံသူများ အတွက် နိုင်ငံရေးပရိယာယ်တခုအဖြစ် ဟန်ပြ ဖန်တီးထားသည့် မျှော်လင့်ချက်ကုန်ဆုံးနေသူတဦး၏ ခြေလှမ်းတရပ်သာ ဖြစ်သည်။ ၎င်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် အသက်ဆက် ပေးနိုင်မည့် သူမှန်သမျှကို တိုင်းပြည်၏ အချုပ်အခြာအာဏာကို လိုက်လံလေလံပစ် ထိုးကျွေး နေခြင်းသာ ဖြစ်သည်။
တရုတ်နိုင်ငံကို ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မြစ်ဆုံဆည်စီမံကိန်းတို့ဖြင့် ဆွဲဆောင်နေပြီး၊ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း၊ အိန္ဒိယကိုတော့ နယ်စပ်လုံခြုံရေး၊ ကုလားတန်စီမံကိန်းနှင့် မြေရှားသတ္တု တူးဖော်ရေးဆိုင်ရာ သဘောတူညီချက်တွေအထိပါ ကမ်းလှမ်းပြီး မြှူဆွယ်နေသည်။
မြန်မာ ပိုင်နက် ကို အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်သည့် လုပ်ရပ်များ အသုံးချခွင့်ပြုမည် မဟုတ်ဟု နယူးဒေလီအစိုးရကို အာမခံခဲ့ခြင်းသည်၊ တကယ်တမ်း ငွေထုတ်ယူ၍ မရသည့် ချက်လက်မှတ်တ စောင်ကို ရေးပေး လိုက်ခြင်းမျိုးသာ ဖြစ်သည်။
စစ်ဗိုလ်ချုပ် အဆက်ဆက်သည် အပေးအယူလုပ်နိုင်စွမ်း ပိုမိုရရှိဖို့အတွက် ပထဝီဝင်အနေအထားကို အသုံးချလေ့ရှိခဲ့ကြသော်လည်း မင်းအောင်လှိုင် အဖို့ကတော့ ယခင် စစ်အာဏာရှင်ဟောင်းများ အားလုံးနှင့် ယှဉ်လိုက်လျင် နယ်မြေစိုးမိုးမှုနဲ့ တရားဝင်မှု (သို့မဟုတ်) အသိအမှတ်ပြုခံရမှု အနည်းဆုံးဖြစ် နေသူ ဖြစ်သည်။ စာရွက်ပေါ်မှာသာ လုပ်ပိုင်ခွင့်များ ကမ်းလှမ်းနိုင် သော်လည်း လက်တွေ့အကောင်အထည်ဖော်ပေးနိုင်ဖို့ကိုတော့ အာမ မခံနိုင်သူ ဖြစ်သည်။
အိန္ဒိယ ခရီးစဉ်သည် ၎င်းအား တရုတ်၏ လွှမ်းမိုးချုပ်ကိုင်မှု အောက်မှ ရုန်းထွက် နိုင်မည်လည်း မဟုတ်။ ဘီဂျင်းသည် မြန်မာတွင် အိန္ဒိယ၏ တရားဝင်အကျိုးစီးပွားများ ရှိနေသည်ကို နားလည်ထား သော်လည်း ၊ နယူးဒေလီ သည် ရခိုင်ပြည်နယ်အတွင်းမှာဖြစ်စေ၊ အရေးကြီးသတ္တုတွင်းကိစ္စရပ် များ တွင် ဖြစ်စေ၊ သို့မဟုတ် နယ်စပ်ဖြတ်သန်းခွင့်ကတဆင့်ဖြစ်စေ အသာစီးရလာမည့် အခြေအနေမျိုး ရှိ၊ မရှိကိုတော့ အနီးကပ် စောင့်ကြည့်သွားမည်သာ ဖြစ်သည်။
အကယ်၍ အိန္ဒိယ သည် ကုလားတန်စီမံကိန်း အောင်မြင်ဖို့အတွက် နေပြည်တော်အစိုးရ အပေါ်သာ ပုံအောပြီး ကြိုးပမ်းမည်ဆိုက ကျရှုံးမည်သာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ရက္ခိုင့်တပ်တော် (AA) နှင့် အမှန်တကယ် ဩဇာလွှမ်းမိုးမှုရှိမည့် ဆက်ဆံရေးမျိုး တည်ဆောက်မည် ဆိုလျင်လည်း၊ ဘီဂျင်းသည် ၎င်းရှိ အားသာချက်များကတစ်ဆင့် တန်ပြန်ဖိအားပေးတာမျိုး လုပ်လာနိုင်သည်။ အိန္ဒိယနှင့် တရုတ်ကို အပြန်အလှန် ထိန်းကျောင်းကစားခြင်းဟု ကွယ်ရာတွင် လူအထင်ကြီးအောင် ပြောဆိုနေသော်လည်း လက်တွေ့ တွင်တော့ ၎င်းတို့၏ စစ်ရေးဆိုင်ရာ ပြဿနာများထဲက တခုကိုမှ ဖြေရှင်း ပေးနိုင်မည် မဟုတ်ပေ။
ယခုအခါ အိန္ဒိယသည် နေပြည် တော်ရှိ စစ်အာဏာပိုင်အဖွဲ့ကို နိုင်ငံ၏ တရားဝင် အစိုးရအဖြစ် သတ်မှတ်ဆက်ဆံ နေသည့် တရုတ်၏ မြန်မာ မူဝါဒ အမှား နောက် လိုက်မိမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ဘီဂျင်းသည် နေပြည်တော်အစိုးရအပေါ် အမြောက်အမြား ရင်းနှီးမြှုပ်နှံထား သော်လည်း တဖက်တွင် အရင်းအမြစ် များ နှင့် ကုန်သွယ်လမ်းကြောင်းများ ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းနေရဆဲ ဖြစ်သည်။
အိန္ဒိယသည် တရုတ်၏ အမှားမျိုးကို ထပ်မံ မကျူးလွန်သင့်။ နယူးဒေလီ တွင် တရုတ်ဘက်က မည်သို့မျှ မပေးစွမ်းနိုင်သည့် အရာတခု ရှိနေသည်။ ဤသည်က ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ အတွေ့အကြုံပင် ဖြစ်သည်။
သို့သော် မင်းအောင်လှိုင်၏ ခရီးစဉ် ကြောင့် အိန္ဒိယ၏ ပုံရိပ်သည် ထိခိုက်နစ်နာသွားခဲ့ရသည် နှင့် အတူ အိန္ဒိယ၏ ဒီမိုကရေစီအရေး ပြောဆိုချက်များသည် နယ်စပ်မှာတင် ရပ်တန့်သွားသည် ဆိုသည်ကို မြန်မာပြည်သူများအား အသိပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း နယူးဒေလီသည် ၎င်းတို့လိုအပ်နေသည့် လမ်းကြောင်းများကို လက်ရှိ ထိန်းချုပ်ထားသည့် နိုင်ငံရေးအရ အရေးပါသူများအဖြစ် မရှုမြင်ဘဲ၊ အဟန့်အတား လုပ်နေသည့် သောင်းကျန်းသူများ အဖြစ် ရှုမြင်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ရလဒ်အနေနဲ့ အိန္ဒိယ အဖို့ ဘာအာမခံချက်မှ ရေရေရာရာ ပြန်မရခဲ့ဘဲ၊ မင်းအောင်လှိုင်အတွက်တော့ ပြည်တွင်းမှာ ဝါဒဖြန့်စရာ အောင်ပွဲတခုကို လက်ဆောင်ထည့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်သာ အဖတ်တင်သွားခဲ့သည်ဟု ရေးသားထားသည်။
မိမိ အမြင်အရ စာတကြောင်းတည်း နှင့် သုံးသပ်ရလျင် မိုဒီ သည် မြန်မာ ပြည်သူများအား မြောက်ကိုရီယား နိုင်ငံသားများ နှင့် တတန်းစား တည်း ထားလိုက်ခြင်းသာ ဖြစ်သည်။
စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး သည်လည်း မင်းအောင်လှိုင်၏ အိန္ဒိယ ခရီး စဉ် နှင့် ပတ်သက်၍ ရှင်းလင်းချက် ပေးရန် ဆင့် ခေါ် ခံရ၍ ဘီဂျင်းသို့ ရောက်ရှိနေသည်ဟု သိရသည်။
Who looks outside dreams; who looks inside awakes.
Carl Jung
“အပြင်ဘက်သို့ ကြည့်သူသည် အိပ်မက်မက်တတ်ပြီး၊ မိမိကိုယ်ကိုယ် (အတွင်းစိတ်) သို့ ငုံ့ကြည့်သူသည်သာ နိုးကြားလာတတ်သည်။”
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!